(၃)
တော်လဲသံကြီးသည် မြေအောက်လှိုဏ်ဂူ အတွင်း နားမခံသာအောင် ပဲ့တင်ထပ်လျှက်ရှိရာမှ တဖြည်းဖြည်း တိုး၍ တိုး၍နောက်ဆုံးတော့ လုံးဝဆိတ်ငြိမ်သွားတော့သည်။ ပိန်းပိတ်နေသော အမှောင်ထုနှင့် ခြောက်ချားဖွယ် ငြိမ်သက် တိတ်ဆိတ်မှု၊ ထိုအမှောင်ထုနှင့် တိတ်ဆိတ်မှု တို့ကို နှာခေါင်းနှင့် ပါးစပ်များထဲ ဖုံအလုံးအရင်းဝင်ရောက်မှုကြောင့် လည်ချောင်းယားလွန်လွန်းသဖြင့် အပြိုင်အဆိုင်ဆိုးလိုက်ကြသော လူသားသုံးဦး၏ ချောင်းဆိုးသံများက ဖြိုခွင်းပစ် လိုက်သည်။ ပထမဆုံးစကားစပြောနိုင်သူက အမ်ဗရိုစ်။ ချောင်းဆိုးရလွန်း၍ မောဟိုက်ပြီး အစ်တစ်တစ်ဖြစ်နေသော အသံကွဲကြီးဖြင့်-
“သောက်ကျိုးနည်း၊ ဒါ ဘာ— ဘာဖြစ်တာလဲ”
“တွင်းပြိုပြီဗျ၊ ဂူအမိုးပြိုကျတာ” မာကွီးက နွမ်းလျှလျှ ဖြင့်အဖြေပေး၏။
“ပက်၊ ပက်ထရစ်ရှာ၊ ခင်ဗျား ဘယ်မှာလဲ၊ ဘယ်နေရာ ထိသွားသေးလဲ” ဒေါက်တာ အမ်ဗရိုစ်က မှောင်ထဲမှာ မမြင်မ စမ်းနှင့် အော်ဟစ်ပြီးမေးနေသည်။
“ကျွန်မ– အဟွတ်– ဘာ– ဟွတ်-ဟွတ် မှ မဖြစ်— ဟစ်–ဟစ်– ဘူး—ဟူး—-ဟူး၊ အဟွတ်– ဟွတ်– ဟွတ်” ပက်ထရစ် ရှာသည် ချောင်းအဆက်မပြတ်ဆိုးနေသည့်ကြားမှ ကြိုးစားပြီး ဖြေရှာသည်။ လဲကျနေသည့်အတွက် ဖုံမှုန့် များက ဇွတ်ရော၊ အတင်းရော၊ အဓမ္မရော နှာခေါင်းနှင့် ပါးစပ်တွင်းလှိမ့်ဝင်နေသည့်အတွက် အသက်ရှု ရပ်မတတ် ဖြစ်နေရှာသည်။
ယောင်္ကျားသားနှစ်ယောက်က သူမကိုစမ်းမိပြီးဆွဲထူလိုက်နိုင်မှ ဖုံဖို့သတ်ခံရမည့်ဘေးမှ သီသီလေး လွတ်ကင်းခဲ့ရ သည်။ အမ်ဗရိုစ်က လက်ကိုင်ပုဝါ တစ်ထည်ပေး၍ သူမမျက်နှာကို စည်းထားစေ၏။
“တော်ပါသေးရဲ့၊ စောစောက ကျွန်မဖြင့် မြေမျိုသွားပလား အောက်မေ့နေတာ”
“ဘယ်လို ဖြစ်တာတုန်း၊ ဘာလို့ မြေက ဆိုင်းမဆင့် ဗုံမပါ ပြိုရတာလဲ” အမ်ဗရိုစ် ကမာကွီးကို မျက်နှာချင်းဆိုင်၍ မေးလိုက်သည်။ ကိုယ်လက်တောင် ကိုယ်မမြင်ရသော အမှောင်ထဲတွင်မို့ မျက်နှာချင်းဆိုင်မိ မဆိုင်မိ မသေချာလှ။
