HIRIAUTATPA » ကျောက်စာထဲကပုဂံ

That’s Our Bamar (30)
သမိုင်း ထဲက မြန်မာ ပြည်သား (၃၀)

ကျောက်စာ ထဲက ပုဂံ (၁၂)

ပုဂံ နေ၀င်ချိန်

ပုဂံ နေ၀င်ချိန် ဟာ တရုတ်ပ္လိယ် နန်းစံနှစ် တစ်ဝက် ကျိုးလုလု ၁၂၇၁ က စတယ်လို့ပြောရပါမယ်။ ၁၂၇၁ မှာ တရုတ် (မွန်ဂို) ဧကရာဇ် နဲ့ အမိန့်နဲ့ ယူနန်ပြည်နယ်က သံတမန်တွေ ပုဂံကို ရောက်လာခဲ့ကြတယ်။ လက်ဆောင်ပဏ္ဏာ ဆက်သဖို့ တောင်းဆို (အမိန့်ပေး?) ခဲ့ကြတယ်။ ဘုရင်နဲ့ တွေ့ခွင့်မပေးပဲ အကြောင်းအမျိုးမျိုးပြလို့ အကြာကြီး အချိန်ဆွဲ ထားလိုက်တယ်။ မစောင့်နိုင် တော့လို့ ပြန်တော့မယ် ဆိုမှ စကားချိုချို ပြောပြီး မာပါစေကြောင်း သာစေ ကြောင်းနဲ့ လမ်းခရီး အဆင်ပြေပါစေ ဘာညာ လုပ်ပြီး သွားတော့နော် လုပ်ခဲ့ကြတယ်။ ဘာအကြောင်းနဲ့များ အင်မတန်ဝေးလံတဲ့ ဘေဂျင်း ကနေ ပုဂံ ကို လာရန်စ ရ သလဲ လို့မေးရင် ဖြေဖို့ အတော်ခက်ပါတယ်။ ဖြစ်နိုင်တာ တစ်ခုက ပုဂံ နိုင်ငံတော်ရဲ့ မြောက်ဖက် နယ်စပ် က တရုတ်သွေး နှော တဲ့ လူမျိုးစု တွေက မြန်မာတွေရဲ့ သြဇာ အာဏာ သူတို့နယ် ကိုပျံ့ နှံ့ လာတာကို မကြိုက်တဲ့ အတွက် တားနိုင်ရင် တားပေးဖို့ တရုတ်ကို တောင်းပန်လေ့ ရှိတယ်လို့ ခေတ်ပြိုင်မှတ်တမ်းများက ဆိုပါတယ်။

၁၂၇၂ မှာ မြောက်ပိုင်းဒေသ များကို ပုဂံတပ်များ သွားရောက် တိုက်ခိုက်နှိမ်နင်း ခဲ့တယ်။ မဆီ မဆိုင် တရုတ် ကိုသွားတိုင်တဲ့ ကောင်တွေ ဆိုတဲ့ အငြိုး အတေးလည်း ပါမှာပေါ့။ ဒီလိုနဲ့ နောက်တစ်နှစ် အကြာ ၁၂၇၃ ခုနှစ် မတ်လ (၃) ရက်နေ့မှာ တရုတ် ဧကရာဇ် ထပ်မံစေလွှတ်လိုက်တဲ့ သံကြီး တမန်ကြီး တစ်ဦးနဲ့ သံအဖွဲ့ဝင် သုံးဦး ပုဂံနေပြည်တော် ကိုထပ်ရောက်လာပါတယ်။ ပြဿနာ က ဒီသံတမန် အဖွဲ့ ဟာ တရုတ်ပြည်ကို ဘယ်တော့မှ ပြန်မရောက်တော့တာပါပဲ။ မှန်နန်းရာဇ၀င် က တရုတ်သံ အဖွဲ့ ကို နရသီဟ ပတေ့ မင်းကြီး အမိန့်နဲ့ သုတ်သင် လိုက်တယ် လို့ရေးတယ်။ မင်းအဆက်ဆက် တို့သည် သံတမန် ကို သတ်ရိုး ထုံးစံ မရှိ ဆိုတဲ့ စကား အရ တရုတ်ပ္လိယ် ကမသတ်ပေမဲ့ ပုဂံ နဲ့ ဘေဂျင်းကြား ဓါးတောင်ကို ကျော်ပြီး မီးပင်လယ် ဖြတ်ရတဲ့ အဲဒီခေတ်က လမ်းခရီး မှာ အကြောင်းအမျိုးမျိုး နဲ့ အလွယ်တကူ သေနိုင်တာကို စဉ်းစားဖို့ လိုပါတယ်။

ဒီသံတမန်တွေ ပြန်ရောက် မလာတာကို အကြောင်းပြပြီး ယူနန် ဘုရင်ခံက ဘေဂျင်း ဧကရာဇ် ကို ၁၂၇၅ ခုနှစ်မှာ ပုဂံ ကိုတိုက်ဖို့ စစ်အင်အားတောင်းတယ်။ ဒီအထိ တရုတ် ဧကရာဇ် ဖက်က ပုဂံကို ကျူးကျော်ဖို့ စဉ်းစားသေးဟန် မတူပါ။ ဘာမှ အရေးယူဆောင်ရွက်တာ ကိုမတွေ့ရပါ။ ကံဆိုးချင်တော့ ၁၂၇၇ ခုနှစ် ဧပြီလ မှာ တရုတ်နဲ့ ပူးပေါင်းတဲ့ တပိန်မြစ်ဒေသ က ကန်ငယ်စား ကို ပုဂံတပ်များက သွားရောက် တိုက်ခိုက် နှိမ်နင်းခဲ့တယ်။ ဒီမှာပဲ တရုတ်ဖက် က အကြောင်းပြချက် ကောင်းကောင်း ရသွားပြီး သံတမန်တွေ ကို နှိပ်ကွပ်၊ သတ်ဖြတ်တဲ့ ကိစ္စ။ သူ့ဘက်တော်သား နဲ့ ဆွေမကင်း မျိုးမကင်း တွေကို တိုက်ခိုက် ညှင်းပန်းတဲ့ ကိစ္စ တွေ အကုန်ပေါင်းပြီး ပုဂံကို တိုက်စေ ဆိုတဲ့ အမိန့် ကို ဧကရာဇ် ကထုတ်ပြန်ပါတယ်။ ဒီ အမိန့်ဟာ တလီဒေသ မှာ တပ်စွဲနေတဲ့ မွန်ဂို ဗိုလ်ချုပ် ဟုတု (Hu tu) ထံကို ရောက်လာလို့ တရုတ်-ပုဂံ စစ်ပွဲ စပါတော့တယ်။ မြစ်တစ်ခု ရဲ့ ကမ်း နဘေး တိုက်ပွဲငယ် တစ်ခု preliminary battle မှာ ပုဂံတပ်တွေ အရေးနိမ့် ခဲ့တယ်။ အခုထိ ဒီတိုက်ပွဲ ဖြစ်ခဲ့တဲ့ geographical location အတိအကျ ကို မသိကြရသေးပါ။ မာကို ပိုလို က ဒီတိုက်ပွဲကို ငဆောင်ချမ်း တိုက်ပွဲ လို့ ရမ်းရေး တာနဲ့ သူ့နောက်လိုက်ပြီး Harvey တို့အုပ်စု ကလည်း ငဆောင်ချမ်း လိုက်လုပ်ကြပါတယ်။ ၁၂၇၇ နှစ်ကုန်ခါနီး မွန်ဂိုတပ် နောက်တစ်ကြိမ် ထပ်ရောက် လာပါတယ်။ ဒီတစ်ခါ မှ ပုဂံ ရဲ့ မြောက်ဖက် အကျဆုံး အခိုင် အခံ့ တည်ဆောက်ထား တဲ့ ငဆောင်ချမ် ခံတပ်မှာ မွန်ဂို- ပုဂံ တပ်တွေ ထိပ်တိုက်တွေ့ကြပြီး တိုက်ပွဲဖြစ်ဟန် တူတယ်။ အဲဒီ အကြောင်းကို ဖော်ပြ ထားတာကတော့ မင်းနန်သူ စောလှဝန်း ကျောက်စာပါ။

သကရစ် ၆၄၀ (27 March 1279)။ ပိသျက်နှစ်။ ဤန်္တ ပစြာ မည်သော အမတ်ကြီသည်။ မ္လတ်ကြီ မဟာ ကဿပ အရပ် ထေရက္လောင် မဟိယ် ရကာ၊ ထေရက္လောင် ဖ္လစ်စိမ် ဟုရုယ် ရျင်ဧအ်၊ က္လောင်ကမပ္လုဥိ၊ တန်တိုင် ပ္လုဧအ်၊ တန်တိုင်လေ မပြီခယ်၊ ဤ န်္တ ပစြာလေ ငါဆောင်ချမ် မြိုဝ် နိယ်ရလိယ်၏ ပြည်တယ် ပျက်စိ သ ဖ္လစ်ခယ် ဧအ်၊ ၊ သကရစ် ၆၅၅ ခု သရ၀န်နှာစ် တန်ဆောင်မှုန် လ္ဆန် ၅ ရျက် ၅ နိယ် (4 October 1293) လျှင် အမတ်ကြီ ဤ န်္တ ပစြာ ပ္လုရုယ် မပြီသ၊ ထေရ က္လောင်ကိုဝ်၊ ဤ န်္တ ပစြာ သ္မီနှင်၊ သ္မက် အမတ် ပုညာ ပ္လုဧအ်၊ တန်တိုင်လေဆင် ဧအ်၊ ကုလာ က္လောင်၊ က္လောင်ဥိ စလစ် ဥိထွက်ပ္လုဧအ်၊ ဆိယ်ဝါ အလွန် တကယ် ဆန်ကြယ်လျင် ရိယ်ဧအ်။။။

