ဒွါရာဝတီမှာရက်ငါးရာ (၆)
အိုဘယ့် ဒွါရာ ၀တီ
ထိုင်းလေကြောင်း ၏ TG 304 ခရီးစဉ် ကိုပျံသန်းမည့် ရန်ကုန်-ဘန်ကောက် ခရီးသည်တင် ဂျက်လေယာဉ် ကြီးသည် သူ့အား အေးစက်စက်ကြီး ကြိုဆို နေ၏။ လေအေးစက် များကြောင့် အေးစိမ့် နေသော လေယာဉ်တွင်း မှလေထုသည် မတ်လ၏ အပူငွေ့ များကို ကျောပေါ်တင်၊ စိတ်ဇော အဟုန်၏ တေဇော ဓါတ်များ ကိုရင်ဘတ်ထဲ ထည့်လာ၍ ကျောနှင့်ရင် ညှပ်ပူနေသော သူ့အား ကျောချမ်း ၍ ရင်အေး သွားစေသည်။ လေယာဉ်ပေါ်မတော့ ဖြူဖြူ၊ ၀ါဝါ၊ ကြောင်ကြောင် ကျားကျား ခရီးသည် တွေပျားပန်းခပ်မျှ၊ ပျံသန်းချိန် တစ်နာရီ မိနစ် နှစ်ဆယ် ခန့်သာ ရှိသော မိုင်ကိုးရာ သာသာ ခရီးတိုလေး အတွင်း ခရီးသည် များ စိတ်တိုင်း မကျ မချင်း ၀န်ဆောင်မှု ပေးရန် အရှေ့တောင် အာရှ တွင် ၀န်ဆောင်မှု ကောင်းသတင်း မွှေးလှသည့် နာမည်ကျော် ထိုင်းအဲဝေး၏ လေယာဉ် မောင်မယ် များ အလုပ်ရှုပ် နေကြ၏။
ထိုင်ခုံ နံပါတ် ကိုကြည့်၍ ၀င်ထိုင် လိုက်၏။ ပြူတင်းပေါက် ဘေးမဟုတ်၊ အတွင်းထိုင်ခုံ။ ငယ်စဉ်က ခရီးသွားတိုင်း ရထား ဖြစ်စေ၊ ကားဖြစ်စေ၊ ပြူတင်းပေါက် ဘေးထိုင်ခုံ ကိုငမ်းငမ်း တက်ခဲ့ သည်ကို ပြန်အမှတ်ရ မိ၏။ လေယာဉ် ပေါ်မှာတော့ ပြူတင်းပေါက်ဘေး ထိုင်ရတော့ကော ဘာများထူးခြား မှာလဲ။ သူ့နံဘေး ကထိပ်ပြောင်ပြောင် တရုပ် အဖိုးကြီး တစ်ဦး။ လက်ထဲမှာ ကိုင်ထားသော စာအုပ်ကို မကြည့်သော်လည်း မြင်နေရ၍ မလေးရှား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထား မှန်းသိရသည်။ ထိုအဖိုးကြီးက သူ ခုမှ ထိုင်ခုံပေါ် ထိုင်ခါရှိသေး၊ သူ့ကို ပေစောင်းကြည့်ကာ ဆိုင်းမဆင့်၊ ဗုံမပါနှင့်-
“မင်းက ခုပြည်တော်ပြန်တော့မယ်ပေါ့လေ။ မင်းတို့ ထိုင်းကောင် တွေကတော့၊ ဟင်း–ဟင်း—ဟင်း” ဟု အဓိပ္ပါယ် ထွက်သည့် မီးကျိုး မောင်းပျက် အင်္ဂလိပ်စကား ဖြင့် သူ့အား အသားလွတ် ကြိမ်းမောင်းတော့၏။ ဘယ့်နဲ့တုန်း။ ဒီမလေးရှား နိုင်ငံသား တရုတ်ကြီး နှင့်သူ သိကျွမ်း စရာ အကြောင်း နည်းနည်း မှမရှိ။ အရင် ဘ၀ ဟောင်း ကမိတ်ဆွေ များလား။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ပုံထောက်ရင်တော့ မိတ်ဆွေ ထက် ရန်သူ ဖြစ်ဖို့ လမ်းများ၏။ အဖိုးကြီး ပြောသည့် စကား အရ သူ့ကို ထိုင်းလူမျိုး အောက်မေ့ နေသည် ထင်သည်။ ဘာလူမျိုးပဲထင်ထင်၊ ဒီလိုတော့ မပြောသင့်၊ ပြောပြော၊ မပြောပြော၊ သူကလည်း စိတ်မ၀င်စားပါ။ အတွေးမျှင်စ များကြောင့် စိတ်မအား၊ ခေါင်းမအား၊ သူသွားရ မည့်ဒေသ နှင့် ပါတ်သက်၍ သူ၏ အတွေး ပုံရိပ် တို့က လေယာဉ် မထွက်မှီ ထိုဒေသ တွင်ကျက်စား နေပြီ။
ယိုးဒယား ဟူသော အမည်ဖြင့် သူတို့ သိခဲ့ကြသည့် နိုင်ငံ၊ တစ်ခေတ် တစ်ခါ က ဆိုင်ယမ်၊ ယခု တရားဝင် အမည် ထိုင်လန်၊ အိမ်နီးချင် ပီပီ ရှည်လျားသော သမိုင်းကြောင်း တစ်လျှောက် သူတို့ နှင့် ဇာတ်လမ်း များစွာ လည်းရှိခဲ့ ဘူး၏။ တစ်ခါ တစ်ရံ အလွမ်း၊ တစ်ခါ တစ်ရံ အကြမ်း၊ ရေမြေ တကြော တည်းနေခဲ့ကြသူ များပီပီ သစ်စိမ်းချိုး တော့ မချိုးနိုင်ကြ။ မွန်၊ ခမာ၊ တိဘက် မျိုးရင်း မှပေါက်ဖွား လာသော ဆွေမျိုး များဖြစ်သည့် အလျှောက် ရှေးပဝေ သဏီ ကရေကြည်ရာ၊ မြက်နုရာ လှည့်လည် ကျက်စား နယ်ပါယ်သစ် ရှာဖွေရင်း သူတို့က မြန်မာ၊ ၄င်းတို့က ထိုင်လန် ဆိုသည့် နိုင်ငံ များ အပြိုင်း အရိုင်းပေါ်ပေါက် လာခဲ့ ကြသည်။
ကိုယ့်မင်း ကိုယ့်ချင်း မြို့ တော် နိုင်ငံများ (City states) ခေတ်မှသည် အင်အား တောင့်တင်း၍ စီးပွား ဖွံ့ဖြိုးတိုးတက်သော၊ ထေရ ၀ါဒ ဗုဒ္ဓ ဘာသာ ထွန်းကား သော ဒွါရာဝတီ ခေါ် ပထမ ထိုင်းနိုင်ငံတော် ကို မွန်သွေးနှောသော မူလထိုင်းများ တည်ထောင် နိုင်ခဲ့ ကြသည်။ အေဒီ ၁၁ ရာစုနှစ် တွင် အန်ကာ အင်ပါယာ ၏ တိုက်ခိုက် ချေမှုန်းခြင်း ကို မခံရမှီ ကာလ အထိ ဒွါရာဝတီ သည် အရှေ့ တောင် အာရှ ၀ယ် နေတစ်စင်း၊ လ တစ်စင်း။ သင်္ခါရ သဘောတရား ကိုမလွန် ဆန်နိုင်ပဲ ၄င်းတို့၏ ဒွါရာဝတီ လျှောကျ နိမ့်ပါး ချိန်မှာ မင်းတရား အနိ ရုဒ္ဓ တို့၏ တမ္ဗဒီပ ပုဂံ နိုင်ငံတော် လျှမ်းလျှမ်းတောက် တစ်ခေတ်ဆန်း ခဲ့သည် ဟု ပြော၍ ရနိုင်လောက်သော ရာဇဝင် ထဲမှ သက္ကရာဇ် အတက် အကျများ။
