ဆုန်ကရမ် ရဲ့ အရုဏ်ဦး
ပျော်သည်။ ကျောင်းပိတ်ပြီ။ မက်ခရို ဘောဂဗေဒ နှင့် အသုံးချ သင်္ချာသင်တန်းများပြီးဆုံး၍ အကြိုသင်တန်း၏ နောက်ဆုံးဘာသာရပ်ဖြစ်သော မိုက်ခရို ဘောဂဗေဒ သင်တန်းမစမှီ ဆုန်ကရမ်ခေါ် ထိုင်းသင်္ကြန်ပွဲတော်နှင့် တည့်တည့် တိုးမိသဖြင့် ကျောင်းသုံးပါတ်ပိတ်ရသည်။ စိတ်လွတ်ကိုယ်လွတ် အနားယူလိုက်မဟဲ့လို့ အကြံကြီး ကြံခဲ့ သော်လည်း ကျောင်းပိတ်ပြီး ၄၈ နာရီ အတွင်း ထိနမိဒ္ဓ ကသူ့ကို လွှမ်းမိုးအနိုင်ယူသွားခဲ့သည်။ ဘန်ကောက်၏ လမ်းမ များကား ခြောက်သွေ့လှပါဘိ။ ဘဇာ ကြောင့်နည်း။ အကြောင်းရင်းကို စောကြောဆန်းစစ်မိသောအခါ- မြို့ ကြီးသား တို့ကား အားလပ်ရက်အတွက် နိုင်ငံတွင်း၊ ပြင် အပန်းဖြေခရီးများ ကိုယ်စီကိုယ်ဌ ထွက်တော်မူနေကြရာ ဘယ်ခရီးမှ မထွက်နိုင်သော သူ့လိုလူမျိုးများသာ ဆုန်ကရမ် သင်္ကြန်ရက်အတွင်းဘန်ကောက်တွင် ငေါင်းစင်းစင်း ငုတ်တုတ် ကျန်ရစ်ခဲ့ကြသောကြောင့်-ဟု အဖြေထွက်လာသည်။ ဆိုးပါ့။
ထိုင်းတို့၏ ဆုန်ကရမ်က သူတို့ဆီက အတာကူးသည့် နှစ်ဦးသင်္ကြန်နှင့်တော့ ဆီနှင့်ရေ။ မဏ္ဍပ်မရှိ၊ မီးသတ်ပိုက်ဖြင့် ကျောကွဲအောင် အတင်းဆောင့်ထိုးတာမရှိ။ ရေပက်ခံကား နထ္ထိ၊ ဇော်ဝမ်း နှင့် မြနန္ဒာမရှိ၊ တူးပို့ တူးပို့ မရှိ၊ စိုင်းစိုင်းခမ်း လှိုင်မရှိ၊ တောဂေါ်လီမရှိ၊ သင်္ကြန်ကာလ တွင်မှ ခါတော်မှီပွင့်တတ်သော မွှေးရနံ့သင်းထုံသည့် ပိတောက်မရှိ။ အခြောက်ရှိ၏။ မစို့မပို့ ရေပက်ပြီး လူတွေကို ပေါင်ဒါမှုန့်ဖြင့် လိုက်သုတ်နေတာတော့ အနည်းအပါး ရှိ၏။ ကျန်မြို့ တွေ တော့မပြောတတ်၊ သူကျင်လည် ကျက်စားရာ ဘန်ကောက်မြို့ လည်ကတော့ ဘာဆိုဘာမှမရှိ၊ ကမ္မဋ္ဌာန်း ကျောင်း အလား တိတ်ဆိတ်ငြိမ်သက်လှသည်။
