တူဖြစ်ရင်နှံ၊ ပေဖြစ်ရင်ခံ
(၁)
လူတစ်ယောက်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်း နိမ့်ကျ အောင် ပြောင်လှောင် စော်ကား ခြင်းသည် လွန်စွာမှ မခံ မရပ် နိုင်ဖွယ် ကိစ္စ ဖြစ်သော်လည်း ဖော်ကျူနေတို အား ကျွန်ုပ် အကြိမ်ကြိမ် အခါခါ သည်းညည်း ခံခဲ့ ပါသည်။ သို့သော် သည်းခံခြင်း ကား အတိုင်း အတာ တစ်ခု အထိသာ။ ဆွေစဉ် မျိုးဆက် အမြတ် တနိုး ဂုဏ်ယူ ခဲ့ကြရသော ကျွန်ုပ်၏ မျိုးရိုး အမည် နာမ ကို နှိမ့်ချ ပြက်ရယ်ပြု စော်ကား လာသည့် အခါ မတော့ ဒင်း အပေါ် သည်းခံ နိုင်စွမ်း ကုန်ဆုံး ခဲ့ချေ ပြီ။ လက်တုံ့ ပြန်ခြင်း၊ ကလဲ့စား ချေခြင်း သည် ကောင်းသော အရာ မဟုတ်မှန်း လူ တိုင်း သိကြ သော်လည်း သည် တစ်ကြိမ် မှာတော့ စိတ် အလိုကို ကျွန်ုပ် မလွန်ဆန် နိုင်ပါ။
သို့သော် ဒင်းကို တုံ့ပြန် လိုက်ရ၍ ဖြစ်လာ လတ္တံ့သော နောက်ဆက်တွဲ ပြဿနာ များကို လည်း ကျွန်ုပ် အလို မရှိ။ ကလဲ့စား မချေ ရလျှင် လည်း သည် တသက် ကျွန်ုပ် အနေဖြောင့် နိုင်မည် မဟုတ်။ သည်တော့ ဒီကိစ္စကို သတိ ကြီးစွာ၊ အမှား ကင်းစွာ၊ ဖြည်းဆေးစွာ၊ သွေးအေးစွာ ဖြင့် ကျွန်ုပ် ဆောင်ရွက် ရတော့ မည်ပေါ့။ ဖော်ကျူနေတို ကတော့ သူ့ရဲ့ နှုတ် သရမ်းမှု တွေကို ဘဝနဲ့ ရင်းပြီး ခါးစည်း ခံပေ ဦးတော့။ ကျွန်ုပ်အား ဆံခြည် တစ်မျှင် မျှပင် သံသယ ဝင်၍ မဖြစ်။ သူ့ အပေါ် အကြံ ဆိုးကြီး တစ်ခု ကြံစည် နေသည် လို့ သူ နည်းနည်းမှ သံသယ မဝင် စေရ။ ကျွန်ုပ် သည် သူ့အား ခါတိုင်း ကဲ့သို့ ပြုံးပြုံးလေး ဆက်ဆံသည်။ ဖော်ရွေ လှိုက်လှဲစွာ ပေါင်းသင်းသည်။ အချိန်ကောင်း အခါကောင်းကို စောင့်သည်။ ထင်းခွေ မကြုံ၊ ရေခပ်တော့ ကြုံရ လိမ့်မည်ပေါ့။ ကျားကိုးစီး စားမကုန်အောင် သန်မာ တောင့်တင်း သည့် ဖော်ကျူနေတို တွင် ပျော့ကွက် ဟု ဆိုရ လောက်သည့် အချက် တစ်ခု ရှိ ပေသည်။ သူ့ ကိုယ်သူ ဝိုင် အရက် များကို အကဲဖြတ် ရာတွင် ဆရာ တစ်ဆူ ဟု ထင်နေခြင်း ပင်။ ကျွန်ုပ်၏ အကြံ အောင်ရန် အတွက် ထို အချက် ကိုပင် အသုံး ပြုရ တော့မည်။ ဒီ အတော အတွင်း ရနိုင် သလောက် ဝိုင်တွေကို ဝယ်ထား လိုက်သည်။
