“ညစာစားဖို့ ကျွန်မ နည်းနည်း နောက်ကျ သွားတာ ခွင့်လွှတ် ကြပါရှင်၊ ရေနွေး စိမ်ပြီး အပန်းဖြေ လိုက်တာ တော်တော်လေး ကြာသွားလို့”
ပက်ထရစ်ရှာသည် မာကွီး၏ အိမ်တံခါးဝ ၌ နတ်သမီးလေး တစ်ပါး ကိုယ်ထင် ပြသလို လှပ ကျော့ရှင်းစွာ ပေါ်လာ၏။
လီဇာ မာကွီး သည် ပက်ထရစ်ရှာ ကို အပြေးတပိုင်း ထ၍ ကြိုဆို၏။
“ရှင့်ကို ပြန်တွေ့ ရတာ ကျွန်မ ဘယ်လို ဝမ်းသာမှန်း မသိဘူး၊ တကယ်ပဲ”
ပက်ထရစ်ရှာ အိမ်ထဲသို့ လှမ်းအဝင်၊ သူမ နောက်မှ ကပ်လိုက် လာသော ဒတ်ပစ် ကို လီဇာ တွေ့သွားသည်။ အမျိုးသမီး သည် ပစ်ကို ဖက်၍ ပါးနှစ်ဖက်ကို အားရပါးရ နမ်းနေ၏။
“မစ္စတာပစ် ကို ဘယ်လို ကျေးဇူး ဆပ်ရမှန်းတောင် မသိဘူး။ ကျွန်မ လင်တော်မောင် ကို ဘေးမသီ ရန်မခ အိမ်ပြန် ပို့ပေးတဲ့ အတွက်”
ပါးချိုင့်လေး ပေါ်အောင် ပစ် ပြုံးလိုက်၏။
“တကယ်က ကျွန်တော် ခင်ဗျားကို လိမ်ပြော တာဗျ၊ လူးဝစ် (မာကွီး) ကို ကယ်ချင်ယောင် ဆောင်ပြီး ကျွန်တော် ကိုယ့် ကိုယ်ကို မနည်း ကယ်ခဲ့ရတာ”
ပက်ထရစ်ရှာ ပျော်နေသည်။ သူမက ဒတ်ပစ်ကို မျက်စောင်း ထိုးရင်း ပြုံးစစဖြင့် ဝင်ပြော ပြန်သည်။
“ဒါကတော့ ရှင်ပိုပြီ။ လူးဝစ် သာမက ကျွန်မတို့ အားလုံးကို ရှင် ဘယ်လို ကယ်ခဲ့တယ် ဆိုတာ လူတိုင်း သိပါတယ်နော်”
“ကျွန်မက လူးဝစ်ကို ဖြစ်ကြောင်းရယ် ကုန်စင် ပြောခိုင်းတော့ သူက ဘာမှ ပြောမပြ ဘူးလေ။ အခု ညစာ စားရင်း ရှင် ပြောပြ ရမယ်နော်” ပျော်ရွှင် မြူးတူး နေသော လီဇာမာကွီးက ဒတ်ပစ် နှင့် ပက်ထရစ်ရှာ တို့၏ အပေါ်ဝတ် ကုတ်အင်္ကျီ များကို ချွတ်ပေးရင်း ပစ် ကို ဖိအား ပေးနေသည်။
“ကျွန်တော် အသားကင်နံ့ရတယ်။ ဗိုက်ဆာလာပြီ” ပစ်က နှာခေါင်း ရှုံ့ပွ ရှုံ့ပွ လုပ်ရင်း မိန်းမသား နှစ်ဦး လက်မှ ကိုယ်လွတ် ရုန်းဖို့ ကြိုးစား လိုက်၏။
“လူးဝစ်က ကားဂိုဒေါင် နားမှာ ရှင်တို့ အတွက် အသား ကင်နေ လေရဲ့။ ပြီးရင် ကျွန်မတို့ အနွေးဓါတ် လွှတ်ထားတဲ့ ဖန်လုံ အိမ်လေး ထဲမှာ ညစာ စားကြ မယ်လေ။ မြင်ကွင်းလည်း ကောင်းတယ်။ နွေးလည်း နွေးတယ်။ အပြင်မှာ စားရင်တော့ သိပ် အေးလွန်းတယ်။”
ဒတ်ပစ် သည် ရေခဲသေတ္တာထဲမှ ပက်စီဖီကို တံဆိပ် ဘီယာ တစ်ပုလင်းကို ဖောက်ပြီး မာကွီးထံ လျှောက်လာ ခဲ့၏။ မာကွီး ကား အသားကင်ရင်း အလုပ်များ နေ၏။
