သွားပါများ ငရဲရောက်
မတ်လ ၂၂ ရက်၊ ၂၀၀၁ ခုနှစ်
ပန်ဒိုရာ၊ ကိုလိုရာဒို
(၁)
ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ကိုးထောင် မြင့်သော ဒေသ တွင် အရုဏ် တက်စ ကောင်းကင် ပြင်မှ မှေးမှိန် ဖျော့တော့စ ကြယ်များကို ကြည့်ရ သည်မှာ ပြဇာတ် ရုံမှ ဘော်ကြယ်တွေ ထိုးထားသော အမဲရောင် ကတ္တီပါ ပိတ်ကားကြီး အလား။ လူးဝစ် မာကွီး တစ်ယောက် သူ၏ သစ်သား အိမ်ကလေးမှ ထွက်လာစဉ် လိမ္မော်ရောင် သန်းနေ သော လမင်း ကြီးကို တစ်ချက် ကြည့်လိုက် သည်။ ထို့နောက် တွင်တော့ သူ၏ ၁၉၇၃ ခုနှစ် ထုတ် ချီဗီ ချီယာနီ လေးဘီး ယက် ပစ်ကပ် ကားကြီး ဆီသို့ လျှောက်လှမ်း လာခဲ့သည်။
မိန်းမ နှင့် သမီးလေး နှစ်ယောက် နိုးမည် စိုး၍ အိပ်ယာ ထဲမှ အသာ လျှောဆင်းကာ အလုပ် သွားဖို့ အဝတ် အစားများ လဲပြီး အိမ်ထဲမှ အသံ မကြားအောင် ထွက်လာ ခဲ့သည်။ ပုံမှန် အားဖြင့် ချစ်ဇနီး လီဆာ သည် သူ့အတွက် မနက်စာ ပြင်ပေး၊ နေ့လည်စာ အတွက် ထမင်းဗူး ထည့်ပေး လုပ်လေ့ ရှိသော်လည်း မနက် လေးနာရီ ဆိုသည်မှာ အိပ်ယာ ထဖို့ စောလွန်း အားကြီး လှသည် မဟုတ်လား။
မာကွီး နှင့် လီဆာ တို့က ဘဝကို ရိုးသားစွာ၊ အပူအပင် ကင်းစွာ ဖြတ်သန်း လိုသူများ ဖြစ်၏။ ယခု သူတို့ နေသော အိမ်မှာ ၁၈၈၂ ခုနှစ် ထဲက တည်ဆောက် ထားခဲ့သော အိမ်အို အိမ်ဟောင်း ကြီးကို သူ့လက်ဖြင့် တစစီ စိတ်ရှည် လက်ရှည် ပြင်ဆင် ခဲ့ခြင်း ဖြစ်သည်။ ကလေး နှစ်ယောက် ကိုလည်း နီးနီး နားနား တယ်လူရိုက်ဒ် မြို့ လေး တွင်သာ ကျောင်းတက် စေ၏။ စိတ်မော လူမော ဖြစ်စေသည့် မြို့ပြ လူနေမှု ဘဝကို သူတို့ နည်းနည်းမှ စိတ်မဝင်စား ကြချေ။ တစ်လ တစ်ခါ ၇၃ မိုင် ဝေးသော မန်ထရို့ စ် မြို့ လေးသို့ ဈေးဝယ် ထွက်ကြ သည်။ ဒီလောက် ဆိုလျှင် ပြည့်စုံ လုံလောက် ပေပြီ။
