ဒွါရာဝတီမှာရက်ငါးရာ (၁၃)
ဂျိဒယ်၊ ဂျိဒယ်
စိတ်လက် မကြည်သာစွာဖြင့် အိပ်ရာ ကနိုးလာသောသူ။ နံနက်ခင်းသည် နေရောင်ခြည်များ ၀င်းလက် ထိန်တောက်လျက်။ နုံးနုံး ချိချိ မျက်နှာသစ်၊ ဆူဆူ အောင့်အောင့် ရေချိုး။ ဆောင့်ကြီး အောင့်ကြီး အ၀တ်လဲ။ ငေးငေး ငိုင်ငိုင် နံနက်စာစား။ တကယ်တော့ ငယ်စဉ် ကကျောင်းမတက်ချင်၍ မိဘကို ခြေဆောင့် ငိုယို ဆန္ဒပြသည့် ကလေးငယ်များ၏ အချိုးမျိုး လုပ်နေမိ ခြင်းပါ။ အမှန်တကယ်လည်း ကျောင်းသွားချင်စိတ် လုံးဝမရှိ။ တစ်ရက်စာသည် တစ်သက်တာ အတွက်ဖူလုံ ပြည့်စုံ နေသလို။ ကိုယ်တတ်သိ နားလည်သော ပညာကို အဆင့်မြင့်မြင့် ဆက်လက်သင်ယူနေရခြင်းမျိုး မဟုတ်။ သူ့အဖြစ်က ကြားဖြတ်ပြီး ရုပ်ရှင် လက်မှတ် တန်းစီမိသလို ဖြစ်နေ၏။ ယခု လူတန်းထဲမှ ကန်ထုတ်ခံရလုနီးနီး။ စိတ်ဓါတ်ကျသည် ဆိုသောစကားက တကယ်ခံစားရမှ အတော်အခံရခက်မှန်း နားလည်ရသည်။ မနေ့က သင်ကြားလိုက်သည့် အီကော်နော်မစ် ဒီပရက်ရှင်းက သူ့ စိတ်ဒီပရက်ရှင်းလောက် ဆိုးမည်မထင်။
လမ်းထိပ်ထွက်။ ဘတ်စ်ကားပေါ်တက်၊ လုဗ္ဗိနီ မှတ်တိုင်ဆင်း။ လမ်းလျှော်။ ဂုံးကျော် စသည့် အလုပ်များကို စိတ်နှင့်ကိုယ် မကပ်ပဲ အော်တိုမက်တစ် reflex များဖြင့် လုပ်ကိုင်ရင်း မနေ့က သူ့ကို ခြောက်လှန့်ခဲ့သော စာသင်ခန်းထဲသို့ရောက်လာရ ပြန်သည်။ မနေ့က ထမင်းအတူစားခဲ့ သော၊ မျက်မှန်းတန်းမိသည့် ပန်ချာပီ ကျောင်းသားက သူ့ကို လက်ပြနှုတ်ဆက်သည်။ ပါးစပ်ကလဲ ဟိုင်းတဲ့။ ဆိုတော့လည်း ပြန် ဟယ်လို ရတာပေါ့။ ပန်ချာပီ့ အနားဝင်ထိုင်လိုက်သည်။ မနေ့က အတန်းတက်ရတာ ဘယ်လိုနေသလဲ မေးကြည့်တော့ မျက်နှာရှုံ့ ပြသည်။ အဖော်တော့ ရပြီပေါ့။ ကွန်ပြူတာ သိပ္ပံဘွဲ့ ရပြီး MIE ခေါ် Master of International Economics ဘွဲ့ အတွက်ဘောဂဗေဒ အကြိုသင်တန်းလာတက်ကြောင်းသိရ၏။ ဘယ်နိုင်ငံကလည်း မေးကြည့်တော့ ဒီနိုင်ငံကပါပဲတဲ့။ ထိုင်းပန်ချာပီ ပါလား။ သူက မြန်မာနိုင်ငံမှ MSc Health Econ ခေါ် ကျန်းမာရေး ဘောဂ ဗေဒ မဟာသိပ္ပံဘွဲ့ အတွက် အကြိုသင်တန်းလာတက်ရသူ ဖြစ်ကြောင်းပြန်မိတ်ဆက်ရ၏။