“အား-မွှေးတယ်ဗျို့ ၊ သွားရည်တောင် ကျလာပြီ”
မာကွီးက ပြုံးပြလိုက်သည်။
“ခဏလေး စောင့်ဦး၊ ရတော့မယ်၊ လီဇာက အသားကင်နဲ့ လိုက်အောင် မော်နေး အချဉ်ရည်ကို စပါယ်ရှယ် လုပ်ထား တာ”
များမကြာမီ သူတို့သည် မာကွီး၏ နွေးထွေး ဇိမ်ကျ လှသော ဖန်လုံခန်းလေး ထဲတွင် အသားကင် တစ်ကိုက် ဘီယာ တစ်ကျိုက် ဖြင့်ဆက်ရက်မင်း စည်းစိမ် ခံစား နေကြ၏။ လီဇာ စားသောက်ဖွယ်ရာ များကို သွားယူစဉ် မာကွီးက ပစ်နှင့် ပက် အား ပြီးခဲ့သည့် အကြောင်းများကို သိပ်ပြောဆိုခြင်း မပြုရန် ကြိုတင် မေတ္တာရပ်ခံ ထား၏။ ဤသို့ဖြင့် စိတ်နှလုံး ပျော်မွေ့ဖွယ် အကြောင်းများကို အလ္လာဘ၊ သလ္လာဘ လျှောက်ပြောရင်း လီဇာက ဒေါက်တာအမ်ဗရိုစ် အကြောင်း မေးသည် ကို တောဖြေ တောင်ဖြေ လျှောက်ဖြေ ကြသည်။ အရေးကြီး၍ ပြန်သွား သလိုလို၊ မိတ်ဆွေများ နှင့် ညစာ သွားစား သလိုလို မရေမရာ လုပ်နေကြသည်။ လီဇာ ကလည်း ပါးနပ်သော အမျိုးသမီး တစ်ဦးမို့ သူတို့ ပန်းခြံ ထဲမှ လမ်းလျှောက် ပြန်လာ သလိုလို ပေါ့ပေါ့ပါးပါး လျှောက်ပြော နေကြသော စကားများသည် အမှန် မဟုတ်မှန်း ရိပ်မိ သော်လည်း ဘာမှ ထွေထွေ ထူးထူး မမေး။ သူမ သမီးလေး များကို ညစာ ကျွေးရင်း အလုပ်ရှုပ် နေ၏။ ပက်ထရစ်ရှာ က ပန်းကန် ခွက်ယောက်များ ကူသိမ်း ပေးပြီး စားပွဲကို ရှင်းလင်းကာ မုန်လာဥ ကိတ်မုန့် နှင့် ကော်ဖီ တို့ဖြင့် အစာပိတ် ကြပြန်၏။
ပစ် သည် မီးဖိုခန်း ထဲမှ လီဇာအား စကား အနည်းငယ် ပြောရင်း မာကွီး နှင့် ပက်ထရစ်ရှာ တို့ထံ ပြန်လာ ထိုင်၏။ မာကွီးက သူ့ကို လှမ်းကြည့်ပြီး-
“ခင်ဗျားပြောတဲ့ ဒေါက်တာအမ်ဗရိုစ် နဲ့ ပါတ်သက်တဲ့ ဒုတိယ ကောက်ချက်ကို ကျုပ်ခုထိ လက်မခံနိုင်ဘူး ဖြစ်နေတယ် ဗျ။ ကျုပ်အထင်တော့ သူ အသတ်ခံလိုက်ရတာပဲ”
“ကျွန်မလည်း ဒီအတိုင်းပဲ ထင်တယ်။ ဒေါက်တာ အမ်ဗရိုစ်လို ပညာရှင်ကြီး အဖို့ လူသတ်ဂိုဏ်း ခေါင်းဆောင် ဖြစ်နေတယ် ဆိုတာ အဓိပ္ပါယ် မဲ့လွန်းတယ်”
ဒတ်ပစ်က သူတို့နှစ်ဦးလုံးကို စေ့စေ့ကြည့်လိုက်သည်။
“ခင်ဗျားတို့ နှစ်ယောက် ဒေါက်တာ အမ်ဗရိုစ်ကို ဒီနေ့မတိုင်ခင် ဘယ်သူ မြင်ဖူးကြလဲ”
မာကွီးနှင့် ပက်ထရစ်ရှာ တိုင်ပင်ထားသလို ပြိုင်တူ ခေါင်းခါကြ၏။ ပက်က စောဒက တက်သေးသည်။
“ဒါပေမဲ့ သူ့လို ထင်ရှားတဲ့ လျှမ်းလျှမ်းတောက်ပညာရှင်ကြီးဟာ……………..”