(၂)
ကျွန်ုပ် မျှော်လင့် စောင့်စား နေခဲ့သော အချိန် ရောက်လာ ပေပြီ။ ကာနီဗယ် ပျော်ပွဲ ရာသီ၏ မှောင်မိုက် လှသော ည တစ်ညဝယ် ဖော်ကျူနေတို နှင့် ဆုံမိ၏။ ကျွန်ုပ်ကို အူလှိုက် သည်းလှိုက် စကားများ ပြောဆို နေ ကတည်းက ဒင်း ရေချိန် လွန်နေပြီ ဆိုတာကို သိလိုက် ရ၏။ ခါတိုင်းများ ဆိုလျှင် ကျွန်ုပ်ကို ရစရာ မရှိအောင် ချိုးချိုး ဖဲ့ဖဲ့ ပြောဆို ရမှ စားဝင် အိပ်ပျော် လေ့ ရှိသူတည်း။ကာနီဗယ် ပွဲတော် နွှဲပျော် ဖို့ အတွက် အရောင် ကြေင်ကျား ဝတ်စုံကြီး ကို ကို့ရို့ ကားယား ဆင်မြန်း ထားပြီး ခြူကလေးများ ပါသော ဦးထုပ်ကြီး ဆောင်းထားသည့် ဖော်ကျူနေတိ မြင်ရတာ လောက် တသက်နဲ့ တကိုယ် နှစ်ထောင်း အားရ ဖြစ်ရတာ မရှိ။ ကျွန်ုပ် စိတ်ထင် သူ့ လက်ကို အခါ တစ်ထောင် လောက် လက်ဆွဲ နှုတ်ဆက် နေမိ သလား မသိ။
“ချစ်ဆွေကြီ ဖော်ကျူနေတို၊ တွေ့ရတာ ဝမ်းသာ လိုက်တာဗျာ။ ဒီမယ်- ခင်ဗျားကို ကျုပ် ပြောစရာ တစ်ခု ရှိသဗျ။ အေမွန်တီလာဒို ဝိုင် တစ်စည် ကျုပ် ရထားတယ်။ အဲဒါ စစ်,မစစ် သံသယ ဖြစ်နေလို့”
“မင်း ဘာပြောတယ်- အေမွန်တီလာဒို ဝိုင်… ဟုတ်သလား၊ ထွီ၊ မင်း သောက်ရူးပဲ၊ ကာနီဗယ် ပွဲတော်လို ကာလ မျိုးမှာ သိရှားတဲ့ နှစ်ချို့ ဝိုင် ရထားတယ်၊ ဟုတ်စ၊ ရူးပါပေ့ကွာ”
“ဒါကြောင့် ကျုပ် ပြောတာ ပေါ့။ ဒီ ဝိုင်ဟာ အေမွန်တီလာဒို ဟုတ်,မဟုတ် သံသယ ရှိပါတယ် လို့၊ ဒီ ဝိုင် စည်ကို ကျုပ် ဝယ်တဲ့ အချိန်မှာ ခင်ဗျားနဲ့ မတွေ့တော့ အခက်သား ကလား။ ဘာပဲ ဖြစ်ဖြစ်၊ စစ်,မစစ် တော့ အစစ်ဆေး ခိုင်းရ ဦးမှဘဲ”
“အဲဒီတော့ မင်း ဘယ်သူ့ကို စစ်ဆေး ခိုင်း မလို့ တုန်း”
သူ့ကိုယ်သူ ဝိုင် ပါရဂူ ဟု ယူဆ ထားသော ငနဲသားက မလိုတမာ လေသံဖြင့် မေး၏။
“အစ ကတော့ ခင်ဗျားကို စစ်ခိုင်း မလို့ဘဲ၊ အခု ကြည့်ရတာ ခင်ဗျားက ပွဲတော် သွားမယ့် ပုံ ဆိုတော့ ကျုပ် လူချီရီစီ ဆီကိုပဲ သွားလိုက် ပါတော့ မယ်လေ”