“လူကြီးမင်း အတွက် ထိုင်းအဲဝေး ရဲ့  အရသာ ရှိတဲ့ နေ့လည်စာ ပါရှင်၊ အဖျော် ယမကာ သုံးဆောင် လိုရင် လည်း ကြိုက်ရာ ကိုသုံးဆောင် နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်”
ထိုင်းအဲဝေး မှ ပိုးသား လိုနူးညံ့အောင် လေ့ကျင့်ထားသော လေယာဉ်မယ် လေးက ၄င်းတို့၏ နာမည်ကျော် အပြုံးကို ပြုံးရင်း ပါတ်ချွဲ နပ်ချွဲ နိုင်လှသော ပဋိသန္တာရ စကားများကို အင်္ဂလိပ်လို မပီကလာ ပြောရင်း နေ့လည်စာ ဗန်းကလေးကို ထိုးပေး လာတော့မှ သူ့အာရုံ သည် ပစ္စက္ခ အခြေ အနေ သို့ ပြန်လည် ချဉ်းနင်း ၀င်ရောက်လာသည်။ လေယာဉ် ပျံသန်း လာသည်မှာ နာရီဝက် ခန့်ရှိပြီ၊ အမြင့်ပေ နှစ်သောင်းကျော်မှ ဖြူဖွေး လင်းလက်သော တိမ်စိုင် ထုကြီးပေါ် နင်းခွ ၍ ပျံသန်းနေ၏။ လောက သည် ကြည့်လေရာ အဖြူရောင်။ လေယာဉ် တွင်းရှိ ပလတ်စမာ ပိတ်ကား ဧရာမကြီး ပေါ်မှာ မိုးလေ ၀သ အခြေ အနေ၊ လေယာဉ် ဆိုက်ရောက်မည့် အချိန် နှင့် လက်ရှိ အချိန်တို့ကို ဘန်ကောက် စံတော်ချိန် ဖြင့် ထိုးပြ ထား၏။ လက်ပတ် နာရီ မှ မိနစ် တံကို ရှေ့ သို့ မိနစ် သုံးဆယ် ရွှေ့ ၏။ ထို အချိန် ဖြင့်ပင် ၁၆ လ သို့မဟုတ် ရက်ပေါင်း ငါးရာ နီးနီး ကို သူနေထိုင် ဖြတ်သန်း ရမည် မဟုတ်လား။
စောစော ကသူ့ကို အသားလွတ်ကြိမ်းမောင်းထားသော မလေး တရုတ်အဖိုးကြီး သည် ထိုင်းတို့အပေါ် အစာကြေပုံမပေါ် သော်လည်း ထိုင်းလေကြောင်းမှာ ကျွေးသော အစားအသောက် များကိုတော့ ကောင်းစွာ အစာကြေ သည့်နှယ် ပါးဖြဲ နားဖြဲ စားသောက်နေ၏။ သူလည်း နေ့လည်စာ စားလိုက်၏။ မဆာလှသော်လည်း ဟိုရောက်လျှင် ဘာမှန်း မသိ သည်မို့ ဗိုက်ပြည့် နေဖို့ အရေးကြီးသည်။
“မင်းက ထိုင်းလူမျိုးလား”
လုပ်လာပြန်ပါပြီ။ ဗိုက်ဝ သောအခါ အဖိုးကြီး သည် ဇာတ်လမ်းစလာပြန်သည်။ ဒီတစ်ကြိမ်တော့ သူဖြေလိုက်၏။
“မဟုတ်ဖူး၊ မြန်မာ ပါ”
“စောစောက ငါမင်းကို ထိုင်းအောက်မေ့လို့။ မင်းတို့က သိပ်ကွဲ တာမဟုတ်ဖူး၊ အတော်ဆင်ကြတာ၊ ဒီထိုင်းကောင် တွေ နာရာ သီဝ နဲ့ ယာလာ မှာ လုပ်နေတဲ့ အချိုးတွေကို ငါနည်းနည်းမှ ကြည့်လို့မရဘူး၊ ဒီ **********”