“ဘာပဲ ဖြစ်ဖြစ် အဓိက အချက်က ခင်ဗျား သူ့ကို အရင်က တစ်ခါမှ မမြင်ဘူး ခဲ့ဘူးလေ။ ဆိုတော့ ဒေါက်တာ အမ်ဗရိုစ် ပါလို့ ဘယ်လိုလုပ် သက်သေပြမလဲ”
မာကွီးခေါင်းညိတ်လိုက်၏။
“ဒါတော့ ဟုတ်ပါတယ်။ သူက ဒေါက်တာအမ်ဗရိုစ်အယောင်ဆောင် လူသတ်သမားပဲ ထားပါဦး။ ကျုပ်တို့နဲ့ တူတူ ရေနစ်သေမလို ဖြစ်နေတာ ခင်ဗျားဘယ်လို ရှင်းမလဲ”
“ဟုတ်တယ်၊ ဟုတ်တယ်၊ သူ့ကိုယ်သူ အသေခံပြီးတော့ သူများကို သတ်မယ်ဆိုတာတော့ ဘယ်ဖြစ်နိုင် မလဲနော်” ပက်က အကွက်ကောင်း ရသွား သည့်နှယ် ဝင်ပြော၏။
ဒတ်ပစ် ကတော့ ခပ်အေးအေးပင် ပြန်ပြောသည်။ သူ့လေသံက သေချာလွန်းလှသည်။
“အဲဒါ သူတို့ အတွက်အချက် မှားလို့ဗျ။ ဒီကောင်တွေဟာ ဖောက်ခွဲရေး စပါယ်ရှယ်လစ်တွေ၊ ဒါပေမဲ့ မိုင်းတွင်းအတွေ့ အကြုံ မရှိတော့ လုပ်လိုက်တာ လက်လွန် သွားတယ်။ ဒါနဲ့ပဲ သူတို့ခေါင်းဆောင် ရေနစ်ပြီး သေမလို ဖြစ်တော့ ကယ်ရအောင် ဆိုင်ကယ် တွေနဲ့ လာကြ တာပေါ့ဗျ”
မာကွီးသည် နေဝင်ရီတရော တောင်တန်းများ၏ အလှကို ငေးကြည့် နေ၏။
“သူတို့ ဒီလိုလုပ်လို့ ဘာ အကျိုးအမြတ် ရှိမလဲ”
“အင်မတန် ပိရိသေသပ်တဲ့ လူသတ်မှု အထမြောက်မှာပေါ့ဗျ။ အထဲမှာ ခင်ဗျားတို့သေနေရင် ဒါ မတော်တဆ တွင်းပြို လို့ပဲ။ ဘယ်သူကမှ လူသတ်မှုလို့ ထင်မှာ မဟုတ်ဘူးလေ”
“အင်းလေ၊ အဲဒါကိုပဲ မေးနေတာ၊ ကျွန်မတို့ကို သတ်လို့ သူတို့မှာ ဘာ အကျိုးအမြတ် ရမှာလဲလို့”
“ခင်ဗျားတို့က သူတို့အတွက် မထွေးနိုင် မအန်နိုင်တဲ့ ခြိမ်းချောက်မှုကြီး တစ်ခု ဖြစ်နေ လို့ပေါ့”
“ဘယ်လို၊ ဘယ်လို၊ ဘယ်သူ့အတွက် ဘယ်ဟာက ခြိမ်းချောက်တာ……”
မာကွီးရော ပက်ထရစ်ရှာပါ ခေါင်းခြောက်သွားကြ၏။ အခြေအနေက ရှုပ်သထက် ရှုပ်ထွေးလာသည်။ ပစ် ဘာတွေ ပြောနေမှန်း သူတို့ ကောင်းကောင်း နားမလည်ကြ။
ဒတ်ပစ်သည် စိတ်ရှုပ်၊ စိတ်ညစ် နေကြသော မာကွီးနှင့် ပက်ကို စေ့စေ့ ကြည့်ရင်း-