လေးဖက်ပါတ်ရံ၊ အုတ်နံရံတွင်း အခန်းကျဉ်းလေးထဲမှာ စားလိုက်၊ အိပ်လိုက်၊ စာဖတ်လိုက်၊ တီဗွီမှ လာနေသော ဘာမှန်းမသိသည့် တအီအီ တအာအာ ထိုင်းတေးသံများနှင့် ခေါင်းကလေး လှုပ်တုပ်လှုပ်တုပ်၊ လက်ကလေး မကွေးတကွေး အိစိအိစိ အကများကို စိတ်ညစ်ညူးစွာကြည့်လိုက်၊ တစ်ခါပြင် ဘတ် (၂ဝ) တန်လမ်းဘေးထမင်းဆိုင် များမှ ပူပူ၊ စပ်စပ်၊ ချိုချို၊ အုန်းသီးနံ့တွေ အမြဲရနေသော ထမင်းဟင်းတို့ကို မနက်ပြန်ညပြန်စားလိုက်၊ ရန်နန်လမ်းမ ပေါ်တွင် ဦးတည်ချက်မဲ့လမ်းသလားလိုက်၊ ပန်းခြံလေးထဲမှာ ကြောင်တောင်တောင် ငေါင်ငေးငေး ထိုင်လိုက်၊ ဘစ်စီ ခေါ်ကုန်ပဒေသာဆိုင်ကြီးသို့ သွားရောက်ငေးမောလိုက်နှင့် ကြာတော့ သည်းမခံနိုင်လောက်အောင် ငြီးငွေ့လာ၏။ ဒီလိုနဲ့ပဲ တစ်ကိုယ်တော် မြို့ ပါတ်ခရီးထွက်ခဲ့သည်။
ထွက်လာတာတော့ ဟုတ်ပြီ။ ဘယ်သွားမလဲ။ ထေရဝါဒ ဗုဒ္ဓဘာသာတိုင်းပြည်အချင်းချင်းမှာ ဘုရားမှ မသွားလျှင် ရာဇဝင်ရိုင်းရချည့်။ ဒါဖြင့်လည်း သွားပေါ့။ ဘန်ကောက်ရဲ့ နာမည်ကျော်မြဘုရားကို။ မြေပုံပေါ်မှာတော့ သူနေထိုင်ရာ ရန်နန်အိမ်ယာနှင့် မြဘုရားကိန်းဝပ်စံပယ်ရာ ဝပ်ပရာကျော စေတီတော်တို့သည် တစ်ထွာနှင့်လက်လေးသစ်မျှသာ ကွာဝေး၏။ လက်တွေ့မှာတော့ထိုခရီးကို ဘတ် (၈ဝ) တိတိငွေကုန်ကြေးကျခံ၍ တက်စီဌားသွားရသည်။ ပိုင် ဝပ်ပရာကျော၊ အိုကေလား၊ အိုကေပေါ့။ ကားပေါ်တက်သည်နှင့် တက်စီမီတာ ထောက်ကနဲဖွင့်လိုက်၍ သွားလို ရာနေရာရောက်သည့်အခါ မီတာတွင်ပြသည့် အတိုင်း ကျသင့်သည့် ငွေကြေးကို ပေးလိုက်ရုံသာ။ များလိုက်တာ။ လျှော့ပါဦး။ ဒီနားနဲ့ ဒီနားကို။ ဟုတ်ကဲ့ပါ၊ အနည်းဆုံးပါပဲ။ မကိုက်လို့ပါ။ ဘာညာ သာရကာ။ အပိုစကားတွေ ပြောစရာ မလို။
တက်စီဆရာ ခေါ်ဆောင်ရာသို့ တငြိမ့်ငြိမ့်လိုက်ပါရင်း ရပ်ကွက်ကြီးတစ်ခုကို ဖြတ်သန်းရသည်။ သူမြေပုံထုတ်ကြည့် နေသည်ကိုတွေ့တော့ တက်စီဆရာက ချိုင်းနားတောင်းဟုဆို၏။ သြော်-ဘန်ကောက်၏ တရုတ်တန်းကိုး။ တရုတ်တန်း သည် တရုတ်တန်းဟု ပြောစရာမလိုလောက်အောင် တရုတ်တန်းပီသလှသည်။ တရုတ်တန်းတို့၏ ထုံးစံအတိုင်း လမ်းပိန် လမ်းမြှောင် လမ်းမွှာများ၊ အိမ်ဆိုင်ကလေးများ မွစာကြဲ၍ ရှုပ်ရှက်ခတ်နေ၏။ ဧရာမ ရွှေစာလုံးကြီးများ ဒေါင်လိုက်ရေးထိုးထားပြီး လျှာအလျှားလိုက်ထုတ်ပြနေသော အနီရောင်ပိတ်စကြီးများကလည်း နေရာအနှံ့ တလွှား လွှား။ ရောင်းမဲ့၊ ဝယ်မဲ့၊ ချေးမဲ့၊ ဌားမဲ့ ဆွေမျိုးပေါက်ဖော်တို့ကလည်း ရပ်ကွက်အတွင်း တကားကား။ ခေါင်းလန်အောင် မော့ကြည့်ရသော မဟာဒါန်းလွှဲကြီးတစ်ခုကိုလည်း ဘာကြောင့်မှန်းမသိ စိုက်ထူထားသေးသည်။ လူစီးသည့် ဒါန်းတော့မဖြစ်နိုင်။ ဧကန္တ ဘီလူးစီးသည့် ဒါန်းများလား။ ဒီမိုကရေစီ ကျောက်တိုင်ဆိုသဟာကြီးကိုလည်း တွေ့ခဲ့ရသေး သည်။
နောက်ဆုံးတော့ ခံတပ်ကြီးတစ်ခုအသွင် အခိုင်အခန့်တည်ဆောက်ထားသည့် နေရာတစ်ခုရှေ့ သို့ရောက်လာသည်။ အထဲဝင်သွား၊ အဲဒါမြဘုရားဟု ကားဆရာက ပြောသဖြင့် ငွေရှင်းပြီးဆင်းခဲ့ရသည်။ အောင်မယ်လေး- ဘုရားဖူးဖို့ အ တွက် စစ်သားများ လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်နေသည့် မြို့ တံခါးပေါက်သဖွယ်အပေါက်မှ ဝင်ရမည်ဆိုပဲ။ ဘုရားဖူးများအား ဘောင်းဘီရှည်ဝတ်ဆင်လာမှ ဝင်ခွင့်ပြုမည် ဆိုသည့်စာတမ်းကြီးလည်း ချိတ်ဆွဲထားသေးသည်။ တောင်ရှည်ပုဆိုးဝတ်လာရင် ဝင်ခွင့်မပြုဘူးပေါ့။ ဘောင်းဘီရှည်ဝတ်ပြီး ကိုယ်တုံးလုံးလာရင်ရော ဝင်ခွင့်ပြုမှာလား။ သူ့ဖာသာ စောဒကတွေတက်ရင်း စိတ်ကူးထဲ ပြုံးနေမိ၏။
ဝပ်ပရာကျော သို့မဟုတ် သီရိရတနာသစ္စာဓရ စေတီတော်။ ၁၇၈၅ ခုနှစ်တွင် ဂရန်းပဲလေ့စ်ခေါ် နန်းတော်ရာ အတွင်း မှာ ပထမရာမမင်း တည်ထားကိုးကွယ်ခဲ့၍ ထိုင်းတို့အတွက် အရေးအပါဆုံးနှင့် အထွဋ်အမြတ်အထားဆုံး၊ နိုင်ငံ့အမှတ် အသားစေတီတော်ဖြစ်ခဲ့ရသည်။ သူတို့၏ ရွှေတိဂုံ၊ ရွှေမော်ဓေါ စေတီတော်ကြီးများကဲ့သို့ ကြီးမားခန့်ထည် မြင့်မားခြင်း မရှိ။ သေးသေးညှက်ညှက်ကလေးဖြစ်၏။ စေတီတော်အတွင်း၌ ဆုတောင်းပြည့်သည်ဟု နာမည်ကျော်သော မြဘုရား ဆင်းတုတော်ကိန်းဝပ်စံပယ်၏။ မြဘုရားကား ထိုင်းတို့၏ တိုးရစ်ဇင်ပရိုမိုးရှင်းကောင်းမှုကြောင့် ဆုတောင်းပြည့် ဘုရား ဆင်းတုတော်တို့ အလွန်ပေါများရာ သူတို့ရွှေပြည်ကြီးမှာပင် နာမည်သတင်း တဟုန်ထိုးကျော်ဇောသော ဘုရားဆင်းတု တော်ဖြစ်၏။ နိုင်ငံခြားသွားမည့်လူဆိုလျှင် ဘန်ကောက်ဝင်ပြီးမြဘုရားဖူးခဲ့ဟု ဆွေမျိုးသားချင်း၊ အိမ်နီးနားချင်း များက သိသိမသိသိ တခုတ်တရ မှာတတ်ကြသည်။
သူတို့ရန်နန်လမ်းထိပ်တွင် ချောင်ဖုရား သို့မဟုတ် ဗမာအခေါ် ကျောက်ဘုရားဆိုသည့် ရေချိုးခန်း၊ အနှိပ်ခန်းကြီးတစ်ခု ရှိ၏။ ဘတ်ငွေ ၁၅ဝဝ ခန့်သုံးလျှင် နတ်မိမယ်တို့၏ အပြုအစု အယုအယ ကိုခံယူရင်း စည်းစိမ်ယစ်၍ (၂) နာရီခန့် ဆွေမျိုးမေ့နိုင်လေရာ ဘန်ကောက်သို့ ခေါင်းစဉ် အမျိုးမျိုးဖြင့် ရောက်လာကြကုန်သော ရွှေမြန်မာတို့သည် ဆွေမျိုးများ မှာလိုက်သည့် မြဘုရားအစား ကျောက်ဘုရားသို့သာ ရောက်သွားကြသည်ဟု အဆိုရှိ၏။ အိမ်ပြန်ရောက်တော့ မြဘုရား ဖူးခဲ့ရသလား ဟု မိဘဆွေမျိုး များဝိုင်းမေးကြသောအခါ အချိန်မရလို့ မြဘုရားတော့ မဖူးခဲ့ရဘူး။ နီးနီးနားနား ကျောက်ဘုရားပဲ ဖူးခဲ့ရတယ် ဟု ဂယောင်ချောက်ချားဖြင့် ဖြေကြတော့ အေး-အေး ဘုရားဆိုပြီးတာပါပဲကွယ်၊ ဘယ်ဘုရားရောက်ရောက်ပေါ့။ သာဓု-သာဓု ဟု မိဘဆွေမျိုးတစ်သိုက်၏ ကောင်းချီးပေး၊ သာဓုအနုမောဓဒနာ ကိုပင်ခံကြရသည် ဆိုပဲ။ ရလိုက်ဦးမည့် ကုသိုလ်တွေ။
မြဘုရားကား မန္တလေး မဟာမုနိ ကိုယ်တော်ကြီးနှင့် ကံတူအကျိုးပေးဖြစ်၏။ ရခိုင်ကို လုပ်ကြံအောင်မြင်သဖြင့် ဘိုးတော်ဘုရား၏ သားတော်ကြီး အိမ်ရှေ့ စံ ရွှေတောင်မင်းသားသည် နှစ်ပေါင်း (၂၃ဝဝ) ကျော်ရခိုင်တွင် ကိန်းဝပ် စံပယ်တော်မူသော မဟာမုနိ ဆင်းတုတော်ကြီးကို အမရပူရသို့ပင့်ဆောင်ပြီး နောင်အခါ မန္တလေးတွင် စေတီတည်ထား ကိုးကွယ်ခဲ့သလို ဖုရာ့ချာကရီသည် လာအိုကို စစ်အောင်နိုင်တော်မူသဖြင့် မြဘုရားကို ဘန်ကောက်သို့ ပင့်ဆောင်ခဲ့ ခြင်းဖြစ်၏။ မင်းလိုလိုက်၍ မင်းကြိုက်ဆောင်ပြီး ဤနေရာဤဒေသသို့ ဤအချိန်တွင် ဤဆင်းတုတော်ကြွဖို့ရာ အကြောင်းဖန်လေဟန် မြတ်စွာဘုရားကိုယ်တော်တိုင် ဗျာဒိတ်ထားခဲ့ဟန် တောရမ်းမယ်ဘွဲ့ လျှောက်ဖြီးကြသော် လည်း တကယ်တော့ ဘုန်းလက်ရုံးပြ၍ အတင်းပင့်ဆောင်ခဲ့ကြခြင်းသာဖြစ်၏။ ထို့ကြောင့်လည်း တန်ကြေးကြီးဟန် ရှိသည်။ နိုင်ငံခြားသားများ မြဘုရားကို အလကားပဲတင်းဖူးခွင့်မပြု၊ ဘတ် (၂၅ဝ) ပေးဖူးရသည်။ ဘတ် (၂၅ဝ) နှင့်တန် အောင် ဘုရားရှေ့ မှာ ငုတ်တုပ်ထိုင်၍ လိုချင်သမျှ အကုန်ဆုတောင်းနေသူများကား တမျှော်တခေါ်။ ဘုရားဆင်းတု တော်တွေများစွာရှိသည့်အနက် ဤဆင်းတုတော်ကသာ ကိုယ်ပူဆာသမျှ ပြည့်စုံအောင် ဖြည့်ဆည်းပေးမည်တဲ့လား။ လယ်တီဆရာတော်ဘုရားကြီး၏ ဘုရားကို ဆင်းတုကွယ်တယ်ဆိုသည့် စကားကို အမှတ်ရစရာ။
ကဲ- မြဘုရားတော့ ဖူးပြီးပြီ။ ဘယ်သွားရရင် ကောင်းမလဲ စဉ်းစားပြန်၏။ မြေပုံထဲမှာတော့ ချောင်ဖုရားမြစ်၏ ဟိုမှာဘက်ကမ်းတွင် ဝပ်အာရုံခေါ်အရုဏ်ဦးစေတီတည်ရှိသည် ဟုဖော်ပြထားသည်။ ဝပ်ပရာကျောနှင့် မြစ်သာခြား ၏။ မြစ်ကလည်း လှမ်းမြင်နေရသည်။ ဟိုဖက်ကမ်းကူးဖို့ ကူးတို့ဆိပ်အဆင်သင့်ရှိသည်။ (၂) ဘတ်ပေးပြီး မြစ်ကူး ကူးတို့စက်လှေပေါ်တက်လိုက်၏။ ချောင်ဖုရားမြစ်ကား အပူပိုင်းဒေသ မြစ်တစ်စင်း၏ သရုပ် သကန် မှန်ကန်လှစွာ ညိုညစ်ညစ်ရေများစီးဆင်းလျှက်။ ငါးမိနစ်တောင်မကြာ။ ဟိုဖက်ကမ်းသို့ရောက်၏။ ကမ်းပေါ်တက်လိုက်သည်နှင့် အရုဏ်ဦးစေတီကို တန်းရောက်တော့သည်။ အရုဏ်ဦး စေတီက မြဘုရားကဲ့သို့ မင်းကြိုက်စိုးကြိုက်မဟုတ်၍ထင့်။ ဘတ် (၂၅ဝ) ပေးစရာမလို၊ ဘတ် (၂ဝ) ပေးပြီး သက်သာချောင်ချိစွာ ဖူးမျှော်နိုင်၏။
လေကလေးက တဖြူးဖြူး၊ သစ်ပင်ရိပ်၊ တောရိပ်တောင်ရိပ်တို့ဖြင့် စိမ်းလန်း အေးမြသော ပါတ်ဝန်းကျင်က ကွန်ကရစ် တောဖြစ်သော ဘန်ကောက်မြို့ လယ်နှင့်တော့ ဆီနှင့်ရေ။ စိတ်ကြည်လင်လန်းဆန်းပြီး အမော အပန်း ပြေစေသည်။ စေတီတော်ကြီးကို ရောက်ရာနေရာမှ ဦးချကန်တော့လိုက်ပြီး အရိပ်ကောင်းကောင်းတွင်ထိုင်၍ ပါတ်ဝန်းကျင်ကို စိမ်ပြေ နပြေ ငေးနေမိသည်။ စေတီ၏ တရားဝင်အမည်က