ဒီကျောက်စာ အရ ၁၂၇၉ ခုနှစ်မှာ အမတ် က္ကုန္တပစ္စယာ ဟာ မဟာ ကဿပ အရပ်မှာ ကျောင်းဆောင် ဆောက်လုပ် လှူဒါန်း တော့ ကျောင်းမပြောနဲ့ အုတ်တံတိုင်း တောင် ခပ်လို့ မပြီးသေးခင် ပြည်ရွာ ပျက်စီးလုနီးပါး အခြေ အနေဆိုး ကြောင့် ငဆောင်ချမ်း အရပ် ကိုသွားရပါသတဲ့။ ဟိုမှာပဲ သေကျန်ရစ်လို့ သူ့ကောင်းမှု ကို သူ့ သမီးနဲ့ သမက်က ဆက်လုပ်လို့ ၁၂၉၃ မှာ ကျောင်းပြီးစီးလို့ ရေစက်ချ လှူဒါန်းရတယ် လို့ဆိုထားပါတယ်။

မွန်ဂို ကျူးကျော် စစ်နဲ့ ပါတ်သက်လို့ အရေး အပါဆုံး ကျောက်စာ ကတော့ ပုဂံ မင်္ဂလာ စေတီက ဒိသာ ပြာမုခ် ကျောက်စာ ပါပဲ။ ကျောက်စာပါ အဓိက အချက် အလက်တွေကို ရှင်းလင်းအောင် ပြောရရင်-

၁၂၈၇ မှာ ပုဂံ ထိ တရုတ်တပ် ရောက်လာတာမို့ ပြည်အနောက်ဖက် လှည်ကျက အထိ ဘုရင် တိမ်းရှောင်ထွက် ပြေးတယ်။

အနန္တ ပစ္စည်း နဲ့ မဟာဗိုလ် ဆိုတဲ့ အမတ်ကြီး နှစ်ပါး မင်းကြီး အနားမှာ အပါးတော်မြဲ အဖြစ် ပါရှိတယ်။

ရန်သူ တရုတ် ဘာအလို ရှိသလဲ ဆိုတာ သိဖို့ အတွက် ရှင်ဒီသာ ပါမောက် ကိုပင့်ပြီး တရုတ်ကို သံတမန် အနေနဲ့ လွှတ်ဖို့ အဆိုပါ အမတ်ကြီး နှစ်ပါး ကပဲ တရုတ်ပ္လိယ် မင်းကို အကြံပေးတယ်။

မင်းဆိုတာ တမန်ကိုဖမ်းပြီး ချုပ်နှောင်တယ်လို့ မလုပ် စဖူး လို့ တရုတ်ပ္လိယ် က ရှင်ဒီသာ ပါမောက် ကို အားပေး (မြှောက်ပေး) ပြီး တေတု လို့ အဲဒီ အချိန်က ခေါ်တဲ့ တရုတ်ရွှေမြို့ တော် ဘေဂျင်း အထိ ရောက်အောင် သွားစေတယ်။ တကယ်လို့ သူသာ တရုတ်သံတွေကို သတ်မိန့် ပေးထားခဲ့ ရိုးမှန်ရင် ဘေဂျင်း ကို သံတမန် လွှတ်ဝံ့ ပါ့ မလား။ ဒါကြောင့်မို့  ဘုန်းကြီး ကိုရွေးလွှတ်တာလည်း ဖြစ်နိုင်ပါတယ်။

၁၂၈၇ နှစ်ဆန်းပိုင်းမှာ ရှင်ဒီသာ ပါမောက္ခ ငြိမ်းချမ်းရေး သံ အဖြစ် ခရီးစထွက်တယ်။ ယူနန်ပြည်နယ် ယဆည် (Yachi) မှာ ၀ါဆိုတယ်။ မန်ကျူ ဧကရာဇ် စံမြန်းရာ တယ်တု ကို ၁၂၈၇ ဒီဇင်ဘာ မှာရောက်သွား ခဲ့တယ်။

တိုင်းပြည် မှာ ပြည်သူ ပြည်သား မရှိရင် ဘာမှ ဆက်လုပ်လို့ မရတော့။ ဒါကြောင့် တရုတ် စစ်သည် သူရဲ တွေကို ပြန်ဆုတ်ခိုင်း။ စစ်ဒဏ်ကြောင့် ထွက်ပြေးနေတဲ့ လူတွေကို ပြန်ခေါ်။ ကောက်ပဲ သီးနှံ စိုက်ခိုင်းပြီး ကောက်ရိတ်သိမ်း ချိန် ကျမှ အခွန် လာသိမ်းလှဲ့ ဆိုတဲ့ ဒီသာ ပါမောက္ခ ရဲ့ စကားကို မန်ကျူ ဧကရာဇ် ကသိပ်ကြိုက်ခဲ့တယ်။ (ကြိုက်မှာပေါ့။ သူ့ဖက်က အသာချည်းပဲကိုး)

ပုဂံ ကိုတိုက်ခိုက်လာတဲ့ တရုတ်တပ်မှာ ဗိုလ်ချုပ် အဖြစ် သုသုတ္တကိ (Hsueh-hsueh-ti-chin) ဦးဆောင်ပြီး စစ်သူရဲ နှစ်သောင်း ပါလာတယ်။

ပုဂံမှာ သာသနာပြုဖို့ အတွက် မဟာ ထေရ ပုည ဓမ္မိက နဲ့ သိရိ ဓမ္မိ တို့ဦးစီးပြီး ကျောင်းပေါင်း ၇၀ က တရုတ် ရဟန်း သံဃာ တွေပါလာတယ်။ ပုဂံ ရောက်တော့ ရဟန်း။ လူ။ မင်း တစ်ယောက် မှ မကျန်အောင် အကုန်လုံး ထွက်ပြေးနေကြလို့ လူမရှိတဲ့ နေရာမှာ ဘာလုပ်လို့ လုပ်ရမှန်း မသိ၊ စေတီ၊ ပုထိုး၊ ကျောင်း တွေ တွေ့လို့ ပုဂံ ကို သာသနာ ပြုစရာ မလိုကြောင်း ရောက်မှပဲ သိကြပုံပေါ်တယ်။ ကိုယ့်ဒေသ ကိုယ်ပြန်ချင်လို့ ဆူဆူ ပူပူ လုပ်ကြတာ ကိုလည်း မန်ကျူ ဧကရာဇ် ထည့်စဉ်းစား ပုံရတယ်။

အဲသလိုနဲ့ တရုတ်တပ် တွေပြန်ဆုတ် သွားကြတယ်။ ဒါပေမဲ့ တရုတ်သြဇာ ခိုင်စေဖို့ မင်းသား ရဲစိန် တိမူ (Ye-sin-timus) ကို စေလွှတ်ပြီး ပုဂံ မင်းသစ် ကို သူ့စိတ်ကြိုက်တင်စေတယ်။ ရွှေနန်းသျှင် ကို ပုဂံမင်းသစ် အဖြစ် 30 May 1289 မှာနန်းတင်ခဲ့ တယ်။ ရွှေနန်းသျှင် က သူ့သား သိင်္ဃ ပတိ ကို တရုတ် ဧကရာဇ် ဆီလွှတ်တယ်။ ပညာသင် လွှတ်တာလည်း ဖြစ်နိုင်တယ်။ ဓါးစာခံ လွှတ်ရတာ ဖြစ်ဖို့ အကြောင်း ပိုများလိမ့်မယ်။ သို့သော် သူ့မှာ သြဇာ မရှိတော့။ မွန်ဂို အားကိုး နဲ့ နန်းရတဲ့ မင်းကို ပြည်သူ က မကြည်လင် ကြလို့ ၁၂၉၇ မှာ သူရော သူ့သား ဘေဂျင်း ပြန် သိင်္ဃ ပတိ ရော အသတ်ခံရတယ်။ ကုမာရ ကဿပ ခေါ် တက်တ၀်မူ မင်းကြီ ဆိုတဲ့ သူကို နန်းတင်တယ်။ ဘာမှ မကြာပဲ နန်းကျ ပြန်တယ်။ မင်လုလင် ခေါ် စောနှစ် နန်းတက်ပြန် တယ်။