“Oh! You are from Pharma! ဒါဆိုမင်း ဖာမ ကပဲ”
သောက်ကျိုးနည်း- မြန်မာကိုများ ဖာမတဲ့။ အတော်ကျက်သရေတုန်းတဲ့ ခေါ်ပုံခေါ်နည်း ပါလား။ ဖာမ အခေါ်ခံရ၍ အတော်အောင့်သီးအောင့်သက် ဖြစ်သွားသည်။ ဗမာ ဆိုသောအမည်က အခေါ်မတတ်လျှင် မတွေးဝံ့စရာ ပါကလား။ သိပ်တော့ လည်းမထူးဆန်းပါ။ သူတို့ကလည်း ထိုင်းလူမျိုး၊ ဆိုင်ယမ် လို့ခေါ်ဖူးတယ်လို့မှ မရှိပဲ။ ယိုးဒယား တွေဆိုပြီး နှုတ်ကျိုး အောင်ခေါ်ခဲ့ကြတာကိုး။ တကယ်တော့ ယိုးဒယား ဆိုတာ တစ်မျိုးလုံး၊ တစ်ဆွေလုံးကို ချိုးနှိမ်ခေါ်လိုက်သည့် အခေါ်အဝေါ် ဖြစ်သည်။ တစ်ချိန်က ထိုင်းတို့၏ မြို့ တော် အယုဒ္ဓယ ဆိုသည်က ရန်သူမထိုးဖောက်နိုင်သောမြို့ ကြီးမဟာ ဟု အဓိပ္ပါယ်ရ သည်ကိုး။ ဒီမြို့ တော်ကြီးကျဆုံးတော့ အောင်နိုင်သူ တို့က ရန်သူထိုးဖောက်နိုင်ပြီ ဆိုတဲ့ အဓိပ္ပါယ်နှင့် အယုဒ္ဓယ မှ ယုဒ္ဓယ၊ ထိုမှသည် ယိုးဒယား ဖြစ်လာခြင်းပင်။ ထိုအမည်သည် ထိုင်းတို့၏ အသည်းနှလုံးထဲမှ အမုန်းမီးတောက်။ အမာရွတ်မြင်တိုင်း သတိရ နေသလို ထိုအမည်ကြားတိုင်း မပြေသောရန်ငြိုးတွေ သိုနေမည်မို့ ယိုးဒယားတွေလို့ မခေါ်မိအောင် သတိထားပါ ဆိုသော အမှာစကားကို သတိရမိသည်။
မနက်ပိုင်း ဒေါက်တာ ဖုန်းကမော၏ လက်ချာ စပြီ။ ကြိုးစား ပမ်းစား နားစိုက်ထောင်နေသောလည်း GDP, GNP, PPP, fiscal and monetary policy စသော စကားလုံး အသုံးအနှုန်း တွေက သူနှင့်စိမ်းလှသည်။ လူနာနှင့် မကျန်းမာသော လူ့အဖွဲ့ အစည်း မျှသော မြင်ကွင်းကျဉ်းကလေး ကို တစ်သက်လုံး အာရုံစူးစိုက်လာသူ တစ်ဦးအနေနှင့် တိုင်းပြည်တစ်ခု ၏လူမှု စီးပွားရေး အခင်းအကျင်း ဆိုသည့် panorama မြင်ကွင်းကျယ်ကြီးကို ခြုံငုံကြည့်၍ မရနိုင်သေးပဲ ဖြစ်နေ၏။ နားမလည်လို့ စာမဖတ်၊ စာမဖတ်လို့ နားမလည်။ ဆိုသည့် ကျောင်းသား သံသရာကို ကာလ၀ိဘတ် နောက်ပိုးတက်သည့်နှယ် သူခံစားနေ ရပြီ။ ဒီလိုနဲ့ပဲ နေ့လည်စာ စားချိန်ရောက်ရပြန်သည်။
