ကျောင်းဖွင့်ချိန်
“ကျောင်းဖွင့်ရင် ရည်းစားလေးကို ခေါ်ပြီး ဦးချစ်လဘက်ရည်သွားသောက်မယ်” တဲ့။ သူတို့ ငယ်ငယ်က အောင်မြင် ကျော်ကြားလှသော အဆိုတော်ကြီး ကိုင်ဇာ၏ သီချင်းချိုချို တစ်ပုဒ် ရှိခဲ့ဖူးသည်။ အခု ထိုင်းနိုင်ငံ ဘန်ကောက် မြို့ တော် ချူလာလောင်ကွန်တော်ဝင် တက္ကသိုလ်ကြီးတွင် ကျောင်းတက်နေရသော သူ့အတွက် preliminary course ခေါ်ပဏာမ သင်တန်းများပြီးဆုံး၍ မဟာဘွဲ့အတွက် တကယ့်အစစ်အမှန် သင်တန်းများ စပါချေပြီ။ တစ်နည်းအားဖြင့် ကျောင်းဖွင့်ပြီပေါ့။ ရည်းစားလေးခေါ်ဖို့နေနေသာသာ စကားပြောဖော်ပင်မရှိ၊ ဦးချစ် လဘက်ရည် မပြောနှင့် ထမင်းပင် လက်ညှိုးထိုး၍ ဟိုဟာဒီဟာထည့်ခိုင်းပြီး စားသောက်နေရသဖြင့် သူ့အတွက် ကျောင်းဖွင့်ချိန်သည် ကိုင်ဇာ့သီချင်းထဲကလို မချိုမြိန်။ နည်းနည်းပင် ခါးနေသလိုရှိ၏။ ဘဝနှယ် နာလှသည့် ဖြစ်ခြင်း။
မဟာဘွဲ့သင်တန်းဖွင့်ပွဲအတွက် မကင်းကောင်ညွှန်းဆိုရာ ခန်းမတစ်ခုထဲသို့ သူရောက်နေရသည်။ အားလုံးပေါင်း သင်တန်းသား ဘယ်နှစ်ယောက်ရှိသလဲဟု စောကြောမိတော့ ခြောက်ယောက်တဲ့။ နို့၊ ဘယ်နိုင်ငံတွေကလဲ ဆိုတော့ မြန်မာတစ်ယောက်၊ နိပွန်တစ်ယောက်၊ ဋ္ဌာနေထိုင်းက လေးယောက်တဲ့။ ကောင်းလေစွ။ တစ်ကိုယ်တည်း ထက်စာလျှင် ခြောက်ယောက်ဆိုတာ နည်းဘူးကြီးပဲ ဟုသူတွေးမိသည်။ မကင်းကောင်၏ ပြော စကားအရ ဒီနှစ် ကျောင်းသား အနည်းဆုံးဆိုပဲ။ အရင်နှစ်တွေက အနည်းဆုံးဆယ်ယောက်အထက်ပဲတဲ့။ ထားပါ တော့။ ဘယ်နှစ်ယောက်ရှိရှိ၊ တက်ဖို့သာ အဓိက မဟုတ်လား။ မြန်မြန်တက်၊ မြန်မြန်ပြီး၊ မြန်မြန်ဘွဲ့ရလေ ကောင်းလေ။
ဟော-လာကြပါပြီ။ သာစွ ဌာနီက ဆရာသမားများ။ သူတွေ့မြင်နေကြ ယောင်္ကျားတိုက်ပုံ၊ မိန်းမပုဝါခြုံ မြန်မာ့ ရိုးရာ ဆရာ့ဝတ်စားဆင်ယင်မှုနှင့် ကွဲပြားစွာပင် မိန်းမ စကတ်တို၊ ယောင်္ကျား ရှပ်လက်တို၊ ဘောင်းဘီရှည်များ တကားကားဖြင့် အင်တာနေရှင်နယ် ဆရာစတိုင်လ် ဝတ်ဆင်လာကြသော ထိုင်းအာစရိယတို့ ချီတက်လာကြပြီ။ သူတို့နောက်မှ အထီး တစ်၊ အမ သုံး၊ လေးဦးသော သတ္တဝါတို့က ရိုကျိုးကုန်းကွစွာ ကြို့ ကြို့ ရို့ ရို့ ဝင်လာကြပြီး သူ့နားမှ ထိုင်ခုံများတွင် ကိုယ်စီကိုယ်ဌ နေရာယူကြ၏။ မဟုတ်မှ လွဲရော၊ ထိုင်းကျောင်းသား လေးဦးဆိုသည်မှာ သင်းတို့ပင်ဖြစ်ချိမ့်မည်။ နိပွန်ကျောင်းသားဆိုသည်ကိုတော့ မတွေ့ရသေး။