“မင်း အသာနေစမ်း၊ လူချီရီစီ ဆိုတဲ့ သောက်ရူးက ဝိုင်နဲ့ ချက်အရက် တောင် ခွဲခြား သိတဲ့ အကောင် မဟုတ်ဘူး။ အေမွန်တီလာဒို ဆိုတာတော့ ဝေးပေါ့ကွာ။”
“ဒါပေမယ့် အတော် များများကတော သူက ဝိုင်နဲ့ ပတ်သက် လာရင် ပါရဂူ..ဂူ”
ကျွန်ုပ် စကား ဆုံးအောင် မပြော လိုက်ရခင် သူ၏ ကြမ်းတမ်းစွာ ဆွဲခေါ် ခြင်းကို ခံရ လေ၏။
“မိတ်ဆွေကြီး၊ ဒါက ဘယ်ကို”
“မင့် ရဲတိုက် ကိုလေကွာ၊ သွားစို့၊ အေမွန်တီလာဒို ဟုတ်,မဟုတ် ငါက လွဲလို့ ဘယ်ကောင် သိနိုင် မတဲ့တုန်း”
“မဟုတ်သေးဘူး မိတ်ဆွေကြီး၊ ခင်ဗျားလည်း ပွဲတော် သွားဖို့ တန်းလန်းကြီး၊ ပြီးတော့ ကျုပ် အရက် ထားတဲ့ မြေအောက်ခန်း ကိုလည်း ခင်ဗျား မရောက်ဖူး လို့နော၊ အခုလို ညကြီး မင်းကြီး မပြောနဲ့၊ နေ့ခင်း ကြောင်တောင် မှာ တောင် အရိုး စိမ့်အောင် အေးတာဗျ”
“သောက်စကား မရှည် စမ်းနဲ့ကွာ၊ အေးအေး မအေးအေး၊ မင်းအပူ တစ်ပြားမှ မပါဘူး။ ငါက သွားမယ် ဆို သွားမယ်ပေါ့”
(၃)
ကောင်းလှ ပါသည်။ သိပ်ကို ကောင်း ပါသည်။ အူမြူး နေသော စိတ်ကို အသာ ထိန်း၍ ဇာပုဝါ မျက်နှာဖုံးကို အသာချ၊ ဝတ်လုံ ရှည်ကြီးကို လုံအောင် စေ့ပြီး ဒငှ်းဆွဲခေါ်ရာ နောက်သို့ အသာ လိုက်ရ သည်ပ။ ဦးတည်ရာကား ကျွန်ုပ်၏ နန်းတော် တမျှ ကြီးမား ခမ်းနား လှသော ရဲတိုက် စံအိမ်ကြီး။ကြယ်ရောင် မှိတ်တုတ် အောက်ဝယ် ကျွန်ုပ်၏ ရဲတိုက် အိုကြီး တည်ရှိ နေပုံက ငုတ်တုတ် ထိုင်နေသော တစ္ဆေကြီး တစ်ကောင် အလား။ ဤ အချိန် ဆိုလျှင် စံအိမ်တွင် လူ မဆို ထားနှင့်၊ ခွေး တစ်ကောင် ကြောင် တမြီးပင် ရှိမည် မဟုတ်။ ညနေပိုင်း ကတည်းက စံအိမ်ရှိ အစေခံ အားလုံးကို ကျွန်ုပ် ညလုံးပေါက် ကာနီဗယ် ပွဲတော်သို့ သွားရောက် လည်ပတ်မည် ဖြစ်သောကြောင့် အိမ်ကို ကြပ်ကြပ် မတ်မတ် စောင့်ကြရန် မှာကြား ခဲ့ပြီး ဖြစ်သည်။ အခုလောက် ဆိုလျှင် သခင့် စကားကို မြေဝယ် မကျ နားထောင်သော ကျွန်ုပ်၏ အစေခံများ ကား ပွဲတော်ဝယ် လူမှန်း သူမှန်း မသိ လောက်အောင် မူးရူး နေပေ တော့မည်။ အလွန်တရာ ကြီးမား လေးလံ လှသည့် သော့ဂလောက်ကြီး ကို ဖွင့်ပြီး ရဲတိုက် ထဲသို့ ကျွန်ုပ်တို့ နှစ်ဦး ဝင်ရောက် လာသည်။ အမှန် တကယ် လည်း အိမ်ထဲတွင် လူဆို၍ ကျွန်ုပ်တို့ နှစ်ဦးသာ ရှိ၏။ တိတ်ဆိတ် ငြိမ်သက် လိုက်သည်မှာ လည်း သော့ဖွင့်သံ ပင် ကမ္ဘာ ပျက်မတတ် ကျယ်လောင် လှ၏။ ကဲ-ခွင့်သာ ခိုက်မှ မလိုက် ချင်လျှင် အမိုက် နင့်ပြင် ရှိသေး လိမ့်လား။နံရံတွင် ချိတ်ဆွဲ ထွန်းညှိ ထားသော မီးတိုင်ကြီး များအနက် နှစ်ခုကို ကျွန်ုပ် ဖြုတ်ယူ လိုက်ပြီး ဖော်ကျူနေတို ကို တစ်ခု ကမ်းပေး လိုက်သည်။ ဝင်္ဂဘာ သဖွယ် အကွေ့ အကောက် များနှင့် မဲမှောင် အေးစက်သော လမ်းများကို ဖြတ်သန်း လာရင်း နောက်ဆုံး မှာတော့ မြေအောက် ဂူသို့ သွားရာ လမ်း၏ တံခါးဝသို့ ရောက်လာ ခဲ့ချေပြီ။ မြေအောက်ဂူ၊ မြေအောက်ခန်း၊ မြေအောက် ကမ္ဘာ၊ ဘယ်သို့ ဆိုစေ ဤ နေရာသည် ကျွန်ုပ်တို့ မွန်ထရီဇာ မိသားစု၏ ဆွေစဉ် မျိုးဆက် သင်္ချိုင်းဂူ ဗိမာန်ကြီး ပင်တည်း။ ဘယ့်နှယ့်တုန်း၊ မင်း လုပ်ရဲရဲ့လား- ကျွန်ုပ် ကိုယ့်ကိုယ်ကို ပြန်မေး ကြည့် မိ၏။ မလုပ်ရဲ စရာ အကြောင်း မရှိ။ ဒီ အကြံ အစည်မျိုး ရတာ ကိုက ဖရဏာ ပီတိ၊ ဂွမ်းဆီ ထိစရာ။ ဖော်ကျူနေတို မှာ အမူး လွန်ပြီး ဒယိမ်း ဒယိုင် ဖြစ် နေသည်။ လူကြမ်း၊ လူရမ်း၊ လူပေ၊ လူတေ၊ လူ့အန္တ၊ လူ့ဗာလ ဆိုတော့ မြေအောက် ဆင်းရမှာ ကြောက်လို့ တော့ ဟုတ်ဟန် မတူ။
“မိတ်ဆွေကြီး၊ ဖြစ်ရဲ့လား၊ အောက်မှာ သိပ်အေး တယ်နော်၊ ခင်ဗျား ကြည့်ရတာ သိပ်လည်း ကျန်းမာပုံ မရဘူး။ ကဲပါ- ကျုပ်တို့ မဆင်းဘဲ နေကြတာ ကောင်းမယ် ထင်ပါရဲ့ ဗျာ။ စိတ်စွဲကလေး ပျောက်သွား အောက်တော့ လူချီရီစီ ဆီပဲ ကျုပ် သွားလိုက် ပါ့မယ်”
“ဟေ့ ဒီလောက် ကလေးနဲ့ ငါ မသေ နိုင်ဘူးကွ။ သွားမှာသာ သွားစမ်း”
ဂူဝရှိ အေးစက် နေသော မြေသား မွမွ ကြားဝယ် အသင့် မြှုပ်နှံ ထားသော အရက် တစ်လုံးကို ကျွန်ုပ် ဖွင့်လိုက်သည်။
“မိတ်ဆွေကြီး၊ အချမ်းပြေ ကလေး ချလိုက် ဦးဗျ”
အရက် ပုလင်းကို မော့သောက်ရင်း ဖော်ကျူနေတို သည် ကျွန်ုပ်ကို စွေစောင်း ကြည့်ရင်း-
“ငါတို့ နံဘေးမှာ ရှိတဲ့ သေခြင်း တရား အတွက်နဲ့ မင်းရဲ့ အသက်ရှည် ကျန်းမာရေး အတွက်”