“ကျုပ်လည်းသေချာတော့ မပြောတတ်ဖူးဗျ၊ ဒါပေမဲ့ အသံနားထောင်ရတာတော့ ဒိုင်းနမိုက်နဲ့ခွဲလိုက်သလိုပဲ” မာကွီး၏ မရေမရာ တုံ့ပြန်သံ။
“နှင်းတောင်ပြိုရာကနေ ဖိအားလှိုင်းရိုက်ခတ်လို့ မြေပါပြိုကျကုန်တာ မဖြစ်နိုင်ဘူးလား”
“ဒါတော့ ကျုပ်သေချာမသိဘူး၊ ဒါပေမဲ့ ခုနက အသံ– ဒီအသံဟာ—– ဟာ— သေချာပါတယ်ဗျာ၊ ဘုရားစူးရစေ့၊ အဲဒါ ဒိုင်းနမိုက်ခွဲတဲ့ အသံပဲဗျ၊ ကျုပ်ဒီမှာ အမြဲတမ်း ဒိုင်းနမိုက်အသေးစားလေးတွေခွဲနေကြဆိုတော့ သေချာတယ်။ ဒါပေမဲ့ ဒါအင်မတန်အားပြင်းတဲ့ ဒိုင်းနမိုက်ခွဲသံမျိုး”
“နို့ ဒါက တွင်းဟောင်းကြီးဆို”
“ဟုတ်တယ်လေ၊ ကျုပ်နဲ့ ကျုပ်မိန်းမ ကလွဲလို့ ဒီထဲကို လူတွေခြေမချတာ နှစ်ပရိစေတ္တ ကြာကြာလှပေါ့”
“ဒါဆို– ဘယ်လိုများ………….”
“ဘယ်လိုများ မဟုတ်ဘူး ကိုယ့်ဆရာရေ့ ၊ ဘာကြောင့်များလို့ မေးရမှာ၊ ဒီထဲမှာ သရဲကလွဲလို့ ဒိုင်းနမိုက်ခွဲမဲ့လူ ရော ခွဲစရာအကြောင်းရော မရှိဘူးဗျ”
“ဒါဆို–ရှင်ဆိုလိုတာက တစ်စုံတစ်ယောက်ဟာ မိုင်းတွင်းကို တမင်သက်သက် ဖောက်ခွဲပစ်တာပေါ့” ပက်ထရစ်ရှာ က ဝင်မေးသည်။
“တကယ်လို့များ ကျုပ်တို့ အပြင်ပြန်ရောက်ရင်တော့ သိမှာပေါ့လေ” မာကွီးသည် သူ့ဦးထုတ်ကို ကြမ်းပြင်ပေါ်တွင် လက်ဖြင့်လိုက်စမ်း ရင်းနောက်ဆုံးတော့ ရှာတွေ့သွား၏။ ဦးထုတ်ကိုစွပ်၏။ ခေါင်းဆောင်းမီးကိုဖွင့်၏။ ပြီးတော့ ပြုံးပြုံးကြီးပြောလိုက်၏။
“ကဲ ခု လင်းလာပြီ၊ ခုနကထက်ပိုကောင်းသွားပြီ မဟုတ်လား”
မီးအလင်းရောင်အောက်ဝယ် ဖုံမှုန့်တို့သည် အခန်းလေးအတွင်း မြူခိုးပင်လယ်ဝေလျှက်ရှိသည်။ သုံးယောက်စလုံး ဖုံတွေတင်နေပုံများ လူရုပ်ပင်မပေါ်ချင်တော့။ အခန်းထဲမှ ရုပ်ထုကြီးများလိုဖြစ်နေသည်။
“တကယ်လို့များ ဆိုတာ ရှင်ဘာကို ဆိုလိုတာလဲ မာကွီး” ပက်က စိုးရိမ်တကြီးမေးလိုက်၏။ မာကွီး၏ စကား အသွားအလာကို သူမ မကြိုက်ချင်။
“ဒါက ကျုပ်မိုင်းတွင်းရဲ့ ဘယ်အပိုင်းပြိုသွားသလဲ ဆိုတဲ့ပေါ်မူတည်တယ်ဗျ၊ ခုနေရာရဲ့ အောက်ပိုင်းပြိုသွားရင် ဘာမှ ကြောက်စရာမရှိဘူး။ အဲ အပေါ်ပိုင်းမှာ ပြိုလို့ကတော့ ကျုပ်တို့ ဒုက္ခ လှလှတွေ့ပြီပေါ့။ ကြာပါတယ် ခုသွားကြည့်လိုက် မယ်ခဏ နေခဲ့ကြဦးနော်”