ပဏာမ အဖွင့်တီးလုံးလည်းမတီး၊ အခမ်းအနားမှူးကလည်း မိုက်ကရိုဖုန်းကြီးမှတဆင့် အသံပြဲကြီးဖြင့် ဇွတ်အတင်း နေရာယူခိုင်းခြင်းမရှိပဲ ဖွင့်ပွဲ အခမ်းအနားကို ဆိုင်းမဆင့် ဗုံမပါ ခြောက်ကပ်ကပ်ကြီး စတင်ပါတော့ သည်။ ရွှေပြည်တော်မှ စည်ကားသိုက်မြိုက်လှသော ဖွင့်ပွဲအခမ်းအနား များနှင့် ကွာခြားလှပါဘိတောင်း။ ဦးစွာ ပထမ စီးပွားရေး မဟာဋ္ဌာနမှူး (Dean of faculty of economics) ဒေါက်တာ ဆိုသီတွန်း မလက္ခမက်စ် ဆိုသူက နှုတ်ခွန်းဆက် စကားပြောကြား၏။ အလွန်အင်မတန် ဖော်ရွေပျူဌာ ခြင်း၏ သင်္ကေတဖြစ်သော ကမ္ဘာကျော် ဆိုင်ယမ်အပြုံး (Siamese smile) ကို ထော်လှသောနှုတ်ခမ်းပေါ်တင်၍ အပေါ်သွား၊ အောက်သွားများပေါ်အောင်ပြုံးပြနေရပြီး သူတို့ကဲ့သို့ နှစ်ပေါင်းတစ်ရာမျှ လက်ပွန်းတတီးနေကာ တို့ဘိုးဘွား အမွေ မဖြစ်ခဲ့ရသည့် သိုးဆောင်း အင်္ဂလိပ် ဘာသာစကားဖြင့် ချွေးဒီးဒီးကျအောင် ကြိုးစားပမ်းစားနှုတ်ခွန်းဆက် နေရရှာသည့် ကျောင်းအုပ်ကြီး ဦးဆိုသီတွန်းကို မြင်ရသည်မှာ ရှင်ဥတ္တမကျော်၏ “ဘီလူးသွားကို လဖြဲတည်း” ဟူသော နာမည်ကျော် တောလားကိုပင် သတိရမိသေးတော့သည်။ စိတ်မသက်မသာ ရှိလှပါဘိ။ သူ့ဗဟိဒ္ဓကို စောကြော သုံးသပ်နေမိ သည့်အတွက် သူဘာတွေပြောသွားမှန်းတော့မသိ။
နောက်တစ်ယောက်ကတော့ ကျန်းမာရေးဘောဂဗေဒ မဟာသိပ္ပံသင်တန်း ဒါရိုက်တာ ဒေါက်တာ ဝတ္တနာဆို သည် အမျိုးသမီးကြီးဖြစ်သည်။ အမောင် ဆိုသီတွန်း ငနဲနှင့် ကွဲပြားခြားနားစွာ ဒေါက်တာ ဝတ္တနာသည် အင်္ဂလိပ် လို ကောင်းမွန်စွာပြောဆိုနိုင်သည်ကိုတွေ့ရသည်။ လေသံအေးအေးလေးဖြင့် တိုတိုရှင်းရှင်းသာပြောသွား၏။ ကျောင်းသား (၆) ယောက်သာရှိသည့် အတွက် အားမငယ်ကြရန်၊ small is cute ဆိုသော ဆိုရိုးစကားရှိကြောင်း၊ လူနည်းသဖြင့် individual assessment and evaluation အပိုင်းကို ပိုမိုအားစိုက်လုပ်ဆောင်နိုင်ကြောင်း။ မဟာ သိပ္ပံသင်တန်းကာလတစ်လျှောက်လုံး ကျန်းမာပကတိ၊ ချမ်းသာအတိဖြင့် သင်ခန်းစာများကို ကောင်းမွန်စွာ သင်ကြားနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာဝေသွား၏။ ကောင်းလေစွ။ လာထား-နောက်တစ်ယောက်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အသိအမှတ်ပြု ကျန်းမာရေး ဘောဂဗေဒ စင်တာ (WHO collaborating center for health economics) မှ တာဝန်ခံ ဒါရိုက်တာ ဒေါက်တာ စီရီပန်ဆိုပဲ။ အတော်ဝသည့် မိန်းမကြီးတစ်ယောက်။ ယိုင်ထိုးယိုင်ထိုးဖြင့် ထလာပြီး လှုပ်တုတ်လှုပ်တုတ်ဖြင့် စကားတွေပြော၏။ သူ့အင်္ဂလိပ်စကားက ဆိုသီတွန်းနှင့် သိပ်မကွာ။ ဟထိုး၊ နောက်ပစ်များ မပါသည့် ထိုင်းင်္ဂလိပ်ရှ် ဖြစ်၏။ ဒေါ်စီရီပန်သည် အတော်ကြာအောင်ပြော၏။ မရပ်မနားပြော၏။ မဟားတရားပြော၏။ ပါးစပ်မှ အမြှပ်ထွက်မတတ်ပြော၏။ ဘာတွေပြောနေမှန်းတော့ သူမသိ။