လရောင် အောက်တွင် သချိုင်း တွင်းမှ အုတ်ဂူများ သဖွယ် အေးဆေး ငြိမ်သက်စွာ တည်ရှိ နေသော သူတို့ မြို့လေးမှ အဆောက်အဦး လေးများကို တောင်စောင်း ပေါ်မှ ကော်ဖီ သောက်ရင်း မာကွီးက ငေးကြည့် နေမိသည်။ ဒီ ပီစိကွေး မြို့ငယ် လေးကို ၁၈၇၄ ခုနှစ် က ဆန်မီဂယ် တောင်ကြားတွင် ရွှေထွက် သည်ဟု သတင်း ကြားပြီး အလုံး အရင်း ရောက်လာ ကြသော ရွှေတူးသမား အချို့ စတင် တည်ထောင် ခဲ့သည်။ မှော်သေတ္တာထဲ မျှော်လင့်ချက်များ ထည့်ထားသည့် ဂရိ ဒဏ္ဍာရီ လာ မိန်းမချောလေး အဖြစ် တင်စား၍ ပန်ဒိုရာမြို့ ဟု နာမည် လှလှ ပေးခဲ့ ကြသည်။ သို့သော်လည်း ပန်ဒိုရာ သည် မျှော်လင့် သလို စည်ကား မလာခဲ့။ သွားလမ်း လာလမ်း ပိုသင့်၍ အချက်အခြာ ပိုကျ၊ အကွက် အကွင်း ပိုကောင်းသည့် ပန်ဒိုရာ နှင့် နှစ်မိုင် ခန့် ဝေးသော နေရာတွင် တယ်လူရိုက်ဒ် မြို့ ကလေး ထပ်မံ တည်ထောင် ခဲ့ကြပြီး နောက် ပေါ်သည့် မြို့က မောင်ဦး ဖြစ်တော့သည်။ သတ္တု တွင်းများ၊ ဘဏ်လုပ်ငန်း အများစု တယ်လူရိုက်ဒ် မှာ အလုပ် လုပ်သည်။ ပန်ဒိုရာ ကတော့ နိဗ္ဗာန်ဘုံ ဟု အမည် ပေးထား သော မိုင်းတွင်း တစ်ခု အခြေ စိုက်သည့် ကုမ္ပဏီ မြို့လေး ဖြစ်လာသည်။ လူဦး ရေက နှစ်ရာ သာသာလေး။ စိမ်းစိုသော ကိုယ်ပိုင် မြက်ခင်း ပြင်လေးများ၊ အဖြူရောင် ခြံစည်းရိုး လေးများ နှင့် လှပစွာ ဆေးသုတ် ထားသော အိမ်ကလေးများ နှင့် စာတိုက် တစ်ခုသာ ရှိသော ပိစိကွေး မြို့ကလေး ပန်ဒိုရာသည် သေတ္တာ တစ်ခု ထဲမှ ကလေး ကစားစရာ မြို့ကလေး သဖွယ် အဝင်လမ်း အထွက်လမ်း တစ်ခု တည်းသာ ရှိသော တစ်ဖက်ပိတ် မြို့ကလေး ဖြစ်၏။ သို့သော် အထီး မကျန်ပါ။ တယ်လူရိုက်ဒ် မြို့ နှင့် ကားလမ်း ရှိသလို ရီယို ဂရန်း ဆောက်သန်း မီးရထား ကုမ္ပဏီ ကလည်း ဒန်ဗာမြို့ သို့ သွားသည့် မီးရထား အတွက် ပန်ဒိုရာတွင် လမ်းခွဲ ကလေး တည်ဆောက် ထားပြီး ခရီးသည် တင်လေ့ ရှိသည်။
နာမည် ကသာ နိဗ္ဗာန်ဘုံ၊ မိုင်းတွင်း သည် ကျိန်စာ သင့်နေသည့် အလား အလွန် အထိအခိုက် များလှသည်။ ငရဲဘုံ ဆိုသည့် နာမည်က ပို၍ သင့်တော် လိမ့်မည်။ ထို မိုင်းတွင်းမှ လွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ် အတွင်း ဒေါ်လာ သန်း ငါးဆယ် ဖိုးမျှသော ရွှေများ ရရှိ ခဲ့သော်လည်း မတော်တဆ မှုများ ကြောင့် သေဆုံး ရမှုများ အတွက် လျှော်ကြေး ပေးရသည် နှင့် ယှဉ်ထိုး ကြည့်လျှင် အလျှော် အစား ကြီးလှ သည့် လုပ်ငန်း ဖြစ်ကြောင်း တွေ့ရှိ ရပေမည်။ စုစုပေါင်း အလုပ်သမား ၂၈ ဦး ဤ သတ္တုတွင်း ထဲတွင် အသက် ဆုံးရှုံး ခဲ့ရသည်။ လူပေါင်း တစ်ရာ နီးပါးမှာ တွင်းပြိုမှု နှင့် အခြား မတော်တဆ မှုများ ကြောင့် လူစဉ် မမီအောင် ကျိုးပဲ့ ခဲ့ကြ ရသည်။
ရှေ့ မှီ နောက်မှီ များ ကတော့ သေဆုံး သွားသော သတ္တုတွင်း အလုပ်သမား များ အနက် တစ်ဦး မှာ နာနာဘာဝ ဝိညာဉ် အဖြစ် တွင်းကို စောင့်ရှောက် နေသည် ဟု ယုံကြည် ကြ၏။ အချို့ ညများ တွင် ၄င်း၏ အော်ငြီး သံကြီးကို ဆယ်မိုင် အကွာမှ ကြားရ တတ်ပြီး အမြင့်ပေ ၁၃၀၀၀ ကျော် မြင့်သည့် တောင်တန်း များမှ တဆင့် မိုးယံ သို့ဆီ လွင့်ပျံ နေတတ် သည် ဟုလည်း ပြောကြ သေးသည်။
၁၉၃၁ ခုနှစ် တွင် နိဗ္ဗာန်ဘုံ သတ္တု တွင်းမှ တူး၍ ရနိုင် သမျှ ရွှေတို ရွှေစ တစ်မှုန် မကျန်အောင် အကုန် အစင် ထုတ်ယူ ပြီး ဖြစ်၍ အသုံး မဝင် တော့သော တွင်းဟောင်း ကြီးကို ပိတ်ပစ် လိုက်ကြ သည်။ ၆၅ နှစ် လုံးလုံး ၄င်းသည် အတိတ်၏ အမှတ်တရ ပြယုဂ် တစ်ခုအဖြစ်သာ ရှိခဲ့ ရာမှ ၁၉၉၆ ခုနှစ် တွင် တွင်းထဲမှ တစ္ဆေ ၏ ဖိနပ် သံများ နှင့် လှုပ်ရှားသံ များကို ပြန်လည် ပေါ်ထွက် လာသည်။
စင်စစ် ထို တစ္ဆေမှာ အခု တောင်စောင်းတွင် ရပ်နေသည့် လူးဝစ် မာကွီး ပင်ဖြစ်၏။ နိဗ္ဗာန်ဘုံ မိုင်းဟောင်း ကြီးကို ၁၉၉၆ ခုနှစ် က သူ ဝယ်ယူ ခဲ့စဉ်က ဤ ဒေသမှ လူများသည် သူ့ကို စိတ်မနှံ့ သည့် အရူး ဟု ထင်ခဲ့ ကြသည်။ ရွှေ တစ်ရွေး သားပင် မကျန် တော့သည့် ရွှေတွင်း ဟောင်းကို ငွေအများကြီး ပေးဝယ် သူမှာ အရူးသာ ဖြစ်ရ လိမ့်မည်။ ခုချိန် ထိလည်း တယ်လူရိုက်ဒ် မှ ဘဏ်သူဌေး တစ်ဦးမှ လွဲ၍ မာကွီး မှာ ထို တွင်းဟောင်း ကြီးမှ ဒေါ်လာ နှစ်သန်း ကျော် အကျိုး အမြတ် ရရှိပြီး ဖြစ်သည်ကို မည်သူမှ မသိခဲ့ ကြချေ။