စားသောက်ပြီးတော့ ငါးထပ်သို့ သူတက်သွား၏။ မကင်းကောင်က သူ့ကို ဒကာတော်ရေမြေ့ရှင် များထံ ယနေ့လိုက်ပို့၍ လုပ်စရာ ရှိတာတွေ လုပ်ရမည်ဆိုသကိုး။ ဆိုက်ဆိုက်မြိုက်မြိုက်ပင်တွေ့၏။ ပိန်ပိန်ပါးပါး၊ မျက်နှာထားချိုချို၊ သက်လတ် ထိုင်း အမျိုးသမီး။ ရယ်ရယ်မောမော ဖြင့်သူ့ကို နှုတ်ဆက်၊ သူကလည်း ပြန်နှုတ်ဆက်၊ အပြန်အလှန် အဘိယာစက စကားများ ပြောဆိုကြပြီးနောက် ညနေသင်တန်းဆင်းမှ ဆိုလျှင် ရုံးပိတ်ချိန်ရောက်ပြီမို့ ယခု သွားလျှင် အဆင်ပြေနိုင်ပါ့မလား ဟုမေး၏။ အမလေး- အဆင်ပြေလွန်းလို့ ဒီထက်အဆင်ပြေတာတောင် ဒီလောက်အဆင်ပြေနိုင်မည် မဟုတ်။ ဖုန်ဆာ၏ ရုံခါသော သင်္ချာ သင်တန်း တစ်ရက် လောက်လွတ်ရ နည်းသလား။
ဌာန ရှေ့ မှ နီပြာ ကြားတက်စီ တစ်စီးတား၍ တက်ခဲ့ကြသည်။ သူဘာမှ လုပ်စရာမလို သဖြင့် ဘေးဘီပါတ်လည် တောသား မြို့ ရောက် လျှောက်ကြည့်ချိန်ရ၏။ ဒရိုင်ဘာကား မကင်းကောင်နှင့် စကားတွေဖောင်ဖွဲ့နေ၏။ အတန်ကြာလျှောက်ကြည့်ပြီး မျက်စေ့ ညောင်းတော့စာရွက်စာတမ်းတွေ ထုတ်ကြည့်ရပြန်သည်။ သူ့ကို ဤနေရာ ဤဒေသမှာ ပညာတော်သင်စေဖို့ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဆိုသည့် အစိုးရ အဖွဲ့အစည်းက တာဝန်ယူထားခြင်းဖြစ်၏။ မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရများ အပြန်အလှန် သဘောတူညီမှုအရ ထိုင်းတွင် ပညာသင်ကြားကြမည့် အာဆီယံ နိုင်ငံများမှ ပညာတော်သင်များအတွက် ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်း ဖြစ်သည်။ ကျန်းမာရေး ဖက်မှသာမက။ အခြား အခြားသော ပညာရပ်ဆိုင်ရာ စကော်လာရှစ် တစ်နှစ်လျှင် တစ်ရာခန့်ပေးသည်။