ပက်နောက်ထပ် ဘာမှ မပြောနိုင်မီ မာကွီးသည် အခန်းကြမ်းပေါက်မှတဆင့်အပြင်သို့ လျှောကနဲ လျှိုထွက်သွား၏။ အခန်းထဲမှာ မှောင်အတိလွှမ်းမိုးနေပြန်သည်။ အမ်ဗရိုစ်နှင့် ပက်ထရစ်ရှာ အတွေးကိုယ်စီဖြင့် ငြိမ်သက်စွာရပ်နေကြ သည်။ စကားမပြောမိကြ။ ငါးမိနစ်သာသာ လောက်တွင်မာကွီး ပြန်ရောက်လာသည်။ မီးရောင်က ဦးထုတ်မှ တဆင့်ထိုးထားသဖြင့် သူမျက်နှာကိုတော့မမြင်ရ။
“ဘယ်ကစပြောရမလဲ၊ အို-ဘယ်ကစပြောပြော သတင်းဆိုးချည်းပဲ။ တွင်းပြိုတာက အပေါ်မှာ၊ ကျုပ်တို့ပိတ်မိနေပြီ။ ကယ်ဆယ်ရေးက ရှင်းလင်းဖို့ ကျုပ်တို့ဆီရောက်ဖို့ ဆိုရင် ဆယ်ရက်လား၊ တစ်လလား၊ တစ်နှစ်လား၊ ဘယ်လောက် ကြာမယ်မှန်းမသိတော့ပါဘူး” မာကွီး အသံသည် ပြောရင်းတိမ်ဝင်သွား၏။ အခြေအနေကတော့ အပျက် အပျက်နှင့် နှာခေါင်းသွေးရော၊ နှပ်ချေးတွေရော၊ တံတွေး၊ သလိပ်တွေပါ ထွက်မည့်ကိန်းဆိုက်နေပြီ။ ဘာမျှော်လင့်စရာမှ ရှာမရ။ စိတ်ဓါတ် တွေလည်းဂိတ်ဆုံး ကျပေါ့။
အမ်ဗရိုစ်က အားတင်း၏။
“အို သူတို့ ကျွန်တော်တို့ကို ရှာတွေ့မှာပါ။ တစ်ခုပဲရှိတယ်။ အစာငတ် ရေငတ် မဖြစ်ခင် ရှာတွေ့ဖို့ အရေးကြီးတယ်။”
“အစာငတ် ရေငတ်တာက ပြဿနာမဟုတ်ဘူးဆရာရဲ့။ နားထောင်စမ်း၊ အောက်မှာ ရေသံကြားလား၊ ရေတွေ တက်လာပြီ။ ခုကို သုံးပေလောက်မြုပ်နေပြီခင်ဗျ” မာကွီးက စိတ်ပျက်လက်ပျက် အသံကြီးကို ဖုံးကွယ်မနေတော့ပဲ ပြောချ လိုက်၏။
ဒီတော့မှ မာကွီး၏ ဘောင်းဘီရှည်မှာ ဒူးဆစ်အထိ ရေများစိုရွှဲနေသည်ကို ပက်သတိထားမိတော့သည်။
“ဒါဆို ကျွန်မတော့ ဒီ ငရဲခန်းကလေးထဲကနေ လွတ်လမ်းမရှိတော့ဘူးပေါ့”
“ကျုပ်ဒီလို မပြောပါဘူး၊ ဒီအခန်းထဲကို ရေတွေဝင်မလာပဲ ဟိုဘက် လှိုဏ်ခေါင်းထဲကို စီးဝင်သွားဖို့လည်း ဖြစ်နိုင်တာ ပါပဲ”
“ဒါပေမဲ့ ခင်ဗျားလည်းသေချာ မပြောနိုင်ဘူးမို့လား မာကွီး” အမ်ဗရိုစ်က လေးလေးနက်နက် မေးလိုက်သည်။
“စောင့်ကြည့်ကြတာပေါ့ဗျာ။ နောက်တစ်နာရီ နှစ်နာရီလောက်ဆို အဖြေသိရမှာပဲလေ” မာကွီးက ကံကိုယုံ၍ ပုံလိုက် ရသည့်လေသံဖြင့် ပျော့ပြဲပြဲ အဖြေပြန်ပေး၏။
သေမှာလား၊ ရှင်မှာလား။ ဘာမှ မသေချာ။ ပက်၏ မျက်နှာသည် သွေးရောင်မရှိတော့ပဲ ဖြူဖွေးလာ၏။ ဖုံမှုန့်တို့ ကပ်ညှိလျက်ရှိသော နှုတ်ခမ်းအစုံကလည်း တဆတ်ဆတ်တုန်လာသည်။ အခန်းကြမ်းပြင်အောက်က ရေတိုးသံကို ပီပြင်စွာကြားလိုက်ရသည့် တခဏမှာတော့ သူမ၏ ကျောပြင်ကို သေမင်း၏ အေးစက်သော လျှာဖျားဖြင့် အလျှက်ခံ လိုက်ရသလို တုန်တက်သွားသည်။ အမ်ဗရိုစ် မျက်နှာသည်လည်း ဇီးရွက်ခန့်သာကျန်တော့သည်။
“ရေနစ်တဲ့ အရသာဟာ ဘယ်လိုများပါလိမ့်” ပက်သည် သူမ တစ်ကိုယ်တည်း ကယောင်ကတမ်းပြောနေမိသည်။
အချိန်သည် ကုန်ခဲဘိခြင်း။ တစ်မိနစ်ကို တစ်နှစ်၊ တစ်နာရီကို တစ်ကမ္ဘာလောက်ထင်ရသည်။ ရေသည် အခန်းကြမ်း ပြင်အပေါက်မှ တဆင့် တဖြည်းဖြည်းတက်လာပြီး သူတို့ခြေကျင်းဝတ်သို့တိုင်ရောက်လာပြီ။ ကြောက်ရွံထိတ်လန့်မှု ကလည်း သူတို့ လည်ဂုတ်သို့တိုင်တက်လာပြီ။ တစ်ကိုယ်လုံး မမြုပ်ခင် ရေအတက်ရပ်သွားပါမည့်အကြောင်း ဆုတောင်းလိုက်ကြသည်မှာလည်း အနတ္တဂ္ဂမ။
မြေမျက်နှာပြင်အောက် ပေပေါင်းတစ်ထောင်အနက်ရှိ ကျောက်သား အခန်းကျဉ်းကလေးတစ်ခု အတွင်းရေနစ်လို့ သေရမည်ဆိုခြင်းက ခြောက်အိမ်မက်တစ်ခုဖြစ်မည်ဆိုလျှင်ပင် လက်သင့်ခံဖို့ ခဲယဉ်းလွန်းအားကြီးလှသည်။ ဖတ်ဖူးခဲ့ သည့် စာအုပ်တွေထဲက ရေနစ်သေပုံ အမျိုးမျိုးကို ကွက်ကွက်ကွင်းကွင်းကို ပြန်လည် အမှတ်ရနေသည်ကလည်း ပက်ထရစ်ရှာ အဖို့ ဒုက္ခတစ်ခု။
ယောက်ျားသားနှစ်ဦးကတော့ ကျောက်ရုပ်ကြီးများလို ငြိမ်သက်နေသည်။ မာကွီးသည် မယုံနိုင်လောက်အောင် ဖြစ်နေ ၏။ သိစိတ်နှင့်ရော၊ မသိစိတ်နှင့်ရော၊ ဘယ်ပုံဘယ်နည်း စဉ်းစား စဉ်းစား၊ ဘယ်သူကမှ ဘာအကြောင်းနှင့်မှ သူတို့ကို သေစေ့ချင်စရာ အကြောင်း တစ်စိုးတစ်စိမှ မရှိ။ သူ့မိသားစု ၏ပုံရိပ်လွှာများ တစ်ချပ်ပြီး တစ်ချပ် ဖျတ်ကနဲ ဖျတ်ကနဲ ခေါင်းထဲတွင် ပေါ်လာသည်။ သြော်- ဒီလိုနဲ့ဝေးကြရတော့မှာလား………………..။