လို့ ဆုတောင်း ပေးနေ သေးသည်။ ကျွန်ုပ်တို့သည် ဂူ အတွင်း ဆက်လက် လျှောက်လာ ကြရင်းက-
“သောက်ကျိုးနဲ ကြီးတဲ့ ဂူ သင်္ချိုင်းကြီးကွ၊ နော်”
ဘေးဘီကို လှည့်ပတ် ကြည့်ရင်း သူက ပြောလေ၏။ ကျောလည်း အနည်းငယ် ချမ်းလာပုံ ပေါ်သည်။
“မွန်ထရီဇာ မိသားစု ဆိုတာ မျိုးနဲ့ ရိုးနဲ့ ကြီးကျယ် ခမ်းနားပြီး ဒီအတွက် လည်း အမြဲ ဂုဏ်ယူ ဝင့်ကြွား နေတဲ့ မိသားစု ဗျ။ ဒီလောက်က အကင်း ရှိသေးတာ”
သူ့ထံမှ တုံ့ပြန်သံ မကြားရ၊ ငြိမ်သက်လျှက် ရှိသည်။ သူ့ မျက်လုံး များမှ တောက်ပ လာသော အရောင်နှင့် စည်းချက် မှန်မှန် ထွက်ပေါ် လာသော ဦးထုပ်မှ ခြူသံ လေးတွေကြောင့် ဝိုင်တန်ခိုး ပြနေမှန်း ကျွန်ုပ် သိလိုက်၏။ မြေအောက် လှိုဏ်ဂူ သည် နက်သထက် နက်၍ လာသည်။ အအေးဓာတ် သည်လည်း ပိုသည် ထက် ပို၍ လာ၏။ ဖော်ကျူနေတို သည်လည်း မူးသည် ထက် ပိုမူး၍ လာ၏။ မြေအောက် အနက်ပိုင်းသို့ ရောက်လာချိန် မတော့ လူအရိုးများဖြင့် အတိ ပြီးသော အရိုး နံရံကြီး နှစ်ဖက်ကြားမှ လမ်းကလေး အတိုင်း ဖြတ်လျှောက် လာကြရသည်။
“ဟေ့ကောင်၊ ဘယ့်နှယ် သောက်ကျိုးနဲ အရိုး တွေချည်း ပါလားကွ”
သူ့ အသံကြီးက ကတုန်ကယင်၊ ဒင်း ကြောက်နေ ပေပြီ။
“အေးလေ၊ ဂူသင်္ချိုင်းပါလို့ ဆိုနေမှ အရိုး ချည်းပဲပေါ့ဗျ၊ ဒါတောင် ကျုပ်တို့ မိသားစုရဲ့ အစေခံ တွေရဲ့ အရိုးပဲ ရှိသေးတယ်”
လှိုဏ်ဂူ ခေါင်မိုးမှ ရေစက် ရေပေါက်များ ယိုစိမ့်လျှက် ရှိသည်။
“ကဲ-မိတ်ဆွေကြီးရေ၊ ကျုပ်တို့ အခု ရောက်နေတဲ့ နေရာဟာ မြစ်အောက် တည့်တည့် ပဲဗျ၊ အမိုး ကရော၊ အရိုးတွေ ကြားကပါ ရေတွေ စိမ့်ထွက် နေတာ တွေ့တယ် မဟုတ်လား၊ ကဲပါ၊ ပြန်ကြ ပါစို့၊ ခင်ဗျား အကြီးအကျယ် နေမကောင်း ဖြစ်လိမ့် မယ်နော”
“ငါတို့ ရှေ့ဆက် သွားမယ်”
ဖော်ကျူနေတို က ဆုံးဖြတ် ပြီးသော အသံဖြင့် ပြတ်ပြတ် ပြော၏။
“အရက် တစ်ပုလင်းလောက် ဖောက်ဦးကွာ၊ အေးလိုက်တာ လွန်ရောဟေ့”