ရွှေကို မာကွီး လုံးဝ စိတ် မဝင်စား ပါ။ သူ စိတ်ဝင်စား သည်က ကျောက်မျက် ရတနာ ဖြစ်၏။ လွန်ခဲ့သော ဆယ်နှစ် လုံးလုံး မွန်တာနာ၊ နီဗားဒါး နှင့် ကိုလို ရာဒို ရှိ ရွှေတွင်း၊ ငွေတွင်း ဟောင်းများ ကို အလကား နီးနီး ဈေးဖြင့် ဝယ်ယူ၍ ခရစ်စတယ် ကျောက်များကို လိုက်လံ ရှာဖွေသည့် အလုပ်ကို တစိုက် မတ်မတ် လုပ်ခဲ့သည်။ နိဗ္ဗာန်ဘုံ မိုင်းတွင်း ဟောင်း၏ တစ်ခုသော လှိုဏ်ခေါင်း အတွင်း တွင် မည်သည့် သတ္တုတွင်း တူးသမား ကမှ အဖိုး ထိုက်တန်ကြောင်း မသိရှိ ခဲ့သည့် နှင်းဆီ သွေးရောင် ခရစ်စတယ် ကျောက်ကြောကြီး ကို သူ တွေ့ရှိ ထားသည်။
ကြည့်လိုက် သည်နှင့် ထို ကျောက်မှာ ရိုဒို ခရိုဆိုက် ခရစ်စတယ် မှန်း မာကွီး ၏ ကျွမ်းကျင်သော မျက်လုံး များက ချက်ခြင်း တန်းသိ လေသည်။ စာရွက် တင်သည့် ဖန်တုံး လောက်မှ တန်ဖိုး မရှိဟု ထင်ရသော ပန်းဆီရောင် ထို ကျောက်တုံး များအား ကျောက်သွေး ပညာဖြင့် ပြုပြင် ထားသော ဆယ့်ရှစ် ကာရက် အရွယ် ရတနာ များသည် အလွန့်အလွန် ဈေးကြီးသော ပစ္စည်းများ ဖြစ်လာ လိမ့်မည် မှန်း ဤ ဒေသတွင် တစ်သက်လုံး နေထိုင် ခဲ့ကြ သူများ အိပ်မက်ပင် မမက်ဖူး ခဲ့ကြချေ။ တကယ်တော့ အခု ရရှိ ထားသမျှ ငွေကြေး ပမာဏ သည်ပင် သူနှင့် သူ့မိသားစု တစ်သက် စား မကုန်အောင် ဖူလုံ ပေပြီ။ သို့သော်လည်း ကျောက်ကြောကြီး ရှိနေ သမျှတော့ ဆက်လက် တူးဖော် နေရ ပေဦး တော့မည်။ ခွင့်သာဆဲမှ မခဲချင်လျှင် တလွဲ နင့်ပြင် ရှိသေး လိမ့်လား ဆိုသကိုး။
ကားကို ကျဉ်းမြောင်း ကြမ်းတမ်း လှသော တောင်ပေါ် လမ်း တစ်လျှောက် သတိ ကြီးစွာ ထား၍ ဖြည်းဖြည်းချင်း မောင်းလာ သည်။ သတိ တစ်ချက် လွတ်သည်နှင့် သူကြွယ်ကြီး မာကြီး ဘဝမွ မသာႀကီး မာကြီး ဘဝသို့ အချိန်မရွေး ပြောင်းသွား နိုင်သည်။ ဒီလို နှင့် နိဗ္ဗာန်ဘုံ မိုင်းတွင်း ဟောင်းကြီး ရှေ့သို့ ရောက်ရှိ လာသည်။ သံချေး အထပ်ထပ် တက်နေသော ကြီးမား ထူထဲသော သံတံခါးကြီး ကို ပိတ်ထား သည့် လက်ဖဝါး လောက်အရွယ် သော့ခလောက် ကြီး