Wat Arunratchawararam Ratchaworamahavihara တဲ့၊ အမယ်မင်း၊ ဘယ်လိုအသံထွက်ရမှန်းပင်မသိ။ ဒီလို နာမည်ရှည်ကြီးတွေပေးရတာကို အရှေ့ တောင်အာရှသားတို့ အလွန်အင်မတန် ခံတွင်းတွေ့ခဲ့ပုံရသည်။ ဘုရင့်ဘွဲ့နာမည်တွေဆိုလည်း ခန့်ငြားသည်ထက် ခန့်ငြားအောင်၊ ရှည်သည် ထက်ရှည်အောင် – ဂြီတြိ ဘုဝနာ ဒိတျ ဓမ္မ ရာဌာ ပရ မိသွ ရ ဗလ စက္က၀ရ် ဇောတိ ဇေဌပရ မဒိပဒိန္ဒ ဘောပိတျ မဟာရတန ဇောတိသီရိ သုဓမ္မ ပဝရ ဇယသီဟဠ ခေမ ဘူမိန္ဒရိန္ဒ ခေမာဓိ ပတိရာဇဒိ ရာဇ ဆိုတာမျိုးခေါ်ရင်းနှင့် လေဖြတ် ပါးရွဲ့ သွားနိုင် လောက်သည့် ဟာမျိုးကြီးတွေ ပေးရပြီဆိုလျှင် ဖရဏာပီတိ၊ ဂွမ်းဆီကို ထိလို့။
ဘုရားတွင် အလကားဝေသော လက်ကမ်းစာစောင်ကလေးအရ သိရသည်မှာ- အယုဒ္ဓယခေတ်ကောင်းစဉ် ကတည်းက ဤစေတီ တော်ကို စတင်တည်ဆောက်ခဲ့ပြီး အယုဒ္ဓယ ပျက်၍ သွန်ဘူရီသို့ မြို့ တော်ရွှေ့ ပြောင်းလာချိန်ကြမှ ငါ့တပါးမင်း ဖုရာ့ တက်ရှင်က အပြီးသတ်တည်ထားကိုးကွယ်သည်ဟု ဆို၏။ မြဘုရားကို လာအိုမှ ပင့်ဆောင်လာပြီး ဤအရုဏ်ဦးစေတီတော်တွင် ခေတ္တ သီတင်းသုံး စံပယ်ခဲ့သေးသည်။ ၁၇၈၄ ကျမှ သီရိရတနာ သစ္စာဓရ စေတီတော်သို့ ရွှေ့ ပြောင်းပင့်ဆောင်ကြသည်တဲ့။ ရာမမင်း ဆက် ပေါ်ထွန်းလာသောအခါတွင်လည်း အရုဏ်ဦးစေတီတော်ကို အဆင့်ဆင့် ပြုပြင်မွန်းမံခဲ့ကြသည်။
လူပြောများသည့် ပါးစပ်ရာဇဝင်အရတော့ အယုဒ္ဓယအမှောင်ဖုံးချိန်တွင် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသော ဖရာ့တက်ရှင် နှင့် ပထမ ရာမမင်းလောင်းလျှာ ဖရာ့ချက်ကရီတို့ သူငယ်ချင်းနှစ်ဦး ကျူးကျော်သူများကို အရိုးကြေကြေအရေခမ်းခမ်း ပြန်လည်တွန်း လှန်ပါမည့်အကြောင်း ဤစေတီတော်တွင် တိုင်တည်ဆုတောင်း၍ သစ္စာရေများသောက်ခဲ့ကြသေးသည် ဆိုပဲ။ ထိုထိုသော သမိုင်း နောက်ခံရှိသည့် အာရုဏ်ဦးစေတီကို သူစိတ်ဝင်စား၏။ တတ်နိုင်သမျှ အသေးစိတ်လေ့လာကြည့်မိသည်။
