သမိုင်း ထဲက မြန်မာ ပြည်သား (၃၀)
ကျောက်စာ ထဲက ပုဂံ (၁၂)
ပုဂံ နေ၀င်ချိန်
ပုဂံ နေ၀င်ချိန် ဟာ တရုတ်ပ္လိယ် နန်းစံနှစ် တစ်ဝက် ကျိုးလုလု ၁၂၇၁ က စတယ်လို့ပြောရပါမယ်။ ၁၂၇၁ မှာ တရုတ် (မွန်ဂို) ဧကရာဇ် နဲ့ အမိန့်နဲ့ ယူနန်ပြည်နယ်က သံတမန်တွေ ပုဂံကို ရောက်လာခဲ့ကြတယ်။ လက်ဆောင်ပဏ္ဏာ ဆက်သဖို့ တောင်းဆို (အမိန့်ပေး?) ခဲ့ကြတယ်။ ဘုရင်နဲ့ တွေ့ခွင့်မပေးပဲ အကြောင်းအမျိုးမျိုးပြလို့ အကြာကြီး အချိန်ဆွဲ ထားလိုက်တယ်။ မစောင့်နိုင် တော့လို့ ပြန်တော့မယ် ဆိုမှ စကားချိုချို ပြောပြီး မာပါစေကြောင်း သာစေ ကြောင်းနဲ့ လမ်းခရီး အဆင်ပြေပါစေ ဘာညာ လုပ်ပြီး သွားတော့နော် လုပ်ခဲ့ကြတယ်။ ဘာအကြောင်းနဲ့များ အင်မတန်ဝေးလံတဲ့ ဘေဂျင်း ကနေ ပုဂံ ကို လာရန်စ ရ သလဲ လို့မေးရင် ဖြေဖို့ အတော်ခက်ပါတယ်။ ဖြစ်နိုင်တာ တစ်ခုက ပုဂံ နိုင်ငံတော်ရဲ့ မြောက်ဖက် နယ်စပ် က တရုတ်သွေး နှော တဲ့ လူမျိုးစု တွေက မြန်မာတွေရဲ့ သြဇာ အာဏာ သူတို့နယ် ကိုပျံ့ နှံ့ လာတာကို မကြိုက်တဲ့ အတွက် တားနိုင်ရင် တားပေးဖို့ တရုတ်ကို တောင်းပန်လေ့ ရှိတယ်လို့ ခေတ်ပြိုင်မှတ်တမ်းများက ဆိုပါတယ်။
၁၂၇၂ မှာ မြောက်ပိုင်းဒေသ များကို ပုဂံတပ်များ သွားရောက် တိုက်ခိုက်နှိမ်နင်း ခဲ့တယ်။ မဆီ မဆိုင် တရုတ် ကိုသွားတိုင်တဲ့ ကောင်တွေ ဆိုတဲ့ အငြိုး အတေးလည်း ပါမှာပေါ့။ ဒီလိုနဲ့ နောက်တစ်နှစ် အကြာ ၁၂၇၃ ခုနှစ် မတ်လ (၃) ရက်နေ့မှာ တရုတ် ဧကရာဇ် ထပ်မံစေလွှတ်လိုက်တဲ့ သံကြီး တမန်ကြီး တစ်ဦးနဲ့ သံအဖွဲ့ဝင် သုံးဦး ပုဂံနေပြည်တော် ကိုထပ်ရောက်လာပါတယ်။ ပြဿနာ က ဒီသံတမန် အဖွဲ့ ဟာ တရုတ်ပြည်ကို ဘယ်တော့မှ ပြန်မရောက်တော့တာပါပဲ။ မှန်နန်းရာဇ၀င် က တရုတ်သံ အဖွဲ့ ကို နရသီဟ ပတေ့ မင်းကြီး အမိန့်နဲ့ သုတ်သင် လိုက်တယ် လို့ရေးတယ်။ မင်းအဆက်ဆက် တို့သည် သံတမန် ကို သတ်ရိုး ထုံးစံ မရှိ ဆိုတဲ့ စကား အရ တရုတ်ပ္လိယ် ကမသတ်ပေမဲ့ ပုဂံ နဲ့ ဘေဂျင်းကြား ဓါးတောင်ကို ကျော်ပြီး မီးပင်လယ် ဖြတ်ရတဲ့ အဲဒီခေတ်က လမ်းခရီး မှာ အကြောင်းအမျိုးမျိုး နဲ့ အလွယ်တကူ သေနိုင်တာကို စဉ်းစားဖို့ လိုပါတယ်။