လေးခုကို တစ်ခုပြီး တစ်ခု ဖွင့်၏။ တံခါးကြီးကို လက်နှစ်ဖက်ဖြင့် အားစိုက် ဆွဲဖွင့်၏။ သတ္တု သယ်သော ထရော်လီ လေးများ နှင့် အမှောင် ထုထဲ သို့ ကွေ့ဝင် ပျောက်ကွယ် သွားသော သံလမ်း ကျဉ်းကျဉ်း လေးများကို အတွင်းသို့ ဖြာကနဲ ကျလာသော လရိပ် အောက်ဝယ် မှုန်တိ မှုန်မွှား တွေ့နေ ရသည်။
မီးစက် နှိုးပြီး မိန်း ခလုတ် ဆွဲတင် လိုက်သည်။ မိုင်းတွင်း တစ်ခုလုံး မီးလုံးများ ကြောင့် ထိန်လင်း သွား၏။ မာကွီး သည် ထရော်လီ တစ်ခု ပေါ် တက်လိုက် သည်။ ဆိုင်းကြိုး များကို ထိန်းပေး ထားသော ရီမုကွန်ထရိုး မှ ခလုတ် တစ်ခုကို နှိပ်သည်။ ထရော်လီသည် သံလမ်း အတိုင်း တစ်ဖြည်းဖြည်း အနိမ့်ပိုင်း ဆီသို့ ဦးတည် လျှောဆင်း နေတော့၏။ မြေအောက်သို့ သွားရာ လမ်းသည် စိတ်ပျော့ညံ့ သူများ နှင့် အမှောင်ကြောက် ရောဂါ ရှိသူများ နှင့် လားလားမျှ မအပ်စပ် ပါ။ လှိုဏ်ခေါင်း အတွင်း မြေပြို ကျခြင်းကို ကာကွယ်ရန် ငြမ်းထောက် များ ရှိ၏။ အချို့ မှာ ခိုင်ခိုင် ခန့်ခန့် ရှိသေးသော် လည်း အများစုမှာ အိုဆွေး နေပြီ။ မာကွီးသည် မြေအောက် အနက် ပေ ၁၂ဝဝ ထိ သံလမ်း အတိုင်း ထရော်လီ ဖြင့် လျှောဆင်း လာ၏။ ထို နေရာတွင် လှိုဏ်ဂူ အမိုးမှ ရေများ မပြတ်တမ်း စီးကျ နေ၍ ရေတံခွန်လေး သဖွယ် ဖြစ်နေ ၏။ ကျောပိုးအိတ် ထဲသို့ နေ့လည်စာ ဘူးကို ထည့်၍ ကျောတွင် လွယ်ပြီး ထရော်လီ ပေါ်မှ ဆင်း၍ ပိုက်လိုင်းကြီး တစ်ခု ရှိရာသို့ လမ်းလျှောက် လာခဲ့သည်။ ထို ပိုက်လိုင်းကြီး သည် ပေ ၂၂ဝဝ ထိ နက်၏။ ထိုနေရာမှ စ၍ လှိုဏ်ခေါင်း ငယ်များသည် စက်ဘီး စပုတ်တံ များနှယ် ပင်မ လှိုဏ်ခေါင်း ကြီးမှ ဖြာထွက်လျှက် ရှိသည်။ ရှေး မှတ်တမ်း များနှင့် မြေပုံများ အရတော့ သတ္တုတွင်း များမှ လှိုဏ်ခေါင်း များသည် အချင်းချင်း ဆက်စပ်လျှက် ပန်ဒိုရာ၏ မြေအောက် တွင် မိုင် ရာပေါင်း များစွာ ရှည်လျှား သည့် မြေအောက် လှိုဏ်ဂူ လမ်းများ ဖြစ်ပေါ်လျှက် ရှိသည် ဟု ဆို၏။