ဒီလို တစ်ဗိုလ်ကျ၊ တစ်ဗိုလ်တက် လုပ်နေတဲ့ ပုဂံ နန်းဟာ အဲဒီ အချိန်မှာ ဘာသြဇာ အာဏာ မှ မရှိတော့ပဲ နာမည်ခံ ဘုရင် ဖြစ်နေရှာပါပြီ။ တကဲ့ အာဏာ က ရှမ်းညီနောင်သုံးပါး ခေါ် မြင်စိုင်းမင်း အသင်္ခယာ၊ မက္ခယာ မင်း ရာဇ သင်္ကြံ နဲ့ ပင်လယ် မင်း သီဟသူ တို့ရဲ့ လက်ထဲ ရောက်နှင့် နေပါပြီ။ ရွှေနန်းသျှင် လက်ထက် ကတည်းက ပုဂံ နိုင်ငံတော် ကို ရှမ်းညီနောင် သုံးဦး ခွဲဝေ အုပ်စိုး ကြပြီ လိုဆိုရပါမယ်။ ခရစ်နှစ် ၁၃၀၀ ပြည့်နှစ်မှာ မွန်ဂို တပ်တွေချီတက်လာပြန်တယ်။ ဒီတစ်ခါတော့ ပုဂံ ကို မလာပဲ တကယ့် အာဏာ တည်ရာ မြင်စိုင်း ကိုတန်းသွားကြပါတယ်။ အမျိုးသားရေး နိုးကြားအောင် လှုံ့ဆော် နိုင်စွမ်းရှိတဲ့ ရှမ်းညီနောင် သုံးဦး ကြောင့် မွန်ဂို တွေထင်တိုင်း မပေါက်။ ဒါပေမဲ့ ခံစစ် သက်သက်သာ တတ်နိုင်ရှာတဲ့ ဗမာတွေဟာ မွန်ဂို ကို အားတင်း တွန်းလှန်ရင်း နွေရာသီ ရောက်လာပါတယ်။ မြန်မာ နိုင်ငံ အလယ်ပိုင်း ရဲ့  မီးဟုန်းဟုန်းတောက်လုအောင် ပူလှ တဲ့နွေနေ အပူဒဏ် ကိုကျောကော့အောင် ခံရတဲ့ မွန်ဂိုတပ် များ ဟာစိတ်ဓါတ် အကြီး အကျယ် ကျဆင်း လာပါ တော့တယ်။ တစ်ဖက် ကလည်း တပ်မှူးများ ကို ရွှေ-ငွေ များနဲ့ လာဘ်ထိုး စည်းရုံး တဲ့ အတွက် ၁၃၀၃ ခုနှစ် ဧပြီ ၄ ရက်နေ့ မှာ ကျဲန်မိယင် (Cheng Mien) လို့ အမည်ပေးထားတဲ့ ပုဂံ နိုင်ငံတော် ကနေ တပ်ဖြုတ်ပြီး လက်အောက်ခံ နိုင်ငံ အဖြစ်က အပြီး ဖျက်သိမ်းပြီး မွန်ဂို တပ်တွေ ပြန်သွားကြတယ်။ ဒီမှာပဲ မွန်ဂို တရုတ် ရန်ကို အပြီးတိုင် တွန်းလှန် နှိမ်နင်း နိုင်သော ဘုန်းလက်ရုံးရှင် ရှမ်းညီ နောင် သုံးဦး ဆိုပြီး ကျောက်စာတွေ ထိုးပြီး မဟားတရား ကြွားပါတော့တယ်။ ဘာဏု ရာဇာ ဒေါင်းဖန်လ်ဝါ နဲ့  ရွှေငွေ လက်ဆောင် ပဏာ ကျေးဇူးကြောင့် ရန်သူတွေ ပြန်ဆုတ်ပါတယ် လို့တော့ ဘယ်ပြောလိမ့်မလဲနော်။ ။

သမိုင်းထဲက မြန်မာပြည်သား ဆောင်းပါးရှည်ကြီး ကိုဒီမှာပဲ ခဏ ရပ်နား ပါရစေ။ စိတ်ပါဝင်စားစွာ ဖတ်ရှုခဲ့ကြသူ အပေါင်းကို ကျေးဇူးတင်လျှက်-

Juan

References

Epigraphia Barmanica Vol. I, II and III

Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine.

သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။

သန်းထွန်း၊ ဒေါက်တာ၊ အသစ်မြင် မြန်မာ့ သမိုင်း။

သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်။

That’s Our Bamar (29)
သမိုင်း ထဲက မြန်မာ ပြည်သား (၂၉)

ကျောက်စာ ထဲက ပုဂံ (၁၁)

တရုတ်ပ္လိယ် (၁၂၅၆- ၁၂၈၇ အေဒီ)

ဥစ္စနာ မင်းဟာ တလ ကိုအသွား ဟိုမှာပဲ ခြွေရံ သင်းပင်း နဲ့ တကွ လုပ်ကြံခံလိုက် ရချိန်မှာ တလ ကိုပါသွား ပေမဲ့ ထူးထူး ဆန်းဆန်း သေမြေကြီး မဖြစ်ခဲ့ပဲ ရှင်ရွှေထီး ဘ၀ ကို တရုတ်ပ္လိယ် ရောက်သွားပါတယ်။ အကုန်လုံး သေတယ်။ သူပဲ မသေ ဆိုတော့ ခမည်းတော်မင်း ကို သူပဲ တီးထည့်လိုက်သလား သံသယ ပွားစရာပါ။ မင်းဖြစ်ပြီးမှ ပုဂံ ကိုပြန်လာတဲ့ တရုတ်ပ္လိယ် နဲ့ သေသွားရှာတဲ့ ဥစ္စနာ တို့ကြားမှာ မင်ယန် ဆိုတဲ့ ခေတ်ဟောင်း ဖောင်ကားစား မောင်မောင် မင်းတစ်ပါး ရှိသေးတာ ကိုဖြည့်ပြော ရဦးမယ်။

မင်ယန် က ဥစ္စနာ ရဲ့ သားကြီး၊ ခမည်းတော် တလ သွားတုန်း သူ့ကို နန်းစောင့်ထားခဲ့ပုံ ရတယ်။ ဥစ္စနာ သေပြီ ကြားတော့ မင်ယန် ကို မင်းအဖြစ် ဆက်ခံ ဖို့ ပုဂံ နန်းတွင်းက ကြိုးစားတယ် ထင်တယ်။ မင်းအဖြစ် ဆက်ခံပြီး ဘာမှ မကြာ လိုက်ပဲ တရုတ်ပ္လိယ် ပုဂံ ပြန်မရောက်ခင် ဆုံးပါး သွားတယ် ဆိုတော့ ဘယ်နည်းနဲ့ မှသွေးရိုး သားရိုး မဟုတ်နိုင်ပါ။ လုပ်ကြံ ခံရတာ သာဖြစ်မယ်။ မင်ယန် မရှိမှ တလ က တရုတ်ပ္လိယ် ဟာ မင်းအဖြစ် ပုဂံ နန်းတွင်း ကို ခပ်တည်တည် ပြန်ဝင် ခဲ့တာ ပါ။ ဒါကိုပဲ ခေတ်ဟောင်းရာဇ၀င် ကျမ်းတွေမှာ အမတ်ကြီး ရာဇသင်္ကြန် က သူ့သြဇာ ခိုင်မြဲဖို့ မင်းသားကြီး သီဟသူ (မင်ယန် ?) ကို နန်းမတင်ပဲ နရ သီဟ ပတေ့ (တရုတ်ပ္လိယ်) ကိုနန်းတင်လို့ မင်းဖြစ်လာ သလိုလို ရေးကြပါတယ်။ (ဘုရင်ညံ့ သုံးပါး ပထမ ပိုင်းမှာ ပါပြီး) တကယ်တော့ အဲသလို မဟုတ်ဖို့ လမ်းများ ပါတယ်။ သို့သော် မင်ယန် ဟာ royal blood စစ်စစ်၊ တရုတ်ပ္လိယ် ကတော့ သာမန် မိန်းမ နဲ့ မင်း ပေါင်းဖက် ရာက မွေးလာတဲ့ half blood၊ ၁၂၆၇ မေ ၆ ရက်နေ့မှာ ရေးထိုးတဲ့ ကျောက်စာ တစ်ခု အရ-

မင်ယန် ရဲ့ နို့ထိန်း အမေ အိုပေါင်သင် အမွေပေးခဲ့တဲ့ မြေတွေကို သူ့ သမီး တျြာမွန် ရဲ့ မယားက ကျောင်းဘုရား ကိုလှူတဲ့ အတွက် ထိုးထားတဲ့ ကျောက်စာ ဖြစ်တယ်။

မင်ယန် ဟာ အိုပေါင်သင် ကို ထီးမိုးပြီး အဆောင် အယောင် သုံးခွင့်ပြုတယ်။

မင်ယန် ကို ဆက်ခံသူ ကို မင်စည်သု လို့ရေးထိုးတယ်။ အဲဒါ တရုတ်ပ္လိယ် ပေါ့။

တရုတ်ပ္လိယ် နဲ့ မင်ယန် ဟာ နို့စို့ဘက်၊ အသက်သိပ်မကွာပါ။

မင်ယန် နန်းသက် နှစ်လ သာ ခံခဲ့တယ်။

တရုတ်ပ္လိယ် က ဥစ္စနာ ကိုဆက်ခံ တာမဟုတ်၊ မင်ယန် ကိုဆက်ခံတာသာ ဖြစ်တယ်။

ဒီအချက်တွေကြောင့် ရာဇ သင်္ကြန် သီဟသူ ကိုဖမ်းပြီး နရ သီဟ ပတေ့ ကိုနန်းတင်တဲ့ ဇာတ်လမ်း မဟုတ်ဖူး လို့ပဲ ပြောရ ပါမယ်။

၂၄ မေ ၁၂၅၆ မှာ တရုတ်ပ္လိယ် မင်း ပုဂံ ပြန်ရောက်ပြီ လို့ အတိ အကျ ပြောနိုင်ပါတယ်။ ကွန်ပြောက်ကြီး မှာ စံနေတုန်း သူ့ယောက္ခမ သရိယ် က ဥစ္စနာ သိမ်းယူခဲ့တဲ့ သာသနာ့မြေ တွေကိစ္စ ရှင်းပါလို့ တိုက်တွန်းလို့ ရတနာ သုံပါသော မ္လိယ်ကာ ငါမ္လိယ် သိုဝ် ဆံခြည် တတန်လျှင် အ၀င် စိယ် လို့ ပြောပြီး သိမ်းထားတဲ့ သာသနာ့မြေတွေ အကုန် ပြန်လှူတဲ့ အပြင် နောက်ထပ် တောင် ထပ်လှူလိုက်သေးတယ်။