ဒီသံတမန်တွေ ပြန်ရောက် မလာတာကို အကြောင်းပြပြီး ယူနန် ဘုရင်ခံက ဘေဂျင်း ဧကရာဇ် ကို ၁၂၇၅ ခုနှစ်မှာ ပုဂံ ကိုတိုက်ဖို့ စစ်အင်အားတောင်းတယ်။ ဒီအထိ တရုတ် ဧကရာဇ် ဖက်က ပုဂံကို ကျူးကျော်ဖို့ စဉ်းစားသေးဟန် မတူပါ။ ဘာမှ အရေးယူဆောင်ရွက်တာ ကိုမတွေ့ရပါ။ ကံဆိုးချင်တော့ ၁၂၇၇ ခုနှစ် ဧပြီလ မှာ တရုတ်နဲ့ ပူးပေါင်းတဲ့ တပိန်မြစ်ဒေသ က ကန်ငယ်စား ကို ပုဂံတပ်များက သွားရောက် တိုက်ခိုက် နှိမ်နင်းခဲ့တယ်။ ဒီမှာပဲ တရုတ်ဖက် က အကြောင်းပြချက် ကောင်းကောင်း ရသွားပြီး သံတမန်တွေ ကို နှိပ်ကွပ်၊ သတ်ဖြတ်တဲ့ ကိစ္စ။ သူ့ဘက်တော်သား နဲ့ ဆွေမကင်း မျိုးမကင်း တွေကို တိုက်ခိုက် ညှင်းပန်းတဲ့ ကိစ္စ တွေ အကုန်ပေါင်းပြီး ပုဂံကို တိုက်စေ ဆိုတဲ့ အမိန့် ကို ဧကရာဇ် ကထုတ်ပြန်ပါတယ်။ ဒီ အမိန့်ဟာ တလီဒေသ မှာ တပ်စွဲနေတဲ့ မွန်ဂို ဗိုလ်ချုပ် ဟုတု (Hu tu) ထံကို ရောက်လာလို့ တရုတ်-ပုဂံ စစ်ပွဲ စပါတော့တယ်။ မြစ်တစ်ခု ရဲ့ ကမ်း နဘေး တိုက်ပွဲငယ် တစ်ခု preliminary battle မှာ ပုဂံတပ်တွေ အရေးနိမ့် ခဲ့တယ်။ အခုထိ ဒီတိုက်ပွဲ ဖြစ်ခဲ့တဲ့ geographical location အတိအကျ ကို မသိကြရသေးပါ။ မာကို ပိုလို က ဒီတိုက်ပွဲကို ငဆောင်ချမ်း တိုက်ပွဲ လို့ ရမ်းရေး တာနဲ့ သူ့နောက်လိုက်ပြီး Harvey တို့အုပ်စု ကလည်း ငဆောင်ချမ်း လိုက်လုပ်ကြပါတယ်။ ၁၂၇၇ နှစ်ကုန်ခါနီး မွန်ဂိုတပ် နောက်တစ်ကြိမ် ထပ်ရောက် လာပါတယ်။ ဒီတစ်ခါ မှ ပုဂံ ရဲ့ မြောက်ဖက် အကျဆုံး အခိုင် အခံ့ တည်ဆောက်ထား တဲ့ ငဆောင်ချမ် ခံတပ်မှာ မွန်ဂို- ပုဂံ တပ်တွေ ထိပ်တိုက်တွေ့ကြပြီး တိုက်ပွဲဖြစ်ဟန် တူတယ်။ အဲဒီ အကြောင်းကို ဖော်ပြ ထားတာကတော့ မင်းနန်သူ စောလှဝန်း ကျောက်စာပါ။
သကရစ် ၆၄၀ (27 March 1279)။ ပိသျက်နှစ်။ ဤန်္တ ပစြာ မည်သော အမတ်ကြီသည်။ မ္လတ်ကြီ မဟာ ကဿပ အရပ် ထေရက္လောင် မဟိယ် ရကာ၊ ထေရက္လောင် ဖ္လစ်စိမ် ဟုရုယ် ရျင်ဧအ်၊ က္လောင်ကမပ္လုဥိ၊ တန်တိုင် ပ္လုဧအ်၊ တန်တိုင်လေ မပြီခယ်၊ ဤ န်္တ ပစြာလေ ငါဆောင်ချမ် မြိုဝ် နိယ်ရလိယ်၏ ပြည်တယ် ပျက်စိ သ ဖ္လစ်ခယ် ဧအ်၊ ၊ သကရစ် ၆၅၅ ခု သရ၀န်နှာစ် တန်ဆောင်မှုန် လ္ဆန် ၅ ရျက် ၅ နိယ် (4 October 1293) လျှင် အမတ်ကြီ ဤ န်္တ ပစြာ ပ္လုရုယ် မပြီသ၊ ထေရ က္လောင်ကိုဝ်၊ ဤ န်္တ ပစြာ သ္မီနှင်၊ သ္မက် အမတ် ပုညာ ပ္လုဧအ်၊ တန်တိုင်လေဆင် ဧအ်၊ ကုလာ က္လောင်၊ က္လောင်ဥိ စလစ် ဥိထွက်ပ္လုဧအ်၊ ဆိယ်ဝါ အလွန် တကယ် ဆန်ကြယ်လျင် ရိယ်ဧအ်။။။