အရုဏ်ဦးစေတီသည် တွေ့ဖူးနေကြ မြန်မာ့ စေတီဟန်များနှင့် အတော်ကွဲပြား၏။ ဗဟို ပုထိုးတော်ကြီးက အမြင့်ကြီး၊ ၈၆ မီတာ မြင့်သည်ဟုဆိုသည်။ ကဗ္မောဒီးယား (ခမာ) ပုံစံ။ အုတ်ပြဿဒ်များဖြင့် တည်ထားသော ထိုပုထိုးတော်ကြီးကို အရံစေတီလေးခုက ပါတ်လည်ဝိုင်းထား၏။ ထိုအရံစေတီများဆီရောက်အောင် လှေကားအတိုင်း တမျှော်တခေါ်ကြီးတက်ရ၏။ အရံစေတီများ၏ အောက်ခြေ အုတ်ခုံများတွင် ဓါး၊ လှံ၊ လေး၊ မြှားကိုင်ထားသော စစ်သားရုပ်များနှင့် ဘာကောင်တွေမှန်းမသိသော နဂါးလိုလို၊ တိုးနယားလိုလို တိရိစ္ဆာန်ရုပ်တွေ ထွင်းထုထားသည်။ ဧရာဝဏ်ဆင်မင်းကို စီးထားသည် ဟိန္ဒူစစ်ဘုရား အိန္ဒ၏ အရုပ်ကြီးများ လည်းရှိ၏။ အဘယ်မျှပင် ထေရဝါဒ စစ်ပါသည်ဟု ကြုံးဝါးကြွေးကြော်စေကာမူ ဟင်ဒီယဉ်ကျေးမှု သြဇာအောက်မှ ရုန်းမထွက်နိုင် သည့် သက်သေအထိမ်းအမှတ်များလေလား။
အရှေ့ တောင် နှင့် တောင်အာရှ၏ မူပိုင်သတ္တဝါဖြစ်သည့် စေတီစောင့်ဘီလူးနှစ်ကောင်ကလည်း ခြေကားယား၊ လက်ကားယား၊ တင်းပုတ်ထမ်းလျှက် စောင့်ကြပ်နေ၏။ တစ်ကောင်က အဖြူ၊ တစ်ကောင်က အစိမ်း။ ဘာကြောင့် အရောင်ကွဲနေမှန်းတော့ မသိ။ စေတီတစ်ခုလုံးခြုံငုံကြည့်လိုက်တော့ ခမာ၊ ဟိန္ဒူနှင့် တရုပ် ဟိုကဒီက နည်းနည်းစီ စပ်ထားသည့် ရောသမမွှေပုံစံဖြစ်နေသည်။ ထိုင်းမူပိုင် စစ်စစ်ဆို၍ ဘယ်သူ့ကို ကိုယ်စားပြုမှန်းမသိသော နတ်ရုပ်များသာ တွေ့ခဲ့ရသည်။ ထို့အတွက်ကြောင့်လည်း အနောက် နိုင်ငံသားများက ဘန်ကောက်ကို အခြားယဉ်ကျေးမှု ပေါင်းစုံကို လိုက်လံတုပပြီး ဘာကိုမှ အောင်အောင်မြင်မြင်မတုပနိုင်လို့ ကို့ရို့ ကားယားဒီဇိုင်းတွေနဲ့ မြို့ တော်ဟု ရယ်သွမ်းသွေးကြတာဖြစ်လိမ့်မည်။ သူတို့ပြောတာလည်း မမှားလှ။


no wonder how I sticky of your posts. Carry on, I’m waiting and waiting again and the new post is worthy to wait, Now I can Re-see the Bangkok, Emerald Pagoda and Wat Arun in my eyes.
nyimuyar>>> Thanks for your comment