ပက်ထရစ်ရှာသည် သူ့သမီးလေးကို စိတ်ကူးနှင့်မှန်း၍ မြင်ယောင်ရင်း ရင်ထဲမှာ ဆွဲဆုတ်လိုက်သလို နာကြင်မှု က တလိပ်လိပ်တက်လာသည်။ သမီးလေးကို လောကတွင် တစ်ယောက်တည်း အထီးကျန်စွာ ထားရစ်ခဲ့ရတော့မည်။ လူလားမြောက်သည်အထိ သူမစောင့်ရှောက်နိုင်စွမ်းမရှိတော့။ ဘာမဟုတ်သည့် ကိစ္စတစ်ခုကို အရူးအနှမ်းသဖွယ် စိတ်ဝင်စားမိသည့်အတွက် မြေအောက်က ဘာမှန်းမသိသည့် အခန်းအစုတ်ပလုတ်တစ်ခုထဲမှာ ကြွက်စုတ်သဖွယ် ရေမွန်း၍ သေရတော့မည်။ သူမ အလောင်းကိုလည်း ဘယ်သူကမှ ရှာမတွေ့တော့။ တွေးရင်းတွေးရင်း ရင်ထဲဆို့တက် လာသည်။ အားပါးတရ ငိုချပစ်လိုက်ချင်သည်။ သို့သော် မျက်ရည်က ကျမလာ။
စိတ်သက်သာလို သက်သာငြား သူတို့သုံးဦးသည် စကားလက်ဆုံကြဖို့ ကြိုးစားနေကြပြန်သည်။ ရေက ဒူးဆစ်ခန့် ရောက်လာသော အခါ ရှာကြံဖျစ်ညှစ်ပြောဆိုနေကြသော ဘယာနက စကားဝိုင်းသည် နိဂုံးကပ္ပါတ် အဆုံးသတ်လေ ၏။ ရေပြင်ကို တွေတွေကြီးစိုက်ကြည့်နေကြသည်။ သူတို့ဖာသာ သူတို့ ကြည့်ကြည့်၊ မကြည့်ကြည့် ရေက နည်းနည်းမှ ဂရုမစိုက်၊ ကြည့်နေရင်းပင် တင်ပါးမြုပ်တော့သည်။ သောက်ကျိုးနည်း- အေးလိုက်သည့်ဖြစ်ခြင်း။ အသားကို ရေခဲရိုက် ထားသည် သံမှိုထောင်ပေါင်းများစွာဖြင့် တပြိုင်တည်း အကပ်ခံလိုက်ရသလို တုန်တက်သွားကြရှာသည်။ ပက်ထရစ်ရှာ တစ်ယောက် သွားချင်းရိုက်၍ ခိုက်ခိုက်တုန်ပါလေပြီ။ ဒါ ဟိုက်ပိုသားမီးယားခေါ် ခန္ဓာကိုယ် အပူချိန်လျော့နည်းခြင်း၏ ပဏာမ အဖွင့်တီးလုံးဆိုခြင်းကို သတိထားမိသွားသော အမ်ဗရိုစ်က ပက်ကို သူ့ရင်ခွင်ထဲထည့်ပြီး နေရာအနှံ့ ပွတ်ပေး နေသည်။ အမ်ဗရိုစ်ကို ကျေးဇူးတင်လှသည်။ အားတင်းထားသည့်ကြားမှ အသိစိတ်တို့ ကင်းလွတ်ချင်လာ၏။ မာကွီး၏ ခေါင်းဆောင်းမီး ဝါကြန့်ကြန့် ကလေးမှ မီးရောင်အားကိုးဖြင့် မဲနက် အေးစက်သည့် ရေပြင်ကို ငေးငေးရီရီ စိုက်ကြည့် နေမိသည်။
ရုတ်တရက် ပက် ထအော်လိုက်သဖြင့် ပုရိသနှစ်ဦး လန့်ဖျန့်သွားကြသည်။
“မာကွီး၊ ရှင့်မီး ငြှိမ်းလိုက်စမ်း”
“ဘယ်လို၊ ဘာလုပ်ရမယ်…………………….”