“ဒီကိစ္စ ရဲ့ နောက်ကွယ်မှာ အင်မတန် ကျောထောက် နောက်ခံ တောင့်တင်းပြီး အရမ်း လျှို့ ဝှက်တဲ့ အဖွဲ့အစည်း တစ်ခု ပါနေတယ်။ သူတို့က မဟူရာ အရိုးခေါင်းနဲ့ ပါတ်သက်လို့ အများပြည်သူ သိသွား မှာကို လုံးဝ မလိုလားတဲ့ ပုံပဲ”
ပက်ထရစ်ရှာ တုန်လှုပ်သွား၏။
“သူတို့– သူတို့က ဘာ့ကြောင့်များ ဒီလို မနုဿဗေဒ ဆိုင်ရာတွေ့ရှိမှုကြီးကို လူသိ မခံချင် ရတာလဲဟင်၊ သူတို့နဲ့ ဘာဆိုင်လို့လဲ”
ပစ်က ပက်ကို ပခုံးတွန့် ၍ လက်ဖဝါးနှစ်ဖက် မြှောက်ပြလိုက်၏။
“ဂွင်းဆက်က အဲဒီနေရာမှာ ပြတ်နေတာဗျ”
ပက်ထရစ်ရှာသည် အတန်ကြာအောင် စဉ်းစားနေ၏။ ပြီးမှ-
“ကျွန်မ မှတ်မိပြီ။ ခုကျွန်မတို့ ကြုံတွေ့ရသလိုမျိုးပဲ အရီဇိုနာ ပြည်နယ် တက္ကသိုလ်က ဒေါက်တာ ဂျက်ဖရီ တက်ဖက်နဲ့ သူ့ကျောင်းသားတွေ ချီလီနိုင်ငံ လက်စကာ တောင်တန်း တွေပေါ်မှာ ရှေးဟောင်း သုတေသန တူးဖေါ်ရေး လုပ်နေတုန်း တွင်းပြို ခဲ့ဖူးတယ်။ သူတို့ကတော့ ကံမ ကောင်းရှာဘူး၊ အများစုက သေဆုံး သွားခဲ့ တယ်လေ”
“သေရတဲ့ အကြောင်းက” မာကွီး စိတ်ဝင် စားစွာဖြင့် မေးလိုက်သည်။ ပြဿနာက ကြီးသည်ထက် ကြီးလာပြီ ဖြစ်၏။
“ကယ်ဆယ်ရေးအဖွဲ့တွေ အပြောအရတော့ အလောင်းတွေဟာ အေးခဲ တောင့်တင်း နေတယ်တဲ့။ ဒါကို ဘယ်လိုမှ စဉ်းစားလို့ မရကြဘူး။ ချီလီရဲ့ ရာသီဥတုဟာ ရေခဲမှတ်နဲ့ အဝေးကြီး၊ ဟိုက်ပို သားမီးယား ဖြစ်စရာ အကြောင်း မရှိဖူး မဟုတ်လား”
ပစ် ဝင်မေးလိုက်သည်။
“သူတို့က ဘယ်လို ရှေးဟောင်းသုတေသနမျိုးသွားလုပ်ကြတာလဲ”
“အဲဒါ ဘယ်သူမှ သေချာမသိဘူးရှင့်။ နယူးယောက်က အပျော်တမ်းတောင်တက်သမားတွေ စတွေ့ခဲ့တဲ့ ရှေးဟောင်း လက်ရာတွေလို့ပြောကြတာပဲ”
“အဲဒီ အပျော်တမ်း တောင်တက်သမားတွေရော”
“ဆမ်တီယာဂို ကနေ နယူးယောက်အသွား သူတို့စင်းလုံးဌားလာတဲ့ လေယာဉ်ပျက်ကြလို့ ဆုံးသွားခဲ့ကြတယ်”
ပစ်၏ မျက်လုံးစိမ်းများ အရောင်တလက်လက်တောက်လာ၏။ လွန်စွာသိမ်မွေ့နက်နဲသည့် လျှို့ဝှက်ချက်ကြီး တစ်ခုကို ဆွမ်းခံရင်း ငှက်သင့် သလို တွေ့ရှိနေပြီကော။
xxxxxxxxxxxxxxxxxxxxxxxxxxx

