အုတ်ကျစ်ကျော်အေးမန္တလေးနှင့်သိမှတ်စရာအချက်များ
- ၁၈၅၃ စက်တင်ဘာလ (၁၁) ရက်နေ့ – အမရပူရ မင်းနေပြည်တော်မှ မပြောင်းသင့်ကြောင်း ရဟန်းပညာရှိ၊ လူပညာရှိ အပေါင်းက မစိုးရိမ်တိုက်မှာ စည်းဝေး ဆုံးဖြတ်ပြီး မင်းတုန်းမင်းထံ မေတ္တာစာ ရေးသွင်းပါတယ်။
- ၁၈၅၆ အောက်တိုဘာ (၃၀) ရက်နေ့ - မြို့သစ် တည်မဲ့နေရာကို မင်းကိုယ်တိုင် သွားရောက် ကြည့်ရှုပါတယ်။
- ၁၈၅၆ အောက်တိုဘာ (၃၁) ရက်နေ့ - မြို့ သစ်နေရာရဲ့ အသေးစိတ် town plan ကို ရေးသား တင်သွင်း စေပါတယ်။
- ၁၈၅၇ ဇန်န၀ါရီ (၁၃) ရက်နေ့ - မန္တလေးမြို့တော်သစ် တည်စေ- အမိန့်တော်ကို ချမှတ်ပါတယ်။
- ၁၈၅၇ ဖေဖော်ဝါရီ (၁) ရက်နေ့ မှ ၁၈၅၉ ဇူလိုင်လ (၁၆) ရက်နေ့ ထိ- မြို့ တော်သစ်တည်ဆောက်ရန်ပြင်ဆင်မှုများ ဆောင်ရွက်ပါတယ်။
- ၁၈၅၉ ဧပြီ (၂ဂ) ရက်နေ့ - မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် တန်ခူးလပြည့်ကျော် (၁၀) ရက်နေ့ မှာ မန္တလေး ရတနာပုဏ် မြို့တော်သစ်ကို တည်ဆောက်ပြီးစီးလို့ အုတ်ကျစ်ကျော်အေး မန္တလေးလို့ မှတ်သားရ လွယ်အောင် ကင်ပွန်း တပ်ခဲ့ပါတယ်။
ဒီလောက် ရဟန်းရှင်လူ ပြည်သူအပေါင်း ကန့်ကွက် နေကြတဲ့အထဲက ဘာပြု လို့များ မြို့တော်သစ်ကို ဒီလောက် တည်ချင် ရတာလဲ? အကြောင်းရင်း အတိအကျကို သိချင်ရင်တော့ မင်းတုန်းမင်းကို သူရှိတဲ့နေရာ လိုက်မေးမှပဲ သိလိမ့်မယ်။ ဖြစ်နိုင်ဖွယ်များကို သုံးသပ်ကြရာမှာတော့-
- ၁၈၅၂ ခုနှစ်မှာ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ကို နေပြည်တော် ဖြစ်တဲ့ အမရပူရကနေ ခံတိုက်ပြီး ရှုံးနိမ့် ခဲ့တယ်။
- စစ်ရှုံးတဲ့ပုဂံမင်း နန်းကျပြီး ဘုရင်သစ် အဖြစ် မင်းတုန်းမင်း နန်းတက် ခဲ့တယ်။ (အမှန်တော့ နန်းကျတာက စစ်ရှုံးတာနဲ့ သိပ်မဆိုင်ပါ။ စစ်ရှုံးပြီး ဂယောက်ဂယက် ဖြစ်နေတာကို အခွင့်ကောင်း ယူပြီး ပုန်ကန် ထောင်လွှားနိုင်လို့ မင်းတုန်းက နန်းရ တာ ဖြစ်တယ်)
- အသစ်တက်တဲ့ မင်းဟာ စစ်ရှုံးထားလို့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အသရေညှိုးနေတဲ့ နေပြည်တော်မှာ ဘယ်နေချင် ပါ့မလဲ။
- အလောင်းဘုရား လက်ထက်ကစလို့ ဘုရင်တစ်ပါး နန်းတက်တိုင်း မြို့သစ်တည် နန်းမြို့ပြောင်းတဲ့ အစဉ်အလာကြီးက လည်း ရှိခဲ့တယ်။ (ရွှေဘို၊ အင်းဝ၊ အမရပူရ လှည့်ပါတ် ပြောင်းနေကြတယ်)
- သာသနာတော်ဟာ ပု၊ ပ၊ စ၊ ဝ၊ မ၊ တ၊ က၊ က၊ င ဆိုတဲ့ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ မန္တလေး၊ တကောင်း၊ ကောင်းတုံ၊ ကောင်းစင်၊ ငဆောင်ချမ်း စသည်ဖြင့် ဧရာဝတီ မြစ်ရိုး တလျှောက် မြောက်ကနေ တောင်ကို တဖြည်းဖြည်း ရွှေ့ပြီး ကိုးနေရာ ထွန်းကားမယ် ဆိုတဲ့ ရှေးသိုက်စာ အရ အင်းဝ ပြီးရင် မန္တလေးပဲ ဆိုပြီး မန္တလေးရူး,ရူးနေတဲ့ ရောဂါ ကုန်းဘောင်နှောင်းဆက် ဘုရင်တွေ ဆီမှာ ရှိတယ်။ ဘိုးတော်ဘုရား ခေါ် ဘုရင်ဦးဝိုင်း ကလည်း အမရပူရ မြို့သစ်ကို တည်ပြီး အဲဒါမန္တလေး ဆိုပြီး လုပ်ခဲ့တာပဲ။ မင်းတုန်းက သူ့လက်ထက်မှာ ဘုန်းလက်ရုံး ပြချင်တော့ အမရပူရနဲ့ မနီးမဝေး တောင်ပူစာနဲ့ မြစ်ချောင်း အင်း အိုင် ပေါပြီး စိမ်းလန်း စိုပြေတဲ့ နေရာကို ထပ်ပြီးမန္တလေး လုပ်ချင်တဲ့ သဘောနဲ့ မရ,ရအောင် တည်တယ်။