မာကွီး သည် ခဲတစ်လုံးကို ပစ်ချ လိုက်သည်။ နှစ်စက္ကန့်မျှ အချိန် အတွင်း ရေပွက်သံကို ကြားရသည်။ နိဗ္ဗာန်ဘုံ မိုင်းတွင်း ကို ပိတ်သိမ်း၍ ပင်မ ရေစုပ်စက်ကြီး အလုပ် မလုပ်တော့ သည်နှင့် တပြိုင်နက် ပေ ၁၂ဝဝ အထိ ရေတက် လာခဲ့သည်။ မာကွီး အလုပ် လုပ်သော ရိုဒို ခရိုဆိုက်ဒ် သတ္တုကြော ရှိရာ မြေအောက် ပေ ၁၂ဝဝ နေရာ ၏ အောက်ဖက် ၁၅ ပေ ခန့် အကွာတွင် ပေ ၁ဝဝဝ ခန့် ထုထည် ရှိသည့် ရေပြင်ကြီး ဖြစ်သည်။ ပြုတ်ကျ သွားခဲ့ပါက အဝီစိ သို့ သွားရာလမ်း ဧကန် စင်စစ် ဖြစ်ပေ လိမ့်မည်။ ရေသည် တဖြည်းဖြည်း တက်လာ သည်ကို မာကွီး သတိထား မိ၏။ ဤနှုန်း အတိုင်း ဆိုလျှင်ဖြင့် နောက် ရက်သတ္တပါတ် အနည်းငယ် အတွင်း ဤနေရာကို ရေလွှမ်း ပေတော့မည်။ သူ့အတွက် အချိန် သိပ်မရတော့။ ထို့ကြောင့်လည်း အချိန်ကို လု၍ ရနိုင်သမျှ သယ်ထုတ် တူးယူ နိုင်ရန် နေ့မအား ညမနား သူ ကြိုးစား နေခြင်း ဖြစ်သည်။
လှိုဏ်ခေါင်း ထဲတွင် ရွှေတူးသမား တို့ ချန်ရစ် ထားခဲ့သော သံချေး အထပ်ထပ် တက်နေသည့် ထရော်လီ အစုတ် အပဲ့ များ တောင်ပုံ ရာပုံ ရှိနေသည်။ မိုင်းတွင်းကို ပိတ်ပစ်သော ၁၉၃၁ ခုနှစ် များဆီက ပစ္စည်း ဟောင်း ဈေးကွက် မထွန်းကား သေးသဖြင့် အသုံးမလို တော့သည့် အခါ ခုကဲ့သို့ စွန့်ပစ် သွားခဲ့ ကြခြင်း ဖြစ်သည်။ လှိုဏ်ခေါင်း အတွင်းသို့ လမ်းလျှောက် ဝင်သွားသည်။ ခုနှစ်ဆယ့် ငါးကိုက်ခန့် အရောက် ကျောက်သား နံရံတွင် ဖြစ်ပေါ် နေသော ပတ်ကြားအက် အကွဲကြောင်း တစ်ခုကို တွေ့ရသည်။ ကိုယ်ကို တွန့်လိမ်၍ ခဲခဲ ယဉ်းယဉ်း တိုးဝင် လိုက်သည်။ ထို ပတ်ကြားအက် ၏ နောက် ပေ ၂ဝ အကွာ တွင် မာကွီး ၏ ရတနာသိုက် ဖြစ်သော ရိုဒို ခရိုဆိုက်ဒ် ကျောက်နီ များကို တောင်ပုံ ရာပုံ တွေ့ရသည်။ မီးဖွင့် လိုက်သည်။ ထုံးစံ အတိုင်း မီးလုံး က ကျွမ်းနေပြီ။ ကျောပိုးအိတ် ထဲရှိ မီးလုံး အပိုများ ထဲမှ တစ်လုံး တပ်လိုက်၏။ ပြီးတော့ ရိုဒို ခရိုဆိုက်ဒ် များ နစ်မြုပ် နေသည့် ကျောက်သားကို စတင်၍ တူး၏။ ကျောက်သား ထဲမှ ရိုဒို ခရိုဆိုက်ဒ် များက ချယ်ရီသီး နီနီများ သဖွယ်။
