စာ မေး ပွဲ (၃)
(၁)
Examinations are necessary evils. သိုးဆောင်း ပညာရေး ပါရဂူ ကြီးများက စာမေးပွဲကို ထိုသို့ ချီးမွမ်း ခြေကျောက် ပြောခဲ့ ရေးခဲ့ကြသည်။
လွမ်းမောခဲ့ရသော တက္ကသိုလ်နွေည များတွင် စာမေးပွဲညများ မပါဝင်ဖို့ ကျိန်းသေသလောက်ရှိသည်။ ချောက်ချား ဖွယ်ကောင်းသော၊ စိုးထိတ်ကြောက်လန့်ဖွယ် ဖြစ်သော၊ မူးဝေ ဖျော့တော့အားနည်းသော၊ စိတ်နှင့် ကိုယ်နှင့် မကပ်သော၊ အချိန်နှင့် အမျှ စိတ်ဆင်းရဲရသော ညများသည် အဘယ်မှာ လွမ်းမောဖွယ် ကောင်းလိမ့် မည်နည်း။ လွမ်းမောဖို့ နေနေသာသာ တွေးကြည့်တာနဲ့တင် အော်ဂလီဆန်စရာ ကောင်းတော့သည်။
———————————————————–
ဆေးတက္ကသိုလ် ဒုတိယနှစ် သည် ထို necessary evil ကြီးနှင့် နဖူးတွေ့၊ ဒူးတွေ့၊ ဆွေမျိုးမေ့လောက်အောင် ပယ်ပယ်နယ်နယ် ပက်ပက်စက်စက် တွေ့ရသောနှစ်ဖြစ်သည်။ အတန်းတွင်းစာမေးပွဲ။ ကျူတိုရီယယ်စာမေးပွဲ။ လက်တွေ့ စာမေးပွဲ၊ စသော စာမေးပွဲ ဘုစုခရုများနှင့် အတန်းတင်ဖိုင်နယ် စာမေးပွဲကြီးများ အားလုံးပေါင်းလျှင် အခု သုံးဆယ် နီးပါး တစ်နှစ်အတွင်းဖြေဆို ကြရသဖြင့် လူကို ပြာစေရုံ၊ နှမ်းစေရုံမျှ မက ပျော့ပြဲ သွားစေသော အချိန်ကာလ များပင်ဖြစ်တော့သည်။
(၂)
ဒုတိယ အမ်ဘီဟု ခေါ်ကြသော ဆေးကျောင်းဒုတိယနှစ်သို့ ရောက်လာသည့် ဆေးကျောင်းသား ကျောင်းသူ တို့သည် ငါကား ဆရာဝန်ကြီး ဖြစ်ဖို့ အတော်နီးလာပြီ ဟုစိတ်ကြီးစိတ်ကျယ်တွေ ၀င်မယ်ကြံတုန်းမှာပင် စာမေးပွဲ လှိုင်းလုံးတို့ တဖုန်းဖုန်း၊ တ၀ုန်းဝုန်း တစ်လုံးပြီး တစ်လုံး ရိုက်ခတ်မှု အောက်တွင် အမြှုပ်ကီး ကြရရှာသည်။ အနာတမီ ခေါ် ခန္ဓာဗေဒ ဘာသာရပ်က လူ့ဖွဲ့စည်းပုံ နှင့်ပါတ်သက်သော ဒေတာများ၊ Jargons များကို ရိုက်ချက် ပြင်းပြင်းဖြင့် ခေါင်းထဲရိုက်သွင်းသည်ကို အရည်မလည် သေးခင် ဖီဆီရိုလော်ဂျီ ခေါ် ဇီဝကမ္မ ဗေဒ ၏ အံ့အားသင့် ဖွယ် လူ့ခန္ဓာကိုယ်၏ အလုပ်လုပ်ပုံများကို နာကြားမှတ်သားကြရပြန်သည်။ ထိုအကြောင်းအရာတို့ ခေါင်းထဲမ ရောက်သေးခင် လမ်းခုလတ်မှာပင် ဇီဝဓါတုဗေဒ ဘာသာရပ်က ရာဇဓါတုကလျာ ၏ ဘောလည်ကဲ့သို့ တလည်လည် နားလည်ရခက်လှသည့် ဖော်မြူလာ အီကွေးရှင်းအထွေထွေဖြင့် ဖိဖိ၍ ချပြန်လေသည်။ ထိုထိုသော သင်ခန်းစာများကို နားမလည်လည်အောင် အပြင်းအထန် နေ့မီးညမီးဆက်၍ ကြိုးစားကျက်မှတ် သင်အံ၍ အရည်မလည့်တလည်တွင် စာမေးပွဲများဖြေဆိုရပါတော့သည်။
———————————————-
နောက်မှ ရန်သူလိုက်လာသလို စာများကို အပြင်းအထန်သင်၍ ပြီးပြီးချင်း နောက်တစ်နေ့တွင် စာမေးပွဲတန်းစစ် သည့်ဆေးတက္ကသိုလ်၏ ထူးထွေသည့် အံ့ရာသော် စနစ်ကြီး၏ နှိပ်စက်ကလူပြုမှုကို အပြင်းအထန် အံခဲခံကြရင်း ကိုးရီးယား ဇာတ်လမ်းတွဲကဲ့သို့ စာမေးပွဲ အတွဲလိုက်ကြီးကို မဆုံးနိုင်၊ မမုန်းနိုင် ဖြေဆိုကြသောအခါ——
ဒီစာမေးပွဲ အတွက် ဟိုစာတွေကို လက်လွှတ်၊ ဟိုစာမေးပွဲ ရောက်ပြန်တော့ လွှတ်ထားတဲ့ စာကြွေးတွေ ပြန်ဆပ်ဖို့ အချိန်မမှီ။ ဒီလိုနှင့် စာမေးပွဲနီးလျှင် အတန်းမတက်နိုင်၊ အတန်းမတက်လို့ စာမေးပွဲ မဖြေနိုင်၊ ဖိုင်နယ် အထိ ဆပ်မကုန်သော အကြွေးစာများတလှေကြီး နှင့် လုံးထွေးရစ်ပါတ်ပြီး၊ စိတ်ဓါတ်တွေက အလျားလိုက်၊ ဒေါင်လိုက်၊ အဖတ်လိုက် ပြုတ်ကျ။ စသုံးလုံး ဂိုဏ်းသားတွေဖြစ် (စော်မကြည်၊ စာမေးပွဲကြ၊ စိတ်နောက် ဟု ဆေးကျောင်း သားတို့ လောကမှာ နာမည်ရသည့် စသုံးလုံး)။ နောက်ဆက်တွဲ စာမေးပွဲတွေနှင့် နဘန်းလုံးပြီး အောင်ရင်တက်၊ မအောင်ရင် ထွက် ဘ၀ရောက်ကြရတော့သည်။ ဘ၀ နှင့်ရင်းရသော စာမေးပွဲ။ ။ ။
————————————————–


Recent Comments