တက်စီသည် တူးမြောင်းကြီးတစ်ခု ပေါ်သို့ ဂုံးကျော်တံတားမှ တဆင့်မောင်းတက်နေ၏။ လူတွေစည်ကားသည့် နေရာကြီး တစ်ခု။ အဲဒါ ဘိုဘေး ရပ်ကွက်နဲ့ နာမည်ကြီး ဘိုဘေးဈေးပေါ့ ဟု မကင်းကောင်က ပြောပြနေသည်။ သူပြောသည့် ဘိုဘေးဈေး ၏မနီးမဝေး အဆောက်အဦးကြီးတစ်ခု၏ ရှေ့ မှာ ကားရပ်လိုက်သည်။ ရောက်ပြီ။
အဆောက်အဦးထဲသို့ မှန်တံခါးမှ တစ်ဆင့် ၀င်ကြသည်။ လေးထပ်ဆီသို့ဓါတ်လှေကားဖြင့် တက်ပြန်သည်။ ထိုင်းလူမျိုး တို့၏ အခြားသော အကြိုက်တို့ကိုကားမသိသေး။ ဓါတ်လှေကားတော့ အတော်ကြိုက်ပုံရ၏။ နေရာတိုင်းမှာ လမင်းသာ သလို ဓါတ်လှေကားများကိုယ်စီ။ သုံးထပ်။ လေးထပ်။ ငါးထပ်။ ယုတ်စွအဆုံး နှစ်ထပ်ကိုပင် လှေကားဖြင့်တက်တော်မမူကြ။ ဓါတ်မှ ဓါတ်ပဲ။ မလိုအပ်ပဲ အားအင်ကို မသုံးလို၍လား။ လှေကားတက်ခြင်းသည် ကျန်းမာရေးနှင့် ညီညွှတ်စေသည် ဆိုသော အဆိုကို မထောက်ခံ၍လား။ ပျင်းလို့လား။ ရှိနေလို့ သုံးဖြစ်သွားတာလား။
အခန်းကျယ်ကြီး တစ်ခု အတွင်းသို့ သူတို့ဝင်ကြသည်။ နေရာတိုင်းမှာ အဲကွန်းများကြောင့် တစ်လက်မ မကျန်အောင် အေးစိမ့် လျက်။ သူ့ကို အခန်းတစ်ခန်းထဲတွင် ထိုင်ခိုင်းထားပြီး မကင်းကောင်က ထွက်သွားပြန်၏။ အခန်းထဲမှ လှမ်းကြည့်တော့ စားပွဲ ကိုယ်စီ။ ကွန်ပြူတာ ကိုယ်စီ၊ အနွေးထည်ကိုယ်စီ ဖြင့်အလုပ်လုပ်နေကြသူ ရုံးဝန်ထမ်းများ ကိုတွေ့ရသည်။ သိုးမွှေးထိုးနေသူ။ လက်ထဲမှာ ပုတီးကိုင်ပြီး အတင်းပြော တွတ်ထိုးနေသူ။ စာအုပ်ဖတ်နေသူ။ အလုပ်ရှုပ်ချင်ယောင်ဆောင်နေသူများ မတွေ့ရ။
မကြာပါ။ အသက်ကြီးကြီး တစ်ခေါင်းလုံး ဆံပင်ဖြူများဖြင့် ဖွေးနေသော ထိုင်းလူကြီးမင်းတစ်ဦး။ မကင်းကောင် အပါအ၀င် အမျိုးသမီးကြီး လေးယောက်ခြံရံလျက် ဒိုင်လူကြီးများ ဘောလုံးကွင်းထဲဆင်းလာသလို ခန့်ညားထယ်ဝါစွာ သူ့ထံသို့ ဆိုက်ဆိုက် မြိုက်မြိုက် ကြွမြန်းလာကြသည်။ ခေါင်းဖြူ လူကြီးမင်းက သူ့ကို လက်အုပ်ချီနှုတ်ဆက်၏။ လက်အုပ်ပြန်ချီ ရတာ ပေါ့။ ဆ၀ါဒီး-ခပ်တော့မှာပဲ လို့ထင်နေတုန်း-
“ဂျိဒယ်၊ ဂျိဒယ်”