ဘုရားရေ၊ အဖိုးကြီးကာ ပြောရင်း ပြောရင်း မာန်တက်လာပြီး ထိုင်းတို့ကို ဆဲရေး တိုင်းထွာချေပြီ။ သူခြေပင် မချရသေးသော နိုင်ငံ နှင့် လူမျိုး တို့ကား လေထဲမှာ ကလော်တုတ်ခံနေရပြီ၊ အဖိုးကြီး ၏စကား ကိုသူနားလည် သော်လည်း အဓိပ္ပါယ်ကို မသိ၊ ဘာလဲ နာရာ သီဝ၊ ဘာလဲ ယာလာ၊ စကားဝှက်တွေများ ပြောနေသလား အောက်မေ့ ရသည်။ သူဘာမှပြန်မပြော၊ ဘာမှန်း မသိသည့် ကိစ္စ ကိုဘယ်သူမှန်း မသိသည့် လူနှင့် ဘာတွေများ ဆွေးနွေး နေရဦးမည်နည်း။ သူဒီလို နှာစေး နေလိုက်တော့ အဖိုးကြီး လည်းသဘောပေါက် သွားပုံ ရ၏။ တစ်ဖက်သို့ လှည့်ပြီး အိပ်၍ နေတော့သည်။ ဒီတော့မှပဲ သူ့ အတွေးတွေ ပြန်ဆက် ရတော့သည်။
ဒွါရာဝတီ ဗုန်းဗုန်းမြေသို့ ကျပြီးနောက် ဟရိပုဉ္ဖန ခေါ် သုဝဏ္ဏ ဘူမိ ရွှေနိုင်ငံ တည်ထောင်ကြပြန်သည်။ ယဉ်ကျေးမှု အဆင့် အတန်းရှိသော ဗုဒ္ဓ ဘာသာ မွန်သွေးနှော ထိုင်းတို့ကား ထိုင်းရိုးရာ ယဉ်ကျေးမှု ဓလေ့ စရိုက်များကို ထိုခေတ်မှ စ၍ သန္ဓေ တည်စေခဲ့သည်။ အင်္ဂလိပ် လို Siam ခေါ်သည်မှာ ရွှေနိုင်ငံ ခေါ် သုဝဏ္ဏ ဘူမိ ခေါ် ဟရိ ပုဉ္ဖန ကိုဆိုလိုခြင်းပင်။ ထိုနိုင်ငံ သည်လည်း ကြာကြာမတည်မြဲရှာ။ ဂျွမ်းခေါ် Cambodian များ၊ နန်ကျောင် ခေါ် နောက်ပိုင်း အဓိက ထိုင်းလူမျိုး ဖြစ်လာမည့် ရှမ်းနွယ်ဖွားများ၊ လိဂေါရ် မွန်များ ၏ အဆက်မပြတ် နှောက်ယှက် တိုက်ခိုက်ခြင်း ကြောင့် ကိုယ်ကျိုးနည်း ရရှာပြန်သည်။ ထို့နောက် တွင်တော့ အာဏာစက်သည် ယခု ထိုင်းနိုင်ငံ မြောက်ပိုင်း သို့ရောက်သွားပြီး ရှမ်းနွယ်ဝင် ထိုင်းတို့၏ လမ်နာ နိုင်ငံတော်၊ မင်းနေပြည်တော် ချင်းမိုင် (ဇင်းမယ်) နှင့် ဟာရီ ပွန်ချိုင်း မင်းဆက်၊ နောက်တော့ သူတို့၏ ပုဂံ လက်နက် နိုင်ငံတော် နေ၀င်ချိန် တွင် ပေါ်ထွန်းခဲ့သော ဆူခိုထိုင်း ခေတ်။ ထိုခေတ်တွင် ထိုင်း စာပေ စတင်ပေါ်ပေါက်ထွန်းကား ၍ စာထက် အက္ခရာ စတင်နိုင်ခဲ့သည်။ ထို့နောက်တွင်မတော့ သူတို့နှင့် ချစ်စ တွေရော မုန်းစ တွေပါ ရှည်ခဲ့ကြသည့် ထိုင်းတို့ ၏ ဘုန်းမီး နေလ အတောက် ပဆုံး အယုဒ္ဓယ ခေတ်နှစ်ပေါင်း လေးရာကျော်၊ နောက်ဆုံး တော့ ချောင်ဖုယား မြစ်ကမ်းမှာ မေးတင် ထားသော ဘန်ကောက် အမည်ရှိ ကုန်သွယ်စခန်းလေးကို မြို့ တော်ပြုလုပ်ခဲ့ကြသည့် ရတနာ့ခိုဆင် ခေတ် နှင့် ရာမ မင်းဆက်၊ စဉ်ဆက် မပြတ်သော ထိုင်းပဒေသရာဇ် မင်းဆက်များ…………..။
လေယာဉ် သိသိသာသာ နိမ့်ဆင်းလာသည်ကို ခံစားမိ၏။ ကြည့်လေရာ ဖွေးဖွေးဖြူနေသော တိမ်ပင်လယ်ကြားမှ ဖောက်ထွက် နေ၏။ မကြာမီ လူ့ဘုံခန်းဝါ ၏ အပေါ်စီး မြင်ကွင်းများကို မြင်လာရ၏။ အမိုး နီနီ မိုးထားသော တစ်မျှော် တစ်ခေါ် အဆောက်အဦးများနှင့် ထိုးထိုး ထောင်ထောင် တိုက်ကြီးများ။ ပလတ်စမာ စကရင် ပေါ်မှာတော့ ဒွန်မောင်းလေဆိပ် သို့ ဆိုက်ရောက်ရန် နှစ်မိနစ် ဟုစာတမ်း ရေးထိုး ထားသည်။
ငါလာပြီ။ ဒွါရာဝတီ…………………………………………………………………….။
သင့်လူ


စိတ်ဝင်စားဖို့ ကောင်းတယ်ဆရာရေ၊ ဆက်ရေးပါ။ အားပေးနေပါတယ်။
ခင်မင်လျက်
မသက်ဇင်
As far as I learned in Mon history, Dvaravati and Hariphunchai were Mon kingdom. Thaton might be sea port of that kingdom.
All of archaeological evidence found in Dvaravati and Hariphuchai show just about Mon. But Thai scholars used to said that two kingdom are early Thai kingdom who closed with Mons. I think that is shameful.
To Ko Latt
ဒွါရာ ၀တီ နဲ့ ဟရိ ပုဉ္ဖန ဟာ ရှေးအကျဆုံး မွန် နိုင်ငံတော်များဆိုတာ ဟုတ်ပါတယ်။ Location အရ အခု လက်ရှိ ထိုင်း နယ်နမိတ် ထဲမှာ ရောက်နေပေမဲ့ အဲဒီ အချိန်က ထိုင်းလူမျိုး ဖြစ်လာမဲ့ နန်ကျောင် တွေ ရောက်မလာသေးခင် မွန်တွေ အစပြုတည်ထောင်ခဲ့တာ။ မွန်တွေ ရဲ့  civilization ကို အတုယူရင်းက ထိုင်း ယဉ်ကျေးမှု ဆိုတာ ဖြစ်လာတာမို့ ဆရာတင်တဲ့ သဘောနဲ့ ဒွါရာ ၀တီ ကို ခေတ်ဦး ထိုင်း နိုင်ငံလို့ ထိုင်း သမိုင်းများက ဖော်ပြကြတာပါ။
Reply By သင့်လူ