အတန် ကြာအောင် အလုပ် ထဲမှာ အာရုံစိုက် ထားရင်း ညောင်းညာ လာသဖြင့် ခေါင်းမော့ ခါးဆန့်၍ အညောင်း ဖြေလိုက် မိသည်။ အလို… ဘုရားရေ။ သူ့အပေါ် တည့်တည့်မှာ ကျောက်စွန်းကြီး တစ်ခု အသည်းယားဖွယ် မိုးနေ သည်ကို တွေ့လိုက် ရ၏။ အရင် နေ့များက လောဘဇော တိုက်နေ သဖြင့် သတိ မထားမိ။ သူ အလုပ် လုပ်နေ တုန်းသာ ပြုတ်ကျ လိုက်လို့ ကတော့ မြေအောက် ပေ ၁၂ဝဝ အနက် မှာ လူမသိ သူမသိ မြှုပ်နှံ ပြီး ဖြစ်နေ မည့် သူ့ ကို နောက် နှစ် တစ်ရာ လောက် ကြာရင်တောင် ရှာတွေ့ ကြပါ့မလား မပြောတတ်။ ဒီ ကျောက်စွန်းကို ဖေါက်ခွဲ ပစ်မှ ဖြစ်မည်။
မာကွီး သည် စက်တပ် လွန်သွား ဖြင့် ကျောက်စွန်း တစ်နေရာကို ဖောက်နေသည်။ ထို့နောက် ဒိုင်းနမိုက် အချို့ကို နေသားတကျ ဖြစ်အောင် စိတ်ရှည် လက်ရှည် ထည့်သွင်းသည်။ ဝါယာ ကြိုးများ တပ်ဆင် သည်။ သူ့ကိုယ်သူ လုံခြုံ စိတ်ချ ရသည့် နေရာသို့ ရွေ့ ပြောင်း သည်။ အားလုံး ပြီးတော့ အသက် အောင့်၍ ဒိုင်းနမိုက် ဖောက်ခွဲ သည့် ခလုတ်ကို နှိပ်လိုက် တော့သည်။
ဝုန်းကနဲ ခပ်အုပ်အုပ် အသံ တစ်ချက် ကြားလိုက် ရပြီးနောက် မိုင်းတွင်း တစ်ခုလုံး ပဲ့တင် ထပ်သွား၏။ အနီးနားရှိ ကျောက်သား ကျောက်စိုင်တို့ သွက်သွက်ခါ လှုပ်ယမ်း သွား၏။ မီးခိုးလုံး နှင့် မြေမှုန် တို့ကြောင့် မြင်ကွင်း သည် မဲမှောင်လျှက်။ မာကွီးသည် အတန် ကြာအောင် စောင့်ဆိုင်း နေလိုက်သည်။ ပြီးတော့ ပတ်ကြား အက်ထဲ ပြန်ဝင် သွား၏။ ကျောက်စွန်း ကြီး မရှိတော့။ ကျောက်စ ကျောက်န တွေ အဖြစ် မြေပြင်ပေါ် ပြန့်ကျဲ နေပြီ။ အချိန် မဖြုန်းပဲ ရှင်းလင်းရေးကို ချက်ချင်း လုပ်ရသည်။ ပြီးတော့ အန္တရာယ် ပေးနိုင်သော ကျောက်စွန်း တစ်ပိုင်း တစ်စ ကျန်မကျန် သေချာ ကြည့်မိသည်။
ထို ကျောက်စွန်းကြီး နေရာတွင် ဒိုင်းနမိုက် ဒဏ်ကြောင့် အပေါက်ကြီး တစ်ပေါက် ဖြစ်ကျန် ခဲ့၏။ ထို အပေါက်၏ နောက် ကွယ်တွင် ……………။