ဘယ်လို၊ ဘာပြောလိုက်တာလဲ။ ဦးခေါင်းဖြူ ပါးစပ်က ထွက်ကျလာသော စကားလုံးတို့ကို သူကြားရသော်လည်း နားလည် ခြင်းဌာ မစွမ်းသာ။ ၄င်း၏အခြံအရံ မိန်းမကြီးများကို စစ်ကူတောင်းသည့်အနေဖြင့် လှမ်းကြည့်လိုက်ပြန်တော့ သူတို့လည်း နားလည်ပုံ မပေါ်။ ကြောင်စီစီကြီး ကြည့်နေကြ၏။ ကမ္ဘာပေါ်မှာ သုံးသည့် ဘာသာစကားမှ ဟုတ်ရဲ့လား။ ဦးခေါင်းဖြူက ထပ်မံ၍ ဂျိဒယ်၊ ဂျိဒယ် ဟုပြုံးပြုံးကြီး ထပ်ပြောနေပြန်သည်။ ဒုက္ခပါလား။ ဘာပြန်ပြောရမလဲ။ ထိုနောက်တွင်မှ ကမ္ဘာပေါ်တွင် သူတို့လူမျိုး တစ်မျိုးတည်းသာ ပြောတတ်သည်ဟုထင်ရသော အဆွဲ၊ အငင်၊ အဝေ့၊ အ၀ိုက် များလှသည့် ထိုင်းဂလိခ်ျ (ထိုင်းပြောသော အင်္ဂလိပ်အသံထွက်) ဖြင့် လွန်ခဲ့သည့်နှစ်နှစ် လောက်ကတက်ခဲ့သည့် နိုင်ငံတကာ ကွန်ဖရန့်စ် တစ်ခုတွင် မိတ်ဆွေ ဖြစ်လာခဲ့သော မြန်မာက သင်ပေးသွားသည့် မြန်မာစကားဖြင့် သူ့ကို နှုတ်ဆက်ခြင်းဖြစ်ကြောင်းပြောရှာသည်။
ခုမှပင် သူသဘောပေါက်တော့သည်။ ချစ်တယ်၊ ချစ်တယ် ဟုပြောနေခြင်းပါကလား။ မြန်မာတွေနှင့် တွေ့ပါက ဒီလိုနှုတ်ဆက်ပါ ဟု ကိုရွှေမြန်မာ ဘယ်သူဘယ်ဝါ မှန်းမသိက အခါတော်ပေးသည်ကို တစ်ခေါင်းလုံးဖြူနေပြီ ဖြစ်သော ထိုင်းအဖိုးကြီးက အဟုတ်မှတ်၍ သူ့အားလှိုက်လှိုက်လှဲလှဲ နှုတ်ဆက်နေရှာခြင်းဖြစ်သည်။ သူယောင်္ကျားလေး ဖြစ်၍သာတော် တော့သည်။ မိန်းကလေး မြန်မာပညာတော်သင် ကျောင်းသူများကို ဤပုံ ဤနည်း နှုတ်ဆက်မိပါက ဦးခေါင်းဖြူ တစ်ယောက် ၏ ရှေ့ ရေး ရင်လေးဖွယ်ပင်။ ငါးပါး မက သံဃာစင်မက ကျောင်းကြီးတစ်ဆောင်လုံးပါ ခေါင်းပေါ်ပြိုကျမည့် ကိန်းဆိုက်ပေ မည်။ ဘာပဲပြောပြော ယခု သူ့နေရေး၊ ထိုင်ရေး၊ ၀ါးရေး၊ စားရေး၊ ပညာသင်ရေး၊ အရေးပေါင်းစုံ တို့၏ အလုံးစုံ ဒကာတော် တို့၏ ကိုယ်စားလှယ်ကြီးမို့ ခင်ဗျားကြီးကိုလည်း အများကြီး ဂျိပါဒယ်ခင်ဗျား။ ဂျိပါဒယ်။
သင့်လူ


အနော်လည်း အများကြီး ဂျိပါဒယ်ခင်ဗျား။ ဂျိပါဒယ်။
lar lai twar bar tal naw.
read ya dar ayan kaung par tal.
kyay zuu tin par tal.