တရုတ်ပ္လိယ် နန်းတက် လာတဲ့ အခါ တစ်သက်လုံး မရတော့ဘူး ထင်ထားတဲ့ ထီးနန်း ကိုရလို့ ၀မ်းသာလုံး ဆို့ပုံ ရပါတယ်။ ဘိသိက် ပွဲမှာ ရဟန်း သံဃာ တွေကို မြေ အလှူကြီး ပေးရုံ မျှ မက ထိလိုင်မင် မရှိတဲ့နောက် မျက်နှာငယ် ရှာတဲ့ ဟိန္ဒူ ဗြဟ္မဏ ပုဏ္ဏားတွေ ကိုလည်း မြေလှူတယ်လို့ သိရတယ်။ လှူတဲ့ မြေ တွေ၊ ကျွန်တွေ ကို အခုခေတ် register လုပ်သလို တံဆိပ်ခတ် ပြီး မော်ကွန်းစာရင်း တင်တာတွေ လည်းလုပ်တယ်။ သူများထက် ထူးတဲ့ သဘောပေါ့။ ကျွန်တွေကို တာဝန် အတိ အကျ ပေးတယ်။ ဒါတွေကတော့-

အရိယာ သံဃာတော်တွေ အတွက် ခြေဆေးရေ၊ လက်ဆေးရေ၊ ချိုးရေ၊ သောက်ရေ၊ ခပ်ပေးရမယ်။

ကျောင်းဘုရား တင်ဖို့ ဆွမ်းချက် ရမယ်။

ကျောင်းဘုရား ၀န်းကျင် တံမြက်လှည်းရမယ်။ အမှိုက်ရှင်းရမယ်၊ အမှိုက် ကျုံး ရမယ်တဲ့။

တရုတ်ပ္လိယ်ကို နရ သီဟ ပတေ့ လို့လူသိများတယ်။ စေတီ တစ်ဆူ တည်ပြီး ပန်ပွတ်ပုတိုဝ်တာဝ် ဒါယကာ လို့လည်း ခေါ်သေး တယ်။ သူ့ရဲ့ ခန့်ညား ကြီးကျယ်လှတဲ့ ဘွဲ့တော် ကိုပြတဲ့ ကျောက်စာ တစ်ခုလည်း ရှိသေးတယ်။

။ ၀ ။ နုမော သဗ္ဗ ဗုဒ္ဓါနံ။ ။ သကရာဇာ ၆၂၇ ခု၊ စယ်သံ စစ္ဆိရ်နှစ်။ ပ္လသိုဝ် လပ္လည် (22 December 1265) ပုတ္တ ပူနိယ် အာ။ အသရိယ် ဟိယ် သော ပုရှာ တျြာ သင်္ဃာ ရတနာ သုံပါ သနှိုက်။ ရိုဝ်သိယ်မ္လတ်စွာသော။ စိုဝ်သာ မင်သာ အမတ်ကျာ ဗိုလ်ပါ ဆင်ဖ္လူ စသော ရတနာ ခုနှစ်ပါ သ္ခိင် ဖ္လစ်သော က္လန် ၄ က္လန်ထွန်သော နိယ်က်သိုဝ် အဟိန်ဇင် အရောင် အ၀ါ တောက်ပ စွာသော အသရိယ် ဟိသော။ သြိတြိ ဘုဝနာ ဒိတျ ပ၀ရ ဓမ္မရာဇာ မည်သော။ တျြာမင် ဆိုပဲ။

ဒီလို ကြီးကျယ် အောင်ရှာကြံရေးသား တာကလွဲလို့ တခြား ဘာဂုဏ် သတင်း၊ ဘာ အရည် အချင်းမှ မရှိတဲ့ တရုတ်ပ္လိယ် ဟာ ပုဂံ ခေတ်ကို အဆုံးသတ် ပေးတာတော့ သေချာပါတယ်။ သူ့လက်ထက် ပုဂံပျက်လောက်အောင် ကြီးကျယ်တဲ့ အရေးတော်ပုံ ဖြစ်ခဲ့တာကို ကျောက်စာ အမှတ် အသားနဲ့ တရုတ်မှတ်တမ်း တွေက ပြဆိုတဲ့ အတွက် ပြည့်ပြည့်စုံစုံ သိခွင့်ရ ကြပါတယ်။

References

Epigraphia Barmanica Vol. I, II and III

Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine.

သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။

သန်းထွန်း၊ ဒေါက်တာ၊ အသစ်မြင် မြန်မာ့ သမိုင်း။

သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်။

That’s Our Bamar (28)
သမိုင်း ထဲက မြန်မာ ပြည်သား (၂၈)

ကျောက်စာ ထဲက ပုဂံ (၁၀)

ဥစ္စနာ (၁၂၄၉- ၁၂၅၆ အေဒီ)

နရ သိင်္ဃ ဥစ္စနာ နဲ့ သ္ခိင်ဖွါစ၀် တို့ရဲ့ သား ဥစ္စနာ ဟာ က္လစွာ နေရာ ကိုဆက်ခံ တဲ့မင်း ဖြစ်လာပါတယ်။ ပြဿဒါ ဘုရား တည်နေတုန်း ဘုရား မပြီးမှီ ၁၂၄၉ မှာ ရေးထိုးခဲ့တဲ့ ကျောက်စာ “က္လစွာ မင်ကြီ ပျံတာဝ်မူပြီ ဥစ္စနာ ရှုယ်တောင်တက်ရုယ်” အရ သော်လည်းကောင်း။ ဇာတာတော်ပုံ ရက်စွဲ ပါ က္လစွာ နတ်ရွာစံတဲ့ နှစ်ဟာ ခရစ်နှစ် ၁၂၄၉ ဖြစ်လို့သော် လည်းကောင်း။ ဥစ္စနာ နန်းတက် တဲ့နှစ်ကို ၁၂၄၉ လို့ယူရပါမယ်။

ဥစ္စနာ ရဲ့  တရားဝင်ဘွဲ့တော်က ဂြီတြိ ဘ၀န ပ၀ရ ဒိတျ ဓမ္မရာဇာ ဇေယျ သူရ တဲ့။ ဥစ္စနာ ဟာ က္လစွာ လက်ထက် မှာပဲ အမြင့်ရောက်နေပြီ ထင်ရပါတယ်။ ၂၆၊ ဒီဇင်ဘာ၊ ၁၂၄၈ ရက်စွဲပါ ဥစ္စနာ သမီး အစ၀်ကြွမ် ကျောက်စာ အရ-

ပယ်မယာကြီ တြိလောက စန္ဒြ နာမ မဟာဒေ၀ီ သုံလူလ မိဖုရှာ တောင်ဖ္လင်သည်

ဆိုတဲ့ စကားအရ ဥစ္စနာ ရဲ့ တောင်ညာစံ ဒေ၀ီ မဟေသီ က သုံလူလ လို့သိရပါတယ်။ မိဖုရား ဆိုတဲ့ အသုံးကို ရဲရဲ သုံးပုံ ထောက်ရင် အဲဒီ အချိန် ကတည်းက ဥစ္စနာ ဟာမင်းဖြစ်ဖို့ ဗျာဒိတ်ရပြီး ဖြစ်ဟန် တူတယ်။ အစ၀်ကြွမ် ကျောက်စာ ကထူးထူး ခြားခြားတော့ မဟုတ်ပါ။ ငွေအမြောက်အများ သုံးပြီး အလှူကြီး ပေးခြင်းကို ထုံးစံ အတိုင်း မှတ်တမ်း တင်ထားတာပါပဲ။ သူများထက် ထူးတာက တော့ သူ့အလှူ မှာ ဂူဘုရား အတွက်၊ ဂူ အထွတ် ကိုရွှေသား တင်ဖို့အတွက်၊ ကျောင်းဟောင်းပြင် ဖို့ အတွက်၊ ကျောက်သစ် ဆောက်ဖို့ အတွက်၊ ပိဋကတ် သုံးပုံ တစ်စုံ လုံးကူးခ အတွက်၊ ပဋကတ်တိုက် ဆောက်ဖို့ အတွက်၊ စာတိုက်ကြီး တွေဆောက်ဖို့ အတွက် ကုန်ကျ စရိတ် တွေကို အလှူရှင်းတမ်း စာရင်းလုပ်ခဲ့တဲ့ အတွက် သူ့ဟာသူ ကြွားချင်လို့ ပဲထိုးထိုး၊ ဘာအတွက် ရေးထိုးခဲ့ မှန်းမသိ ရပေမဲ့ အဲဒီခေတ် monetary value တွေနဲ့ price prediction လုပ်နိုင်တဲ့ အတွက် အလွန် တန်ဖိုး ရှိတယ် လို့ဆိုရမယ်။ ဂူဘုရား တည်စရိတ် ၁၇၄၇ ကျပ်၊ စလစ်ကျောင်းဟောင်း ပြင် စရိတ် ၇၅၈ ကျပ်၊ စာတိုက်ကြီး လုပ်ခ ၂၁၅ ကျပ်၊ အုတ်ကျောင်းကြီး ဆောက်ခ ၃၉၂ ကျပ်၊ ပါတ်လည် တံတိုင်း ၃၂ ကျပ်၊ စူဠာ မုနိ စေတီ တည်ခ ၄၄ ကျပ်၊ တန်မွမ် အုတ်ကျောင်း တည်ခ ၂၁၅ ကျပ်၊ ပိဋကတ် သုံးပုံ တစ်စုံ ကူးခ ၂၀၃၇ ကျပ် လို့ဆို ထားတဲ့ အတွက် ပိဋကတ် သုံးပုံ ကူးခ ဟာ ကျန် ကိစ္စ အားလုံးထက် ပိုကုန်ကျ လို့ စာတတ်တဲ့ လူအင်မတန် ရှားမယ်။ (မှတ်တမ် တစ်ခု မှာ ပုဂံ ခေတ် Adult Literacy Rate 9% လို့တွေ့ဖူးပါတယ်) ပညာရှင် ကို တန်ရာ တန်ဖိုး ပေးရတယ် ဆိုတာ တွေ့ရလို့ ကျေနပ် စရာ ပါပဲ။ အလုပ်သမား အကျွေး အမွေး၊ အစား အသောက်၊ အ၀တ် အစား၊ ပို့ဆောင်ခ နဲ့ အခြား စရိတ် ဆိုတာ တွေပါ item တစ်ခု ခြင်းစီ အတွက် အကုန် ထည့်ရေး ထားလို့ ပုဂံ ခေတ် ကတည်းက economic & opportunity cost တွေကို တတ်ကြ ပါလား လို့ တောင်အံ့သြ ဘနန်း ဖြစ်မိသေးတယ်။