သောက်ပါ။ သောက်စမ်းပါ။ ဒင်း ဘယ်လောက် သောက်နိုင်မလဲ၊ လူမှန်း သူမှန်း မသိ အောင်တော့ မဖြစ် စေချင်။ သူ နောက်ဆုံး ဘာဖြစ် သွားသလဲ ဆိုတာ သူ ကိုယ်တိုင် ရှင်းရှင်း လင်းလင်း သိစေချင် သေးသည်။ ဒါမှ အရသာ ရှိတော့ မပေါ့။ ဝိုင် တစ်ပုလင်း ဖောက်ပေး လိုက်သည်။ သူက တစ်စက် မကျန် သောက်ချ လိုက်ပြီး အသံနက်ကြီးဖြင့် တဟီးဟီး လုပ်၍ နေ၏။ နောက်ဆုံး မတော့ လှိုဏ်ဂူ၏ အနက်ဆုံး အပိုင်းကို ကျွန်ုပ်တို့ ရောက်ရှိ လာကြသည်။ အေးစက်၍ စိုထိုင်းသော လေကြောင့် ကျွန်ုပ်တို့ ကိုင်ဆောင် လာသော မီးတိုင် နှစ်ခု ငြိမ်းလုလု။ မှုန်တိမှုန်မွှား အလင်းရောင် အောက်ဝယ် ကျောက်သား နံရံ အပိတ်ကြီး ကို ကျောပေးလျှက် ရှိသော လူ တစ်ကိုယ်စာ လေးထောင့် စပ်စပ် အခန်းငယ် ကလေး တစ်ခန်း၊ အနှီ အခန်း၏ နှစ်ဖက်သော နံရံ တို့သည် နှစ် ပရိစ္စေတ ကြာညောင်း လှစွာ ကတည်းက ရှိနေပြီး တစ်ခု နှင့် တစ်ခု ဆက်လု နီးနီး ဖြစ်နေသော လူရိုးများ ဖြင့် ပြုလုပ် ထားသည်။ စတုတ္ထ နံရံ သည်ကား အရိုးများ ဆွေးမြေ့ ပြိုကျ၍ ဝင်ပေါက် သဖွယ် ဖြစ်နေ လေသည်။ အလင်းရောင်က အားနည်း လွန်းလှ သဖြင့် နောက်က ကျောက်သား နံရံမှာ မပီဝိုးတဝါး။
“ဝင်သွားပါ၊ အဲဒီ အထဲမှာ အေမွန်တီလာဒို ရှိနေတယ်၊ မဝင်ရဲရင်တော့ လူချီရီစီ ကိုပဲ ကျုပ် သွားခေါ် ရလိမ့်မယ်”
“တော်စမ်း ပါကွာ၊ ဒီလောက် အထိ လာပြီးမှ ဘာကြောင့် ငါက မဝင်ရဲရ မှာလဲ”
ယိမ်းထိုး နေသော ခန္ဓာကိုယ်ကြီးကို အနိုင်နိုင် ထိန်းရင်း အရိုးစု အခန်းကလေး အတွင်းသို့ သူ ဝင်သွား၏။ ကျွန်ုပ်လည်း နောက်မှ အသာ လိုက်ဝင် သွားပြီး သူ ဘာမှ မတုံပြန် နိုင်မီ လျှင်မြန်စွာဖြင့် နံရံတွင် အသင့် မြှုပ်နှံ ထားသော သံကွင်း များဖြင့် သူ့ လက်အစုံနှင့် ခြေထောက် နှစ်ဖက်ကို ချည်နှောင် လိုက်တော့သည်။
“ကဲ-ဖော်ကျူနေတို ။ နံရံက ကျနေတဲ့ ရေစက် ကလေး တွေကို အရသာ ခံစမ်း။ မင်း ဒီအထဲ မှာပဲ နေရစ်တော့ ငါ့လူရေ။ ငါ အပေါ် ပြန်မတက်ခင် လုပ်စရာ ရှိတာလေး တွေတော့ လုပ်ခဲ့ ဦမယ်။ အပေါ် ပြန်ရောက် ဖို့တော့ မစဉ်းစား နဲ့တော့၊ ကြားလား၊ ငါ့လူ”
“ဟေ့ကောင်၊ ဘယ်မှာလဲ အေမွန်တီလာဒို ”