မာကွီး သည် ခေါင်းဆောင်းတွင် တပ်ဆင် ထားသော ဓါတ်မီး၏ အလင်းရောင် ဖြင့် သေချာ အားစိုက် ကြည့်၏။ အပေါက် ၏ အနောက်တွင် အခန်း တစ်ခန်း။ တလိပ်လိပ် တက်လာသော သိချင် စိတ်ကြောင့် မလှမ်းမကမ်းတွင် ထောင်ထားသော ခြောက်ပေ ရှည်သည့် သံလှေကား ကို ပြေးယူ မိသည်။ အပေါက် တည့်တည့် တွင် ထောင်၍ အပေါ်သို့ တက်သည်။ ကျောက်တွေ ကို လက်ဖြင့် ရှင်းလင်း မိသည်။ အခန်းသည် ပို၍ ထင်ရှား လာသည်။ အထဲသို့ ဝင်ရန် မမှီမကမ်း ဖြစ်နေ သည်။ အားစိုက်၍ တိုးဝင်တော့ နောက်ဆုံး ခေါင်း နှင့် ပခုံးနှစ်ဖက် ဝင်သွား ၏။ မီးရောင် သည် ဖွေးကနဲ ဖြာသွား ၏။ ၁၅ ပေ ပါတ်လည်ခန့် ရှိမည့် အခန်းလေး တစ်ခန်း။ ကျောက်သား နံရံတွင် ထူးဆန်းသည့် အမှတ်အသားများ။ သတ္တုတူး သမားများ ၏ လက်ရာတော့ မဖြစ်နိုင်။
ဟိုဟို ဒီဒီ လျှောက်ကြည့် နေသော မာကွီး ၏ ခေါင်းသည် တစ်နေရာ အရောက် တွင် မရွေ့ တော့။ စပါးကြီးမြွေ ညှို့ ချက် မိသည့် သားကောင် သဖွယ် ထို အရာဝတ္တု ကိုသာ ကြောင်ငေး၍ စိုက်ကြည့် မိနေ သည်။ ကြက်သီး များလည်း တဖြန်းဖြန်း ထမိသည်။ နေရာတွင်ပင် သေသွား သလို ခံစား မိနေသည်။
ကျောက်သား စင်မြင့် တစ်ခု ပေါ်တွင် တင်ထားသော မဟူရာရောင် နက်မှောင် ပြောင်လက် နေသော ဦးခေါင်းခွံ တစ်ခု၊ မျက်လုံးပေါက် ဟောင်းလောင်း ကြီးများက သူ့ကို ငေးစိုက် ကြည့်နေ သည် တကား။ ။ ။


ခွင့်သာဆဲမှ မခဲချင်လျှင် တလွဲ နင့်ပြင် ရှိသေး လိမ့်လား ဆိုသကိုး။
.. စာအခန့်ကြီးတွေ ရေးတတ်ချင်တယ်ဗျာ။ ရေးသူရဲ့ ဒုက္ခကိုဖတ်သူကတော့ သိလိမ့်မယ် မထင်ဘူး ။တခါတခါ အံကိုက်ကျမဲ့စကားလုံး တလုံးကို ရှာရတာ သုံးလေးရက် ။
ကိုသင့်လူစာတွေ စာအုပ်အဖြစ်နဲ့ ထွက်ဘူးသလားဗျာ ။
ခင်မင်လျက် ..
မင်းဒင်
ဦးမင်းဒင် ရေ သင့်လူ ကိုယ်စား ဖြေပါရစေ၊ သင့်လူ ရဲ့ စာများကို စာအုပ် အဖြစ် မထွက်ဖူး သေးပါ။
လေးစားပါတယ်ဗျာ.. ဘာသာပြန်ဖြစ်ပေမယ့် ..မြန်မာမှုပြုတာတော်လွန်း၊ ပြောင်မြောက်လွန်းပါတယ်… စကားပုံတွေနဲ့နှိုင်းယှဉ်ပြတာက စာဖတ်သူတွေ ဘ၀င်ကျစရာပါ..