ဥစ္စနာ ဟာ နရ သိင်္ဃ ဥစ္စနာ ရဲ့ သားဖြစ်ပေမဲ့ အဖေ နဲ့ မနီးစပ်ပဲ ၁၅ နှစ်မင်းလုပ် သွားခဲ့တဲ့ ဦးလေး က္လစွာ နဲ့ နီးစပ် သူမို့ သူမင်း ဖြစ်လာတာနဲ့ က္လစွာ လက်ထက်က လုပ်ခဲ့တဲ့ ဘုရားကျောင်း မြေ သိမ်းတဲ့ အလုပ်ကို ဆက်လုပ်ပါတယ်။

ဘာကြောင့်များ ဒီမြေတွေကို သိမ်းချင်နေ ရသလဲ ဆိုတာ ဆန်းစစ်ကြည့်တော့-

ထိလိုင်မင် လက်ထက် ကစလို့ ဖက်ရှင် တစ်ခု လို သူ့ထက်ငါ အပြိုင် အဆိုင် လှူထားကြတဲ့ ဘုရားကျောင်းမြေ များဟာ နိုင်ငံတော် မြေလွတ် မြေရိုင်း ရဲ့  တစ်ဝက် နီးပါးလောက် ရှိတယ်။

ဒီ ဘုရားကျောင်းမြေ ပေါ်က မြေခွန် မြေခ ကို မင်း (နိုင်ငံ) က မရ။

ဘုရား ကျောင်း မြေ ဧရိယာ အကျယ် ဟာ ကျယ်ပြန့် သထက် ကျယ်ပြန့် လာတော့ ဘဏ္ဍာရေး ကပ်ဆိုး ဆိုက် မလာခင် ဒီကိစ္စ ကို ဟန့်တားချိန် တန်ပြီ လို့ မင်းက ယူဆ ပုံ ရတယ်။

မူလ လှူခဲ့တဲ့ ကျောင်း၊ ဘုရား၊ စေတီ တွေဟာ ပျက်စီး ယိုယွင်းပြီး အချို့ နေရာ တွေမှာ ရဟန်း သံဃာ တွေ လည်း စွန့်ခွာ သွားကြလို့ ဆိတ်သုဉ်း နေတယ်။ အမွေ ဆက်ခံ သူ မရှိတဲ့ ပစ္စည်း မှန်သမျှ မင်းဘဏ္ဍာ ဖြစ်ရမယ် ဆိုတဲ့ ဓလေ့ ကလည်း ရှိနေတယ်။

ဒါတွေကြောင့် ဥစ္စနာ ဟာ က္လစွာ စလုပ်ခဲ့တဲ့ ဘုရား ကျောင်း မြေ သိမ်းခြင်း ကိစ္စ ကို ဆက်လုပ်ပါတယ်။

သက၇စ် ၆၁၇ ခု စိဿနှစ် တပေါင် လ္ဆန် ၁၃ ရျက် (8 February 1256) ၅ နိယ် တလပျံမင် ဖောင် ဆင် ပင်က္လီ မ္လိင် ယူတ် မူရကာ ယူတ် မမူမီက ကြံတူ နိမ်တ်က္လောင် ဖုန်မ္လဿ သ္ခိင် မဟာ မတိမာထေကိုဝ် ပစ္စယာ ဖောင် ဆင် ငါပ္လည်စင်သင် ငါမြင်သင် လှူသော မ္လိ ၂၀၀ ခပင် ၀င်ပါလိယ်၏။ ထိုဝ်ယူသနှစ် အကြိယ် တလလာရာ ပျံတ၀်မူ လိယ်၏။ သာ ပန်ပွတ်သည် မ္လိယ် ရှုယ်တောင်ရလိယ်၏။ ရှုယ်တောင်ရပြိ ပုကံ ရောက်လတ္တေ ရောက်ပြိသောခါ သက၇စ် ၆၁၈ ခု အာသတ်နှစ် နံယုန်လ (24 May 1256)———- ထိုဝ်မ္လိယ်——— ကိုဝ်၊ သိခင် တိုဝ်ကိုဝ် ငါလှူ၏။ အလိုဝ်ရစိယ်၏၊ ရတနာ သုံပါသော မ္လိာကာ ငါမ္လိယ် သိုဝ် ဆံခြည် တတန်လျှင် အ၀င်စိယ် ငါတိုဝ် မ္လိယ်ကာ ရတနာ သုံပါသော မ္လိယ်သိုဝင် သကာ မထိယ်ပ္လစ် သ္ခိင်တိုဝ် မ္လိယ်ခြာ နင် (သရိယ်) အမြယ် အမြံတိုင် ဆောက်ပလိယ်။။။

ဒီကျောက်စာ အရ ဥစ္စနာ မင်းဟာ ၈၊ ဖေဖော် ၀ါရီ၊ ၁၂၅၆ မှာ အနိမ့်၊ အမြင့် က တောကျောင်း ဘုန်းကြီး သခင် မဟာ မတိမာ ရဲ့  မြေကို သိမ်းယူတယ်။ ပြီးတော့ တလ (ဒလ) မြို့ တော် (အခု တွံတေး နား) ကိုလာတယ်။ ဒီမှာပဲ ခြွေရံ သင်းပင်း များနဲ့ တကွ အသတ် ခံရတယ်။ Assassination သဘော ပြောထားပေမဲ့ ဘယ်သူ လုပ်ကြံသလဲ မသိပါ။ သာ ပန်ပွတ်သည် မ္လိယ် ရှုယ်တောင် ရလိယ်၏ လို့ဆိုထားတဲ့ အတွက် ဥစ္စနာ နဲ့ ပန်းပွတ်သည် သမီး ကမွေးတဲ့ ပန်းပွတ်သည် မြေး ထီးမွေ ရတယ်။ ဒါကြောင့် ဥစ္စနာ နတ်ရွာစံ တဲ့ကာလ ဟာ ဒီကျောက်စာ အရ 8 February 1256 နဲ့ 24 May 1256 အတွင်း ဖြစ်ဖို့ အလွန် နီး စပ်ပါတယ်။ ခုနှစ်နှစ် တာ နန်းစံ လိုက်ရတဲ့ ဥစ္စနာ အကြောင်း ကိုဒီထက် ပိုပြီး ဘာမှ မသိရပါ။

References

Epigraphia Barmanica Vol. I, II and III

Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine.

သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။

သန်းထွန်း၊ ဒေါက်တာ၊ အသစ်မြင် မြန်မာ့ သမိုင်း။

သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်။

That’s Our Bamar (27)
သမိုင်း ထဲက မြန်မာ ပြည်သား (၂၇)

ကျောက်စာ ထဲက ပုဂံ (၉)

က္လစွာ (၁၂၃၅- ၁၂၄၉ အေဒီ)

နရ သိင်္ဃ ဥစ္စနာ လွန်ပြီး နောက် သူ့သားများ ဖြစ်ကြတဲ့ သိင်္ဃ ပတိ နဲ့ တျြာဖျာ (အမိ ပုရှာ စ၀် နဲ့ရ)၊ ဥစ္စနာ (၃) (သ္ခိင် ဖွါစ၀် နဲ့ရ) တို့ မင်းမဖြစ်ကြပဲ ညီတော် က္လစွာ က ကြားကဖောက်လို့ ဘုရင် ဖြစ်လာပါတယ်။ ဘုရင့်သား ဘုရင် ဖြစ်ခဲ့ ကြ တဲ့ အစဉ် အလာ ကြီးကို ဖောက်ပြီး ညီ ကဘာ့ကြောင့် မင်းဖြစ် ရသလဲ ဆိုတာ ကိုဘယ်သူ မှ အသေအချာ မသိနိုင်ပါ။ ဖြစ်နိုင်တာတွေ ကတော့ အများကြီးပေါ့။ က္လစွာ ဟာ ငယ်ငယ်လေး ကတည်းက အဖေ ဖြစ်သူ နာတောင်မျာ ကို ပုန်ကန် ထကြွဖူးသူ မို့ ဇ တော့ မသေးလှဘူး။ ဦးရီးတော် များဖြစ်ကြတဲ့ ရာဇ သူရ နဲ့ ဂင်္ဂါ သူရ တို့က သူ့ဖက်က နေကြတယ် လို့ထင်ရတယ်။ သိင်္ဃ ပတိ၊ တျြာဖျာ နဲ့ ဥစ္စနာ (၃) တို့ ဟာ သိပ်ငယ်လွန်းလှလို့ က္လစွာ က ရင်ခွင်ပိုက် ဘုရင် (Regent) လုပ်ရတာ လားလို့လည်း တွေးစရာ ရှိတယ်။ သို့သော် အဲသလို ဖြစ်ခဲ့ မယ်ဆိုရင် ရင်ခွင်ပိုက် ဘုရင် သက်တမ်း ကလည်း ၁၅ နှစ်ကြီးများတောင် ဆိုတော့ တဆိတ် လွန်လွန်း နေသလား လို့။ က္လစွာ သေပြန်တော့လည်း သားတော် ကြီးနှစ်ပါး ထီးမွေ မရပဲ ဖွားစော သား ဥစ္စနာ (၃) က ဘုရင် တက်ဖြစ် တာကိုး။