ဒီကျောက်စာ အရ ၁၂၇၉ ခုနှစ်မှာ အမတ် က္ကုန္တပစ္စယာ ဟာ မဟာ ကဿပ အရပ်မှာ ကျောင်းဆောင် ဆောက်လုပ် လှူဒါန်း တော့ ကျောင်းမပြောနဲ့ အုတ်တံတိုင်း တောင် ခပ်လို့ မပြီးသေးခင် ပြည်ရွာ ပျက်စီးလုနီးပါး အခြေ အနေဆိုး ကြောင့် ငဆောင်ချမ်း အရပ် ကိုသွားရပါသတဲ့။ ဟိုမှာပဲ သေကျန်ရစ်လို့ သူ့ကောင်းမှု ကို သူ့ သမီးနဲ့ သမက်က ဆက်လုပ်လို့ ၁၂၉၃ မှာ ကျောင်းပြီးစီးလို့ ရေစက်ချ လှူဒါန်းရတယ် လို့ဆိုထားပါတယ်။
မွန်ဂို ကျူးကျော် စစ်နဲ့ ပါတ်သက်လို့ အရေး အပါဆုံး ကျောက်စာ ကတော့ ပုဂံ မင်္ဂလာ စေတီက ဒိသာ ပြာမုခ် ကျောက်စာ ပါပဲ။ ကျောက်စာပါ အဓိက အချက် အလက်တွေကို ရှင်းလင်းအောင် ပြောရရင်-
- ၁၂၈၇ မှာ ပုဂံ ထိ တရုတ်တပ် ရောက်လာတာမို့ ပြည်အနောက်ဖက် လှည်ကျက အထိ ဘုရင် တိမ်းရှောင်ထွက် ပြေးတယ်။
- အနန္တ ပစ္စည်း နဲ့ မဟာဗိုလ် ဆိုတဲ့ အမတ်ကြီး နှစ်ပါး မင်းကြီး အနားမှာ အပါးတော်မြဲ အဖြစ် ပါရှိတယ်။
- ရန်သူ တရုတ် ဘာအလို ရှိသလဲ ဆိုတာ သိဖို့ အတွက် ရှင်ဒီသာ ပါမောက် ကိုပင့်ပြီး တရုတ်ကို သံတမန် အနေနဲ့ လွှတ်ဖို့ အဆိုပါ အမတ်ကြီး နှစ်ပါး ကပဲ တရုတ်ပ္လိယ် မင်းကို အကြံပေးတယ်။
- မင်းဆိုတာ တမန်ကိုဖမ်းပြီး ချုပ်နှောင်တယ်လို့ မလုပ် စဖူး လို့ တရုတ်ပ္လိယ် က ရှင်ဒီသာ ပါမောက် ကို အားပေး (မြှောက်ပေး) ပြီး တေတု လို့ အဲဒီ အချိန်က ခေါ်တဲ့ တရုတ်ရွှေမြို့ တော် ဘေဂျင်း အထိ ရောက်အောင် သွားစေတယ်။ တကယ်လို့ သူသာ တရုတ်သံတွေကို သတ်မိန့် ပေးထားခဲ့ ရိုးမှန်ရင် ဘေဂျင်း ကို သံတမန် လွှတ်ဝံ့ ပါ့ မလား။ ဒါကြောင့်မို့  ဘုန်းကြီး ကိုရွေးလွှတ်တာလည်း ဖြစ်နိုင်ပါတယ်။
- ၁၂၈၇ နှစ်ဆန်းပိုင်းမှာ ရှင်ဒီသာ ပါမောက္ခ ငြိမ်းချမ်းရေး သံ အဖြစ် ခရီးစထွက်တယ်။ ယူနန်ပြည်နယ် ယဆည် (Yachi) မှာ ၀ါဆိုတယ်။ မန်ကျူ ဧကရာဇ် စံမြန်းရာ တယ်တု ကို ၁၂၈၇ ဒီဇင်ဘာ မှာရောက်သွား ခဲ့တယ်။
- တိုင်းပြည် မှာ ပြည်သူ ပြည်သား မရှိရင် ဘာမှ ဆက်လုပ်လို့ မရတော့။ ဒါကြောင့် တရုတ် စစ်သည် သူရဲ တွေကို ပြန်ဆုတ်ခိုင်း။ စစ်ဒဏ်ကြောင့် ထွက်ပြေးနေတဲ့ လူတွေကို ပြန်ခေါ်။ ကောက်ပဲ သီးနှံ စိုက်ခိုင်းပြီး ကောက်ရိတ်သိမ်း ချိန် ကျမှ အခွန် လာသိမ်းလှဲ့ ဆိုတဲ့ ဒီသာ ပါမောက္ခ ရဲ့ စကားကို မန်ကျူ ဧကရာဇ် ကသိပ်ကြိုက်ခဲ့တယ်။ (ကြိုက်မှာပေါ့။ သူ့ဖက်က အသာချည်းပဲကိုး)