ကျွန်ုပ်လည်း သူ့ကို စကား ပြန်ပြော မနေတော့၊ ကြိုတင် စီမံ ထားသော အုတ်၊ အင်္ဂတေ တို့ဖြင့် အခန်း ပေါက်ဝ ကို အသေ ပိတ်ပစ်ဖို့ စီမံရင်း အလုပ် များနေသည်။ အချိန် တရွေ့ရွေ့ ကုန်ဆုံး သွားသည်။ နံရံသည် တဖြည်းဖြည်း မြင့်တက် လာသည်။ ဖော်ကျူနေတို သည်လည်း အမူး ပြေစ ပြု၍ လက်ရှိ ပစ္စက္ခ အခြေအနေ ကို သဘော ပေါက်စ ပြုလာသည်။ အရက် ကြောင့် ဖြစ်သော ခွန်အားများ၊ ရဲတင်းမှုများ၊ သူ့ အပါးမှ ဖယ်ခွာစ ပြုချေပြီ။ တဟီးဟီး အော်ကြီး ဟစ်ကျယ် ငိုကြွေး နေ၏။ သနားစရာပင် ကောင်းသေးတော့သည်။ မီးတိုင် တစ်တိုင် ထွန်းညှိပြီး နံရံတွင် ချိတ်ထား လိုက်၏။ လင်းလင်း ချင်းချင်း ဒင်း မျက်နှာကို တွေ့ချင် သေးသည်။ ရုတ်တရက် အသံဆိုး၊ အသံနက် ကြီးဖြင့် အော်ကြီး ဟစ်ကျယ် ငိုချ လိုက်သောကြောင့် ကျွန်ုပ်မှာ လန့်ဖြန့်၍ တုန်တက် သွား၏။ စိတ်ထွက် လာသည်နှင့် သူ့ထက် ကျယ်သော ငိုကြွေး သံကြီး အော်ပြ လိုက်ရာ ဒင်း ငြိမ်သွား ပြန်သည်။သန်းခေါင် ရောက်လုပြီ။ ကျွန်ုပ် အလုပ်လည်း ပြီးလု နီးပါး လက်စ သတ်နေပြီ ဖြစ်သည်။ နောက်ဆုံး ကျောက်တုံးကြီး တစ်တုံးသာ ပိတ်ရန် ကျန်တော့သည်။ အခန်းတွင်းမှ မျှင်းမျှင်း သွဲ့သွဲ့ ရယ်မောလိုက်သည့် အသံကြောင့် ကျွန်ုပ် ခေါင်း နဘန်း ကြီးသွား၏။ ကြက်သီး မွှေးညှင်းများ ဖျင်းကနဲ ထသွားသည်။ ဒီအကောင် ရူးများ သွားပြီလား။ သူ့ကို မရူး စေချင်ပါ။ အကြောက်တရား၏ အရသာကို ဒင်းအား အဆုံးစွန် အထိ ခံစား စေချင် သေးသည်။ တူ ဖြစ်စဉ်က ကျွန်ုပ် အပေါ် ဒင်း နှံ ထားသမျှ အခု သူ့အလှည့်၊ သူ့အပေါ် ကျွန်ုပ် ဘာလုပ်လုပ် တရား သည်ပဲ။ အခန်း အတွင်းမှ အက်ကွဲကွဲ အသံ တစ်သံ ထွက်လာသည်။ ဖော်ကျူနေတို အသံဟု ကျမ်းကျိန် ပြောလျှင်ပင် ယုံနိုင်ဖွယ် မရှိ။
“ဆီညော် မွန်ထရီဇာ ရယ်၊ ကျီစားတာ တော်လောက် ရောပေါ့ ခင်ဗျာ၊ ခု ခင်ဗျားရော၊ ကျွန်တော်ရော ချမ်းလှပြီ၊ အပေါ် ပြန်တက် ကြပါစို့ လား”
လာလာ ချေသေးသည်၊ ဒင်းကများ မယားငယ်သံလေးနှင့် အပေါ် ပြန်တက် ကြပါ စို့လား တဲ့။