က္လစွာ မင်းဖြစ်တဲ့ နေ့က မှတ်မှတ် ရရ ၁၉ ဇူလိုင် ၁၂၃၅ ခုနှစ် ဖြစ်ပါတယ်။ ငါမိကိုဝ်ကာ ငါမသိလိုက် လို့ က္လစွာမင်း ရွှေတောင်တက် ကျောက်စာ မှာ ရေးထိုးခဲ့ ပုံ အရ သူငယ်စဉ်ကတည်းက မိခင် သေဆုံးလို့ မယ်တော် ဘယ်သူ မှန်း သူကိုယ်တိုင် တောင် မသိဘူး လို့ ယူဆ ရမယ်။

သူမင်း ဖြစ်တာကို မကျေနပ် လို့ သူပုန်ထကြ သေးတယ်။ ဒီအကြောင်း မင်းနန်သူ၊ မင်းဝိုင်းကျောင်း က ဖွားစော ကျောက်စာ မှာ အခုလို တွေ့ရတယ်။

သကရစ် ၅၉၈ ခု။ ကြတိုက်နှစ် မ္လယ်တာလဆန် ငါရျက် တနှင်ကနုယ်နိယ်။ သိရိ ပဎနာ ပ္လစ်သရှဝ် အစ်ကိုဝ် သိင်္ဃ ပိကြံ ပ္လစ်ပါဧအ်။ အတိုင် သ္ခိင်စ၀်ကြီ ကွန်ပြောက်ငယ် နှိုက် နိယ်တ၀်မူသော သိင်္ဃ ပိကြံ မယာ မိန်ဧအ်။ အတိုဝ်ကျွန်လင် ပုကမ်သာ။ နိယ်ရ စိယ်လသိယ်။ ငါကျွန်။ လယ်။ ဥယန်ကာ သ္ခိင် ယူစိယ် ခ္လျင်ဟု မိန်ဧအ်။ မိန်တ၀်မူ ပိယ်ရကာ ပုကံ နိယ် ရဧအ်။—- ဤသိင်္ဃ ပိကြံ လင်မယာ ငါကိုဝ်ပိယ်သော။ လယ်။ကျွန်။ ဥယန်ကာ။ အဖွာရင် အကုန် စာလင်ဟု။ မိန်တ၀်မူ ဧအ်။

စ၀်ကြီ ခေါ် က္လစွာ မင်းဟာ ၁၂၃၆ ခုနှစ် ဇွန် (၈) ရက် နေ့မှာ ကွန်ပြောက်ငယ် မှာရှိနေတုန်း သူ့ကို သိရိ ပဎနာ နဲ့ အတူ သူပုန်ထ ပြီး အရေး နိမ့်လို့ ထွက်ပြေးနေရတဲ့ သိင်္ဃ ပိကြံ ရဲ့ မယား ရောက်လာတယ်။ ပုဂံ ကိုပြန်လာ နေပါရစေ။ သူပိုင် တဲ့ လယ်၊ မြေ၊ ဥယျာဉ်၊ ကျွန် အားလုံး သိမ်းပါ လို့ ကမ်းလှမ်းတော့ က္လစွာ ကအကုန် သိမ်းယူလိုက်ပြီး သူ့ အဖွား ဖြစ်တဲ့ မိဖုရား ဖွားစော ကိုပေးလိုက်သတဲ့။ ဖွားစော က မင်းနန်သူ၊ မင်းဝိုင်းကျောင်း ကိုလှူလိုက်ပြီး ကျောက်စာထွင်းထားတာ ဖြစ်တယ်။

၁၂၃၇ ဒီဇင်ဘာ (၈) ရက်နေ့ မှာ ထွင်းတဲ့ မဟာ သမန်းလင်မယား ကျောက်စာ မှာလည်း က္လစွာ ကို ထူးထူး ဆန်းဆန်း ဘုန်းကြီး နှစ်ပါး က ပုန်ကန် ပုံ ကိုအခုလို ရေးတယ်။

ကြာင်သင်တိုဝ် မ္လစ်သရှဝ် မမိယ် မလျင် စိယ်မူရုယ် မင်ကြီကိုဝ် မဟာ သမန် ပန်ပိယ် ရုယ်လွတ်ရတာ နက္ကဗိုလ် ရှိယ်ရှယ် ကြောင် သိင်္ဃာ ရန္ဓိပ် ဘုမ္မဗိုလ် တန်ဆိုဝ်ပိယ်သော အညာဓိ ပေသျင် အရပ် ပန်ပုယ် အင်လက် အကြာနှိုက် လယ် ၁၅၀၀……………….။

နဂါးဗိုလ် အရှေ့ ရွှေကျောင်း က ဘုန်းကြီး ရန္ဓိပ် နဲ့ ဘုမ္မဗိုလ် တို့ က္လစွာ မင်းကို သူပုန်ထကြတဲ့ အခါ မဟာ သမန် အမတ် ကြီး က ခွင့်လွတ် ဖို့လျှောက်ထား မေတ္တာရပ်ခံ တယ်။ က္လစွာ ဟာ အမတ်ကြီး ရဲ့ မေတ္တာရပ်ခံချက် အတိုင်း ဘုန်းကြီး သူပုန် တွေကို အရေးမယူ ခဲ့ပေမဲ့ အပေးအယူ အနေနဲ့ ဘုန်းကြီးများ ပိုင်တဲ့ တပယင်းနယ် ပန်ပုယ် အင်း တစ်ဝိုက် က လယ် ပယ် ၁၅၀၀ (ဧက ပေါင်း ၂၆၂၅) ကို အာမခံ တောင်းလို့ ပေးလိုက်ရ သတဲ့။ ဒီလယ်တွေထဲက အချို့ ကို ကြားပွဲစား ကြီး မဟာသမန် ကိုစွန့်ကြဲ ပုံရတယ်။ မဟာ သမန်က အချို့ လယ်တွေ ကို ဓိပေသျှင် လယ်တွင် ၁၀၀ ပုရှာတျြာ အစချီ ကျောက်စာထိုး ပြီး ပြန်လှူသေးတယ်။

ဒီလို သူပုန် သူကန် တွေတခြိမ်းခြိမ်း နဲ့ နန်းတက်စမှာ ရန်များခဲ့ပေမဲ့ က္လစွာမင်းဟာ သာသနာ သန့်စင်ရေး။ အုပ်ချုပ်ရေး နဲ့ နိုင်ငံ အေးချမ်းသာယာ ရေးကို အင်မတန် လိုလားခဲ့တဲ့ အုပ်ချုပ်သူ ကောင်း တစ်ယောက် ဆိုတာကို ကျောက်စာ တွေက သက်သေခံပါတယ်။

က္လစွာ လက်ထက် သာသနာရေး ပြုပြင်ပြောင်းလဲ ဖို့ ကြိုးစားပုံများ

က္လစွာ လက်ထက်မှာ အရင် ပုဂံမင်း အဆက်ဆက်က သာသနာ အတွက်၊ ကျောင်း၊ ဘုရား အတွက် လှူခဲ့တဲ့ မြေ တွေ တရားလွန် များနေပြီ ဆိုတာကို တွေ့တယ် ထင်ပါတယ်။ တနိုင်ငံ လုံး ရဲ့ တစ်ဝက် လောက်ရှိတဲ့ ကျောင်းဘုရား လယ်မြေ တနည်းအားဖြင့် သာသနာ့မြေ ဟာ သဒ္ဒါလို့ လှူတဲ့ သူတွေ လှူခဲ့ကြပေမဲ့ ဒီသာသနာ့မြေ တွေက နေ အခွန်အခ မရ ပါ။ Taxation ဟာနိုင်ငံ တစ်နိုင်ငံ ရဲ့  Financial sustainability အတွက် အသက်သွေးကြောမို့ ဒီအခွန် ကိုပဲ အားပြုနေရတဲ့ နိုင်ငံ တစ်ခုမှာ အခွန် အခ ပြည့်ပြည့်၀၀ မရတာလောက် ဆိုးတဲ့ ပြဿနာ ရှိပါ့ဦး မလား။ ဒါကို က္လစွာ ကောင်းကောင်း စဉ်းစားမိ ပုံရတယ်။ မင်းဖြစ်ပြီးပြီးချင်း မဟာဒါန် မြေတွေကို သိမ်းယူ လိုက်တယ် လို့ ဇေယျသွတ် ဘုရားကျောက်စာ မှာ ဒီလို တွေ့တယ်။

သကရစ် ၅၉၇ ခု။ အာသိန်နှစ်။ နံကာလဆန် ၄ ရျက် (19 July 1235) ကြသပတိယ်နိယ်အာ။ မင်ကြီသာ မင်က္လစွာ ရှုယ်တောင် တက်ရုယ်။ အကြီယ် အညာနှိုက်တေ မဟာဒါန်မ္လိယ် ခပ်သိမ် ယူလတ်တေ………….။