နောက်တစ်ယောက်ကတော့ သူအကျွမ်းတဝင် ရင်းနှီးပြီးဖြစ်သော ဆယ်ပြားစေ့ကို တူနှင့်ထုထားသည့် မျက်နှာ ပိုင်ရှင် ဒေါက်တာ ဖုန်ဆာဖြစ်သည်။ အကြိုသင်တန်းတွင် သင်္ချာကို စိတ်ထိခိုက်လောက်အောင် သင်နိုင်သည့် ငနဲ။ စာသင်ကောင်းလွန်လွန်း၍ စိတ်ထိခိုက်ခြင်းမျိုးတော့မဟုတ်။ ဘာတွေပြောနေမှန်း အရိပ်အမြွက်မျှပင် သဘောမပေါက်သဖြင့် ယူကြုံးမရ၊ အပူလုံးကြွကာ စိတ်ထိခိုက်ခြင်းမျိုးဖြစ်၏။ ဖုန်ဆာက သူ့မိန့်ခွန်းကို ခြိမ်း ချောက်မှုဖြင့် စတင်လေသည်။ မဟာသိပ္ပံဘွဲ့ဟူသည် အလကားမရကြောင်း။ ချူလာလောင်ကွန် တက္ကသိုလ်သည် ထိုင်းနိုင်ငံတလွှားရှိ နာမည်ကျော်ကြားတက္ကသိုလ်များထဲတွင် ထိပ်တန်းတကာတို့၏ ထိပ်တန်း ဖြစ်သည့် အားလျှော်စွာ စည်းမျဉ်းစည်းကမ်းများလည်း တင်းကျပ်လှကြောင်း။ ထိုစည်းမျဉ်းများ၊ သတ်မှတ်ချက် များကို လိုက်နာ ဖြည့်စွမ်းနိုင်ခြင်းမရှိသော အမောင်ကျောင်းသားသည် တာဝတိဿာမှ ဆင်းလာစေကာမူ ဘွဲ့ရမည်ဟု မမျှော်လင့် သင့်ကြောင်း။ တစ်နှစ်တာကာလ အတောအတွင်း ဘာသာကြီးရှစ်ခု၏ ခက်လှစွာသော စာမေးပွဲကြီးများကို အဆင့်အတန်းမြင့်စွာ ဖြေဆိုရမည်ဖြစ်သည့်အပြင် မဟာဘွဲ့ယူကျမ်းကြီးတစ်ခုကို နိုင်ငံတကာ အဆင့်အတန်းမှီ အောင်ပြုစုရမည်ဖြစ်သည့်အတွက် အိပ်ချိန်ပင် မထားသင့်ပဲ နေ့မီးညမီးဆက်၍ မီးကုန်ယမ်းကုန် တက်စုံရွက်ကုန်ဖွင့် ကြိုးစားပါမှ တန်ကာကျလိမ့်မည်ဖြစ်ကြောင်း၊ သင်တို့တွင် ပျော်ပါးပေါ့တန်စွာနေရန် အချိန် မရှိကြောင်းကို တွံ- သင်သည် ဂဏှာဟိ- မှတ်လေ ဟုပြောကြားသွား၏။ ဆိုးလေစွ။
ကဲ-နောက်ဆုံးတစ်ယောက်။ စပ်ဖြဲဖြဲ၊ ပြုံးစိစိဖြင့် အမျိုးသားကြီး၊ ဒေါက်တာ ပိုင်တွန်းဆိုလား။ သူကတော့ ဘာတွေပြောနေမှန်းမသိ။ တဟီးဟီး၊ တဟားဟားဖြင့် ရယ်နေသည်ကိုသာ ကြားရ၏။ ဘယ်လိုပဲဖြစ်ဖြစ်လေ၊ ရယ်တာဟာ ငိုတာထက်တော့ အများကြီးကောင်းသည် မဟုတ်လား။ ဒီလိုနှင့် ကျောင်းဖွင့်ချိန် မဟာသိပ္ပံဖွင့်ပွဲ အခမ်းအနားကြီး အောင်မြင်စွာပြီးဆုံးတော့သည်။ သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူအပေါင်း စာသင်ခန်း ဆီသို့ မနှေးအမြန် ကြွချီကြရန် မကင်းကောင်၏ နှိုးဆော်သံကို နာခံရင်း သူအခန်းထဲမှ ထွက်လာခဲ့ရသည်။