- ပုဂံ ကိုတိုက်ခိုက်လာတဲ့ တရုတ်တပ်မှာ ဗိုလ်ချုပ် အဖြစ် သုသုတ္တကိ (Hsueh-hsueh-ti-chin) ဦးဆောင်ပြီး စစ်သူရဲ နှစ်သောင်း ပါလာတယ်။
- ပုဂံမှာ သာသနာပြုဖို့ အတွက် မဟာ ထေရ ပုည ဓမ္မိက နဲ့ သိရိ ဓမ္မိ တို့ဦးစီးပြီး ကျောင်းပေါင်း ၇၀ က တရုတ် ရဟန်း သံဃာ တွေပါလာတယ်။ ပုဂံ ရောက်တော့ ရဟန်း။ လူ။ မင်း တစ်ယောက် မှ မကျန်အောင် အကုန်လုံး ထွက်ပြေးနေကြလို့ လူမရှိတဲ့ နေရာမှာ ဘာလုပ်လို့ လုပ်ရမှန်း မသိ၊ စေတီ၊ ပုထိုး၊ ကျောင်း တွေ တွေ့လို့ ပုဂံ ကို သာသနာ ပြုစရာ မလိုကြောင်း ရောက်မှပဲ သိကြပုံပေါ်တယ်။ ကိုယ့်ဒေသ ကိုယ်ပြန်ချင်လို့ ဆူဆူ ပူပူ လုပ်ကြတာ ကိုလည်း မန်ကျူ ဧကရာဇ် ထည့်စဉ်းစား ပုံရတယ်။
အဲသလိုနဲ့ တရုတ်တပ် တွေပြန်ဆုတ် သွားကြတယ်။ ဒါပေမဲ့ တရုတ်သြဇာ ခိုင်စေဖို့ မင်းသား ရဲစိန် တိမူ (Ye-sin-timus) ကို စေလွှတ်ပြီး ပုဂံ မင်းသစ် ကို သူ့စိတ်ကြိုက်တင်စေတယ်။ ရွှေနန်းသျှင် ကို ပုဂံမင်းသစ် အဖြစ် 30 May 1289 မှာနန်းတင်ခဲ့ တယ်။ ရွှေနန်းသျှင် က သူ့သား သိင်္ဃ ပတိ ကို တရုတ် ဧကရာဇ် ဆီလွှတ်တယ်။ ပညာသင် လွှတ်တာလည်း ဖြစ်နိုင်တယ်။ ဓါးစာခံ လွှတ်ရတာ ဖြစ်ဖို့ အကြောင်း ပိုများလိမ့်မယ်။ သို့သော် သူ့မှာ သြဇာ မရှိတော့။ မွန်ဂို အားကိုး နဲ့ နန်းရတဲ့ မင်းကို ပြည်သူ က မကြည်လင် ကြလို့ ၁၂၉၇ မှာ သူရော သူ့သား ဘေဂျင်း ပြန် သိင်္ဃ ပတိ ရော အသတ်ခံရတယ်။ ကုမာရ ကဿပ ခေါ် တက်တ၀်မူ မင်းကြီ ဆိုတဲ့ သူကို နန်းတင်တယ်။ ဘာမှ မကြာပဲ နန်းကျ ပြန်တယ်။ မင်လုလင် ခေါ် စောနှစ် နန်းတက်ပြန် တယ်။
ဒီလို တစ်ဗိုလ်ကျ၊ တစ်ဗိုလ်တက် လုပ်နေတဲ့ ပုဂံ နန်းဟာ အဲဒီ အချိန်မှာ ဘာသြဇာ အာဏာ မှ မရှိတော့ပဲ နာမည်ခံ ဘုရင် ဖြစ်နေရှာပါပြီ။ တကဲ့ အာဏာ က ရှမ်းညီနောင်သုံးပါး ခေါ် မြင်စိုင်းမင်း အသင်္ခယာ၊ မက္ခယာ မင်း ရာဇ သင်္ကြံ နဲ့ ပင်လယ် မင်း သီဟသူ တို့ရဲ့ လက်ထဲ ရောက်နှင့် နေပါပြီ။ ရွှေနန်းသျှင် လက်ထက် ကတည်းက ပုဂံ နိုင်ငံတော် ကို ရှမ်းညီနောင် သုံးဦး ခွဲဝေ အုပ်စိုး ကြပြီ လိုဆိုရပါမယ်။ ခရစ်နှစ် ၁၃၀၀ ပြည့်နှစ်မှာ မွန်ဂို တပ်တွေချီတက်လာပြန်တယ်။ ဒီတစ်ခါတော့ ပုဂံ ကို မလာပဲ တကယ့် အာဏာ တည်ရာ မြင်စိုင်း ကိုတန်းသွားကြပါတယ်။ အမျိုးသားရေး နိုးကြားအောင် လှုံ့ဆော် နိုင်စွမ်းရှိတဲ့ ရှမ်းညီနောင် သုံးဦး ကြောင့် မွန်ဂို တွေထင်တိုင်း မပေါက်။ ဒါပေမဲ့ ခံစစ် သက်သက်သာ တတ်နိုင်ရှာတဲ့ ဗမာတွေဟာ မွန်ဂို ကို အားတင်း တွန်းလှန်ရင်း နွေရာသီ ရောက်လာပါတယ်။ မြန်မာ နိုင်ငံ အလယ်ပိုင်း ရဲ့  မီးဟုန်းဟုန်းတောက်လုအောင် ပူလှ တဲ့နွေနေ အပူဒဏ် ကိုကျောကော့အောင် ခံရတဲ့ မွန်ဂိုတပ် များ ဟာစိတ်ဓါတ် အကြီး အကျယ် ကျဆင်း လာပါ တော့တယ်။ တစ်ဖက် ကလည်း တပ်မှူးများ ကို ရွှေ-ငွေ များနဲ့ လာဘ်ထိုး စည်းရုံး တဲ့ အတွက် ၁၃၀၃ ခုနှစ် ဧပြီ ၄ ရက်နေ့ မှာ ကျဲန်မိယင် (Cheng Mien) လို့ အမည်ပေးထားတဲ့ ပုဂံ နိုင်ငံတော် ကနေ တပ်ဖြုတ်ပြီး လက်အောက်ခံ နိုင်ငံ အဖြစ်က အပြီး ဖျက်သိမ်းပြီး မွန်ဂို တပ်တွေ ပြန်သွားကြတယ်။ ဒီမှာပဲ မွန်ဂို တရုတ် ရန်ကို အပြီးတိုင် တွန်းလှန် နှိမ်နင်း နိုင်သော ဘုန်းလက်ရုံးရှင် ရှမ်းညီ နောင် သုံးဦး ဆိုပြီး ကျောက်စာတွေ ထိုးပြီး မဟားတရား ကြွားပါတော့တယ်။ ဘာဏု ရာဇာ ဒေါင်းဖန်လ်ဝါ နဲ့  ရွှေငွေ လက်ဆောင် ပဏာ ကျေးဇူးကြောင့် ရန်သူတွေ ပြန်ဆုတ်ပါတယ် လို့တော့ ဘယ်ပြောလိမ့်မလဲနော်။ ။
သမိုင်းထဲက မြန်မာပြည်သား ဆောင်းပါးရှည်ကြီး ကိုဒီမှာပဲ ခဏ ရပ်နား ပါရစေ။ စိတ်ပါဝင်စားစွာ ဖတ်ရှုခဲ့ကြသူ အပေါင်းကို ကျေးဇူးတင်လျှက်-
Juan
References
Epigraphia Barmanica Vol. I, II and III
Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine.
သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။
သန်းထွန်း၊ ဒေါက်တာ၊ အသစ်မြင် မြန်မာ့ သမိုင်း။
သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်။


ဇာတ်သိမ်းပြီပေါ့လေ။
ဖတ်လေဖတ်လေကောင်းလေပဲ ကျေးဇူး အခုလို သမိုင်းတွေ ဖတ်ရတာ
So sad . I just know this blog today.
Its really nice!
I am very thankful to Sayargyi because he pulls us out of the bewitchment of Hmannanyarzawin and let us see Burmese History from the new perspectives.