“မီးငြှိမ်းလိုက်လို့ဆို၊ ကျွန်မ ရေအောက်မှာ တစ်ခုခု တွေ့နေရတယ်”
ဘုရား၊ ဘုရား၊ ဒီမိန်းမ ရူးများသွားပြီလား။ ရေနစ်သေမလို ဖြစ်နေချိန်မှာ အရူးမကြီးတစ်ယောက်၏ တိုက်ခိုက်မှုကို မည်သူမှ မခံလိုကြပါ။ အရူးစိတ်ချမ်းသာလျှင် တိုင်းပြည်အေးချမ်းတယ် ဆိုသကိုး။ မာကွီး မီးပိတ်ပေးလိုက်သည်။ အခန်းတစ်ခုလုံးပိန်းပိတ်အောင်မှောင်သွား၏။
“ခင်– ခင်ဗျား ဘာတွေ့တာလဲ” မာကွီးက တုန်တုန်ရင်ရင် ဖြင့်မေးလိုက်သည်။ မတော်လို့ထကိုက်နေမှ ဒုက္ခ၊
“အလင်းရောင်တစ်ခု” ပက်ထရစ်ရှာ ကလေသံလေးဖြင့် ဖြေလိုက်သည်။
“ကျုပ်တော့ ဘာမှ မမြင်ရဘူး”
“ရှင်မြင်ကို မြင်ရမယ်။ ရေအောက်ကပေါ်လာတဲ့ အလင်းတန်းတစ်ခု” ပြောရင်းဖြင့် ပက်ထရစ်ရှာ စိတ်လှုပ်ရှားလာ သည်။ အသံတွေတုန်လာသည်။
မာကွီးနှင့် အမ်ဗရိုစ်လည်း ဟုတ်လိုဟုတ်ငြား ရေထဲသို့ ပြူးပြဲ ကြည့်ကြပါသည်။ အမှောင် အမဲ မှလွဲ၍ ဘာမှ မတွေ့ကြ။
“ဘုရားစူးရပါစေရဲ့။ ကျွန်မ ရေအောက်မှာအလင်းတန်း တစ်ခု မြင်ကိုမြင်လိုက်တယ်ရှင်”
အမ်ဗရိုစ်က သူမ၏ ကိုယ်လုံးလေးကို တင်းကျပ်စွာ ဖက်ထားလိုက်ရင်း—
“ပက်ထရစ်ရှာ၊ သတိထားဦးမှပေါ့ကွယ်၊ ဒီမှာ ကျွန်တော်တို့က လွဲလို့ ဘယ်သူမှ မရှိဘူးဆိုတာ သိရဲ့သားနဲ့”
“ဟိုမှာ ဟိုမှာ၊ ရှင်တို့ မတွေ့ဘူးလား” ပက်သည် ရေအောက်ထဲသို့ လက်ညှိုးထိုးပြ၍ မျက်လုံးမျက်ဆံ ပြူးကာ အော်ဟစ်နေလေသည်။
မာကွီးက ရေအောက်သို့ သူ့ခေါင်းကို နှစ်လိုက်ပြီး မျက်လုံးများဖွင့်ကြည့်လိုက်သည်။ ဘုရားရေ…………..