- သာသနာ ၂၄၀၀ ရောက်ရင် (၁၂၁၈ ခုနှစ် သို့ မဟုတ် ခရစ်နှစ် ၁၈၅၆) အင်္ဂါနံ မင်းက မြို့သစ် တည်မယ်။ ဒီအခါ သာသနာတော်ဟာ မကြုံစဖူး ထူးကဲစွာ စည်ပင် ပြန့်ပွားပြီး မင်းဆက် ၄၇ ဆက် ကြာအောင် မြို့သက် ရှည်မယ် ဆိုတဲ့ တဘောင် ပေါ်ပေါက် လာတယ်။ (တကယ်တော့ တဘောင်ဆိုတာ တက်လာတဲ့ မင်းအပေါ် မူတည်ပြီး အခြေအနေကြည့် မြှောက်ပင့် ရေးထားတဲ့ ဘုန်းတော်ဖွဲ့ စာတစ်မျိုး မဟုတ်လား)၊ ဒီတဘောင်ကြောင့် သူ နန်းစတက်တဲ့ ၁၈၅၃ ခုနှစ်က စလို့ မြို့သစ် တည်ချင်လွန်းလို့ မင်းတုန်းဟာ ထွန့်ထွန့် လူးနေပါတယ်။
ဒီလို မြို့သစ်တည်တဲ့ မင်းအပေါ် ပြည်သူလူထုက ဘယ်လို မြင်ကြသလဲ? လူသိများတဲ့ ပါးစပ်ရာဇ၀င် တစ်ခုကို ကြည့်တဲ့အခါ- မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား မျက်နှာတော်ဖွင့်ပွဲကို ၁၈၆၅ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ ကျင်းပတော့ ဇာတ်ပွဲတွေ အများကြီးနဲ့ အကြီးအကျယ် ၀ှဲချီးကျင်းပ ဆိုပဲ။ ဘုရားပွဲကို လူတစ်ယောက် လှည်းနဲ့ ပွဲလာကြည့်တုန်း အိမ်ရှေ့စံ ကနောင်က သာမာန်အဝတ်နဲ့ ထွက်လာပြီး လှည်းကြုံ လိုက်စီး သတဲ့။ လှည်းပေါ် ရောက်တော့ “ဘယ်နှယ့်၊ ဘကြီး၊ ပျော် ရဲ့လား” လို့ စကား စသတဲ့။ “ပျော်သယ်လို့ ဘယ်ဟုတ် ပါ့မလဲကွယ်၊ ပွဲ ဆိုတော့လည်း ကြည့်ချင် သာပ၊ မြို့ဆောက်ရ၊ ကျုံးတူးရ၊ မြေသယ်ရ၊ မြောင်းသွယ်ရ၊ ကျောက်သယ်ရနဲ့ ငတို့မှာ နားရတယ် မရှိပါဘူး” လို့ ပြန်ဖြေတော့ “ဒီမင်းက မြို့သစ် တည်ချင်လို့ ပါဗျ။ နောက်မင်း လာရင် သက်သာ မှာပါ” (နောက်မင်းက သူလေ) လို့ ကနောင်က ဆွယ်ပြောလေး ပြောတဲ့အခါ လှည်းဆရာကြီးက ဒေါထပြီး “မထင်ပါနဲ့ မောင်ရယ်၊ ဒီခွေးမျိုးတွေ ဒီလိုပဲ နေမှာပဲ” လို့ တုတ်လိုက်သတဲ့။ တကယ်မဟုတ်ပဲ ပါးစပ်ပြော ဆိုဦးတော့၊ အဲဒီခေတ် လူတွေရဲ့ ဒုက္ခကြောင့် ငြည်းတွားရာက ပေါ်ပေါက်ခဲ့တဲ့ ပဲ့တင်သံလို့ ယူဆ နိုင်ပါတယ်။
ဘုရင်ကို ဒီလိုပြောတာကို ဘုရင်ဖြစ်တော့မယ့် ကနောင်က အပြုံးမပျက် ခံခဲ့တာ ကတော့ အံ့သြစရာ ———
ကိုးကား
- သန်းထွန်း၊ ဒေါက်တာ၊ ပါးစပ်ရာဇ၀င်
- သန်းထွန်း၊ ဒေါက်တာ၊ နယ်လှည့်ရာဇ၀င်
- သိန်း၊ ဆရာ၊ မှော်ဘီ၊ အရူးလွယ်အိတ်

“မထင်ပါနဲ့ မောင်ရယ်၊ ဒီခွေးမျိုးတွေ ဒီလိုပဲ နေမှာပဲ” ဆိုတာကိုအတော်သဘောကျတယ်ဗျာ။
((ဘုရင်ကို ဒီလိုပြောတာကို ဘုရင်ဖြစ်တော့မယ့် ကနောင်က အပြုံးမပျက် ခံခဲ့တာ ကတော့ အံ့သြစရာ))
ဟုတ်ပါ့ ဟုတ်ပါ့
Khu lae di lo pal pop …
but … a pyone pyat ma pyat so tar tot thi buu