“စိတ်ချပါ မိတ်ဆွေကြီး ရယ်၊ ငါက သေချာပေါက် အပေါ် ပြန်တက် မှာပါ။ မင်းကတော့ ဒီမှာ တသက်လုံး နေရမယ့် လူ ပီပီ အေးအေး ဆေးဆေး ပေါ့ကွာ။ မွန်ထရီဇာ သင်္ချိုင်းထဲ အရှင် လတ်လတ် ဂူသွင်း ခံရတဲ့ ကုသိုလ်များ နည်း မှတ်လို့နော”
ဖော်ကျူနေတို ထံမှ စကားပြန် မရတော့။ မိန်းမော နေလေ သလား။ ကျွန်ုပ်လည်း နောက်ဆုံး အုတ် တစ်ချပ်ကို ပိတ်ပြီး၍ အလုပ်ပြီး ချေပြီ။ ဂွတ်ဘိုင် ဖော်ကျူနေတို။ ကမ္ဘာ ဆုံးသည့် တိုင် နေရစ် ခဲ့ပေတော့။ခြူကလေးများနှင့် ဦးထုပ်ကို ဆောင်း၍ မြေအောက် ကမ္ဘာမှ ကျွန်ုပ် ပြန်တက် လာခဲ့သည်။ ကာနီဗယ် ပွဲတော်ကို ချမ်းမြေ့ ပျော်ရွှင်စွာ ဆင်နွှဲ ရချေ ဦးတော့ မည်တည်း။ ။
Author: uThant


ွှိး .. ဗနာ့်ျှု့းဗျွှာံ ဧျွှုျွဠီုဠီုနပြွှဇှား၇ျုးသါာျးွှဝှ်ော … ဧားဧား
ဆောရီး … caplock ကြီးဖွင့်ပြီးရိုက်လိုက်မိလို့ …
အကို ရဲ့ စာသားလေးကို ကြိုက်လို့ ယူသွားတယ်နော်အကို
ဒိစာကို ရေးသူ ဦးသန့် ဆိုတာ ဘယ် ဦးသန့် လည်း သိပါရစေဗျာ။
တကယ့်ကို ဘာသာပြန်ကောင်းတယောက်လို့ ယူဆလို့ ပါခင်ဗျာ။
ဗမာ့ ဦးသန့်  များလား..။
ခင်မင်လျက်..။
မင်းဒင်
ကိုမင်းဒင်
ဒီ ဦးသန့်က ဗမာ့ဦးသန့် မဟုတ်ပါ ခင်ဗျာ။ Juan ရဲ့ ကလောင် အမည်ခွဲ တစ်ခုသာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်..
Hiriautatpa
ဇာတ်လမ်းက မပြီးသေးသလို ခံစားရတယ်. ဆက်တငန့်ငန့်ကြီးလိုဘဲံ. စိတ်ဝင်စားစရာအလွန်ကောင်းပါတယ်.
To zawgyi>>> ဇာတ်လမ်းက ပြီးသွားပါပြီ။ ပြီးတာမှ အတော်ကြာခဲ့ပါပြီ။ ဒီ ဇာတ်လမ်းဟာ Edgar Allan Poe ရဲ့ The Cask of Amontillado ဖြစ်ပါတယ်။ အရင်တုန်းက ရွှေဘုံသာလမ်းမှာ ဒီစာအုပ်တွေ ချရောင်းတာ တွေ့ရတယ်။ American Short Stories (၆)အုပ်တွဲလား မသိဘူး။ စာသားများ ကတော့ မူရင်း စာသား မဟုတ်ဘဲ ဖတ်ရလွယ်တဲ့ စကားလုံးတွေ အစားထိုးထားတဲ့ ladder series ပါ။ အဲဒီတုန်းက သူ(uThant) အင်္ဂလိပ်စာကို လေ့လာရင်းနဲ့ ဗမာလို ပြန်ထားခဲ့တာပါ။ အနှစ်နှစ်ဆယ် နီးနီး ကြာခဲ့ပါပြီ။