တကယ်ပဲ လှိုဏ်ခေါင်းဆီမှ အလွန်ဖျော့တော့သော အလင်းရောင်တစ်ခု သူတို့ဆီသို့ ဦးတည်၍ လာနေသည်ကို တွေ့လိုက်ရသည်။ အလင်းရောင်က ပို၍ပို၍ အားကောင်းစူးရှလာသည်။ မာကွီး ပါးစပ်ထဲ ရေတွေဝင်ကုန်သည်။ သူခေါင်းကို အမြန်ဖော်၍ ဝူးဝူးဝါးဝါးအော်ဟစ်တော့သည်။
“သွားပြီ၊ သွားပြီ၊ ကျုပ်တို့တော့သွားပြီ၊ ဘယ်သူမှ မရှိတဲ့ မြေအောက်ထဲမှာ ရေနစ်လို့သေခါနီးဆဲဆဲ မိုင်းတွင်းသရဲ ကလာခေါ်နေပြန်ပြီ၊ အဲဒါ နာမည်ကျော် နိဗ္ဗာန်ဘုံ မိုင်းရဲ့ တစ္ဆေကြီးဗျ၊ အမလေး ဘာတွေဖြစ်ကုန်တာလဲဗျာ”
သူတို့သုံးယောက်မှာ လှုပ်ရှားဖို့ရန် အင်အားမရှိကြတော့၊ ရေအောက်မှ တဖြည်းဖြည်းတက်လာသော မာကွီးပြောသည် တစ္ဆေကြီး၏ အလင်းရောင်တန်းကို စူးစိုက်ကြည့်နေကြဖို့သာ တတ်နိုင်ကြတော့သည်။ မာကွီးက သူ့ဦးထုပ်မှ မီးလုံးကို ပြန်ဖွင့်လိုက်သည်။ ရေအောက်မှ အလင်းရောင်သည် အခန်းကြမ်းပေါက်မှတဆင့် အခန်းတွင်းသို့ရောက်လာသည်။ ရုတ်တရက် ထိုအလင်းရောင်နောက်မှ အမည်းရောင် ကိုယ်လုံးကြီးတစ်ခု ရေပေါ်သို့ ဘွားကနဲပေါ်ထွက်လာတော့ သည်။
အား…………………………………………….
သုံးယောက်သား ရှိသမျှ သံကုန်ခြစ်၍ ကုန်းအော်လိုက်ကြသည်မှာ မြေကြီးပင်သိမ့်သိမ့်တုန်သွားသလား အောက်မေ့ ရသည်။ ကြည့်နေရင်း ထိုအမည်းရောင် ကိုယ်ခန္ဓာကြီးမှ လက်တစ်ဖက်ထွက်လာသည်။ ပြီးတော့ ခေါင်းဆောင်းမီးကို ချွတ်၊ မျက်နှာဖုံးနှင့် အောက်စီဂျင်ဘူးကို ချွတ်လိုက်သည်။ မာကွီး၏ မီးရောင်အောက်တွင် သွားများပေါ်အောင် ပြုံးနေ သော မျက်နှာတစ်ခုပေါ်လာသည်။ မျက်လုံးများက မြသားရောင်နှယ် စိမ်းရောင်လွင်လျှက်၊ လူတစ်ယောက်။
ပြီးတော့ ထိုလူက ခပ်မြူးမြူး လေသံဖြင့် ကြောင်ငေးကြည့်နေသော သူတို့ကို စကားစပြောလေသည်။
“ဟယ်လို၊ ကြည့်ရတာ ကျွန်တော် တကယ့်ကို အချိန်ကောင်း အခါကောင်းမှာ ရောက်လာတာနဲ့တူတယ်နော့”
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ဖတ်ကောင်းတယ်ဗျာ… မြန်မြန်လေး တင်ပါ။ ဆန့်တငင်ငင်ဖြစ်လွန်းလို့ပါ
ဒီတစ်ခါတော့ စာရေးသူက အချိန်မီ မပို့နိုင် သေးဘူးဗျ၊ အားနာနာနဲ့ စောင့်ပါဦးပဲ ပြောပါရစေ