မင်းဖြစ်တဲ့ နေ့မှာပဲ သာသနာ့မြေ သိမ်းတော့ ဘုန်းကြီးတွေနဲ့ က္လစွာ ဟာ ကမ္ဘာ့ရန် မဖြစ်ယုံ တမယ်ပါပဲ။ ဒါကြောင့် လည်း သူ့ကြည့်မရတဲ့ ဘုန်းကြီး အချို့ ဟာ လက်နက်စွဲကိုင်ပြီး သူပုန်ထ တဲ့အထိ ဖြစ်ကုန်တာပေါ့။ မြေသိမ်းတဲ့ ကိစ္စနဲ့ ပါတ်သက် လို့ အကျယ် အကျယ် မငြိမ်းဖွယ် ဖြစ်လာတဲ့ က္လစွာနဲ့ ဇေယျသွတ် တောကျောင်းဘုန်းကြီး တွေကြားက ပြဿနာ ဟာ မိုးမီးလောင်လုနီး ဖြစ်လာပါတယ်။ သာသနာ တော်ဖက်က ဘုန်းကြီးတွေက ဒီလို မလုပ်သင့်ဖူး။ မူလ လှူတဲ့ ကျောင်းဘုရား ဟာကာလကြာလို့ ပျက်စီး သွားရင် ပိုင်ရှင်မဲ့ ဆိုပြီး မင်းက သိမ်းယူလို့ မရဘူး။ သာသနာ တည်သရွေ့  ကျောင်းဘုရားမြေ မှာ ပိုင်ရှင် မရှိဘူးလို့ မပြောသာပါ လို့ ဘုရားကို မြေပိုင်ရှင်ကြီး လုပ်ပြီး ကန့်ကွက် ကြပါတယ်။ က္လစွာ ဟာ ဘုန်းကြီးတွေ ရဲ့ ကန့်ကွက်ချက်ကို မထေမဲ့မြင် မပြုပါ။ ဒီတင်ပြချက် မှန်၊ မမှန် စစ်ဆေးဖို့ ခုံရုံး အဖွဲ့  ဖွဲ့ပေးပါတယ်။ အဲဒီ ခုံအဖွဲ့ကို နာတောင်မျာ လက်ထက်က ၀ဋံ သိကာ မိဖုရား ရဲ့ သားတော်ကြီး တွေဖြစ်တဲ့ ရာဇ သူရ နဲ့ ဂင်္ဂါ သူရ တို့က ဦးဆောင်တယ်။ စစ်ဆေးကြတော့ ခုံအဖွဲ့ က ရဟန်းသံဃာ တွေရဲ့ တင်ပြချက် မှန်တယ် လို့ ဆုံးဖြတ်ပါတယ်။ ဒါကိုလည်း က္လစွာမင်း က ဗီတို သုံးပြီး ပယ်ချ လို့ရပါလျှက်နဲ့ မပယ်ပါဘူး။ သူစောစော ကသိမ်းခဲ့တဲ့ မြေ တွေကို သာသနာ ကိုပြန်လှူ ပါတယ် လို့ ရေစက်ချ ပြီး လှူလိုက် ပါတယ်။ မဟာ သမန် ကျောက်စာ မှာ မင်ကြီ က္လစွာ လှူ အကြီ ပိယ်သောခါ ဟုရာ ပုံနာ တိုဝ်ရသော မဟာဒါန် လယ် ၁၀၀ လို့တွေ့ရတဲ့ အတွက် သာသနာ မြေ တွေကို ပြန်လှူယုံ မက ဗြဟ္မဏ ပုဏ္ဏား တွေကိုတောင် မြေပယ် ၁၀၀ (၁၇၅ ဧက) အဆစ် လှူလိုက်ရပါသေးတယ်။

၁၂၃၇ နဲ့ ၁၂၄၈ အတွင်းမှာ မင်းဆရာ၊ မဟာထေရ် သုဘူတိစန္ဒ နဲ့ ဓမ္မ သီရိ ဘုန်းတော်ကြီး နှစ်ပါး ကို ပိဋက စာပေ ကျမ်းဂန် များစုဆောင်းဖို့ သီရိ လင်္ကာ သို့စေလွှတ်ပါတယ်။ သီရိ လင်္ကာ ရဲ့ ထေရ ၀ါဒ ကျောထောက်နောက်ခံ ယူပြီး ၀ိနည်းတော် နဲ့ အညီ သာသနာ သန့်စင်ရေး ကိစ္စ ကိုဆောင်ရွက် ဖို့ က္လစွာမင်း စတင်ကြိုးပမ်းခြင်း လို့ယူချင်ပါတယ်။

က္လစွာ လက်ထက် အုပ်ချုပ်ရေး နှင့် နိုင်ငံ ငြိမ်းချမ်းရေး အတွက် ပြုပြင်ပြောင်းလဲ ဖို့ ကြိုးစားပုံများ

က္လစွာ မင်း နတ်ရွာစံ ခါနီး ၁၂၄၉ ခုနှစ် မေလ (၆) ရက်စွဲ ပါ အမိန့်တော် ကျောက်စာ (၁၁) တိုင်ရှိခဲ့ ပါတယ်။ အိမ်ခြေ ငါးဆယ် ရှိတဲ့ ရွာ ပေါင်း (၄၄၄) ရွာမှာ စိုက်ထူဖို့ အစီ အစဉ် ရှိခဲ့တဲ့ စာကြောင်းရေ ရှေ့  (၄၉) ကြောင်း၊ နောက် (၄၈) ကြောင်း ပါရှိတဲ့ ဒီကျောက်စာ မှာ ခိုးဆိုး သောင်းကျန်း သူများကို အင်မတန် သနား ဂရုဏာ ရှိတော် မူသော မင်းကြီးက မလုပ်ချင်ပေမဲ့ ပြစ်မှု ထင်ရှားခဲ့ရင် ဒီလို အပြစ်ပေးရ လိမ့်မယ် လို့ စကားချီး ရေးပြီးတော့ အင်္ဂုတ္တရ နိကာယ နဲ့ မိလိန္ဒ ပညှာ ကျမ်းတွေထဲက အင်မတန် ရက်စက်တဲ့ အပြစ်ပေးနည်း ပေါင်းစုံ ကို ရေးထည့် ထားခဲ့တယ်။ တကယ် အပြစ်ပေးလို တဲ့ သဘောတော့ ရှိဟန် မတူဘူး။ ချောက်လှန့်ရင် ကြောက်လန့်ပြီး ရာဇ၀တ်မှု နည်းသွား မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ခဲ့တာ ဖြစ်မယ်။ ဒါကို ကြည့်ခြင်း အားဖြင့်-

ပုဂံ နိုင်ငံတော် မှာ အဲဒီ အချိန်က စာရိတ္တ သိပ်ပျက်စီး ယိုယွင်း နေပြီ လို့ သော်လည်းကောင်း

ရှင်ဘုရင် ကိုယ်တိုင် ပြည်ရွာ ပြန်လည် ထွန်းကား စည်ပင်ဖို့ ကြိုးစား ဆောင်ရွက် နေတယ် လို့သော် လည်းကောင်း- ယူလို့ ရမယ် ထင်တယ်။

ဒီအမိန့်တော် တွေ ရေးထိုး စိုက်ထူ တဲ့ ကျောက်စာ တွေ မပြီးခင်မှာပဲ က္လစွာ နတ်ရွာ စံပါတယ်။ လူတွေကို အပြစ် မလုပ် ကြဖို့ ချောက်ကြည့်ပေမဲ့ ချောက်ယုံ နဲ့ ကြောက်တတ် ကြတဲ့ သူတွေ မဟုတ်ဘူး ဆိုတာ ကို သိမသွားရှာပဲ နတ်ရွာလား သွားတာ ပဲ က္လစွာ အတွက် ကံကောင်းတယ် လို့ဆိုရမယ်။ သူ့နောက်တက် လာတဲ့ ဥစ္စနာ (၃) လက်ထက်မှာ ဒီကိစ္စ ကို ဘာမှ ဆက်မလုပ်တော့တဲ့ အတွက် ကြောင့် က္လစွာ ကြိုးစားခဲ့တဲ့ ပြုပြင် ပြောင်းလဲရေး တွေဟာ က္လစွာ နဲ့ အတူ ရေစုန် မျော သွားခဲ့ ရပြီး နောက် အနှစ် သုံးဆယ်အကြာ မွန်ဂို တို့ရဲ့  ဓါးသွားတွေ အောက်မှာ ခုခံအားမရှိ တဲ့ ပုဂံကို တွေ့မြင် ရတော့တယ်။

References

Epigraphia Barmanica Vol. I, II and III

Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine.

သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။

သန်းထွန်း၊ ဒေါက်တာ၊ အသစ်မြင် မြန်မာ့ သမိုင်း။

သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်။

That’s Our Bamar (26)
သမိုင်း ထဲက မြန်မာ ပြည်သား (၂၆)

ကျောက်စာ ထဲက ပုဂံ (၈)

နရ သိင်္ဃ ဥစ္စနာ (၁၂၃၁- ၁၂၃၅ အေဒီ)

နရ သိင်္ဃ ဥစ္စနာ ဟာ original ဥစ္စနာ ဖြစ်တဲ့ နာတောင်မျာ ရဲ့ သားတော်ကြီး ဖြစ်လို့ နာတောင်မျာ မင်းဖြစ်စဉ် ကပဲ ထီးမွေ နန်းလျှာ အိမ်ရှေ့မင်း ဖြစ်နေခဲ့တယ်။ ဥစ္စနာ နံမည် ယူတဲ့ မင်းလေးပါး ရှိခဲ့ လို့-

ဥစ္စနာ (၁) – နာတောင်မျာ

ဥစ္စနာ (၂) – နရ သိင်္ဃ ဥစ္စနာ (နာတောင်မျာ ရဲ့ သားတော်ကြီး)

ဥစ္စနာ (၃) – နရ သိင်္ဃ ဥစ္စနာ ရဲ့ သား (က္လစွာ မင်းဖြစ်ပြီး မှ ထီးမွေ ဆက်ခံ ရတယ်)

ဥစ္စနာ (၄) – တရုတ်ပ္လိယ် မင်း-

ဆိုပြီး စည်သူ ကို နံပါတ် ထိုးမှတ် ရသလို ဥစ္စနာ နံပါတ် တွေထိုးရ ပြန်ပါတယ်။

မိဖုရား ဖွားစော ကျောက်စာ ကြောင့် ဒီမင်းကို ကလေးက အစ သိခဲ့တယ်။ ဖွားစော ကျောက်စာ ထဲက ငါ့လင် သခင် မင်းကြီး ဆိုတာ သူပေါ့။ ပြဿနာ က သူ့မိဖုရား တွေအားလုံး ဟာ စော (စ၀်) နာမည် နဲ့ချည်းပဲ။ တခြား စ၀် တွေက လည်း ရှိသေးတော့ ဘယ်သူက ဖွားစော လဲ သိရအောင် ဖွားစော ရှင်းတမ်း လုပ်ကြည့် ကြပါတယ်။ ပုဂံ ခေတ်မှာ စော ချည်းပဲ (၁၇) ယောက် ရှိခဲ့သတဲ့။ ဒီ စော စာရင်း မှာ ယောင်္ကျား တွေလည်း ပါတယ်။

အစ၀်လပ် – စည်သူ (၁) ရဲ့ သမီးတော်

စ၀်မြကန်သည် – စည်သူ (၂) ရဲ့ မိဖုရား တစ်ပါး၊ နာတောင်မျာ မင်းရဲ့ မယ်တော်

စ၀် အလွှမ် – စည်သူ (၂) ရဲ့ မိဖုရား ပဲ

အစ၀် မင်လှ – စည်သူ (၂) နဲ့ စ၀် မြကန်သည် ရဲ့ သမီး၊ နာတောင်မျာ ရဲ့ နှမ

သ္ခိင် စ၀် – နရ သိင်္ဃ ဥစ္စနာ

အမိ ပုရှာ စ၀် – နရ သိင်္ဃ ဥစ္စနာ ရဲ့ မိဖုရား

သ္ခိင် ဖွာစ၀် – နရ သိင်္ဃ ဥစ္စနာ ရဲ့ မိဖုရားပဲ

စ၀်ကြီး – က္လစွာ မင်း

စ၀်ပုလယ်မယ် – က္လစွာ ရဲ့ မိဖုရား

စ၀် မင်လှ – က္လစွာ ရဲ့ မိဖုရားပဲ

အစ၀်လတ် – နရ သိင်္ဃ ဥစ္စနာ ရဲ့ သမီးတော်

အရိ စ၀် – ဥစ္စနာ (၃) ရဲ့  အမ

အစ၀် နာလုံ – ဥစ္စနာ (၃) နဲ့ သုံးလူလ ရဲ့ သမီး

အစ၀် ကြွမ် – ဥစ္စနာ (၃) နဲ့ သုံးလူလ ရဲ့ သမီးပဲ

စ၀်ပုလယ် – ဥစ္စနာ (၃) နဲ့ သုံးလူလ ရဲ့ သမီးပဲ၊ ဥစ္စနာ (၄) တရုတ်ပ္လိယ် ရဲ့ မိဖုရား

စ၀်ဥ – တရုတ်ပ္လိယ် နဲ့ စ၀်ပုလယ် ရဲ့ သမီးတော်

စ၀် နာစွင် – စ၀် ပုလယ် ရဲ့ ညီမ

ဒီအထဲ က သ္ခိင်စ၀် နဲ့  စ၀်ကြီး မင်းယောင်္ကျား နှစ်ယောက်ကို ပါယ် လိုက်ရင် မိန်းမ စော တွေချည်းပဲ ၁၅ ယောက် ထွက်လာတယ်။ ဒီ အထဲက ကျောက်စာ ထွင်းတဲ့ ဖွားစော က နရ သိင်္ဃ ဥစ္စနာ ရဲ့ မိဖုရား သ္ခိင် ဖွာစ၀် ဖြစ်တယ် လို့ အတိ အကျ ပြောပါတယ်။ သ္ခိင် ဖွာစ၀် ဟာ ကံအတော်ကောင်းတဲ့ မိန်းမကြီး လို့ပြော နိုင်ပါတယ်။ အသက်လည်းရှည်။ လင်ရော သားရော မြေးရော အကုန်လုံးလည်း ဘုရင်ဖြစ်ကြတော့ တရုတ်လို ဒိုဝေ မိဘုရား ကြီး လို့ အခေါ်ခံ ရမဲ့ သုံးထပ်ကွမ်း မိဖုရားကြီး ဖြစ်ခဲ့သူပါ။ ဖွားစော ကျောက်စာ သာ ကျောင်းသင်ရိုးညွှန်းတမ်း တွေထဲ ပါပြီး နာမည်ကြီး လို့ အများသိကြတာ။ တကယ်တော့ နောက်မိဖုရား တစ်ပါး ဖြစ်တဲ့ အမိ ပုရှာ စ၀် ရေးထိုးခဲ့တဲ့ ကျောက်စာ လည်းရှိခဲ့တယ်။ ဒါကို တော့လူသိ အင်မတန် နည်းတယ်။ ဒီကျောက်စာ နှစ်ချပ် ကို မူရင်း အတိုင်း နှိုင်းယှဉ် ကြည့်တဲ့ အခါ……

ဖွားစော ကျောက်စာ မူရင်း

သကရစ် ၆၃၃ ခု အာသိန်နှစ် တန်ဆောင်မှုန် လပ္လည် (19 October 1271) စနိယ်နိယ်အာ။ သ္ခိင်ဖွါစ၀် ကထိန်ပိယ် တောဝ်မူသော။ တကြိုက် လှူတာဝ်မူတုံသော။ ကျွန်မ လိုက်ကတျင် ဥယန်သည် နှစ်ကိပ်ကိုဝ်ယောက်။ လယ်မ္လိယ် သုံရျာ။ ဥယန် တခု။ လှူတာဝ် မူတုံ ဧအ်။ သကရစ် ၆၁၄ ခု ဖ္လဂိုန်နှစ် တပေါင် လဆုတ် ယှတ်ရျက် (21 February 1253) ကြာသပတိယ် နိယ်အာ။ ပိယ်တာဝ် မူသော။ ကျွန်မ လိုက်ကတျင် ဥယန်သည် နှစ်ကိပ် ကိုဝ်ယောက်။ လယ်မ္လိယ် သုံရျာ။ ဥယန် တခု။ အင်စရ ကျွန် တရျာနှစ်ကိပ် ခုနှစ်ယောက်။ ဥန်ရင် ကူလာ ကျွန် တရျာ သုံကိပ် သုံယောက်။ မဟာ သမန် ကိုင် မှူလာရုယ် ပိယ်တာဝ်မူစိယ်လှာသတေ။ သာ ဥတ်စနာ မင်ကြီ ပိယ်သတေ။ သ္ခိင် ဖွါစ၀် ပုရှာ တျြာ သိင်္ဃာ ရတနာ သုံပါကိုဝ် လှူသော အလှူတေ။ ဤသိုဝ် အတုမယ်လျှင် ငါပ္လုသော က္လောင်တာဝ်နှိုက်။ ငါမူသော ကောင်မှု ခပ်သိမ်သော ကိုဝ်။ အခါမ္လင်မ္လယ် တည်စိမ်သောဌာ။ မ္လိယ် မဟာဒါန် ဥယန်။ ငါလှူဧအ်။ ငါပ္လုသော ကောင်မှု ခပ်သိမ်သောကိုဝ် အခါမ္လင်မ္လယ်။ ပ္လုသော။ ဖာသော။ မူစိမ်သောဌာ။ တန်လင်လှည် စိမ်သောဌါ။ ပုရှာ တျြာ နှိုက် သံပုတ် ကွံပန် မပြတ် ၀တ် လုပ်က္လည်တင် စိမ်သောဌာ။ ဆီမီ မပြတ် ဌိစိမ်သောဌာ။ သည်ခံသော သ္ခိင်တိုဝ်ကိုဝ်။ ဆွံပစ္စည်ဖ္လင် လုပ် က္လည်စိမ် သောဌာ။ ကျွန်လေ ငါလှူ၏။ နိုဝ်သစ် နိုဝ်ထံမ် ရျတ်တက် ထ၀်ပိယ် ထ၀်ပတ် အရသာ ငါပါ စာစိမ်သောဌာ။ နွာလေ ငါလှူ ၏။ ဤသိုဝ်လျှင် ငါပ္လုသောကောင်မှု အက္လိုင်ကာ။ ရိယ်မ္လိယ် ခပ်သိမ်သော အသ္ခိင် ဖ္လစ်ထသောငါလင် သ္ခိင်မင်ကြီ။ ငါသာ မင်ကြီ။ ငါမ္လိယ် မင်ကြီ။ ဤမင်ကြီ သုံယောက်သော နောင်လာလတ်အံသော မင်ခပ်သိမ်လေ ငါအတူ ရစိယ်သ တေ။

အမိ ပုရှာ စ၀် ကျောက်စာ မူရင်း

နရိ သင်္ဃ ဥစ္စနာ မည်သော တျြာမင်ဧအ် ပယ်မျာကြီ။ သင်္ဃပတိနှင် ကျြာဖျာဧအ် မိဖွာ အမိ ပုရှာစ၀် သည်။ သင်သရာ ဆိုဝ်ငြာယ်မှ ထွက်မ္လောက်လိုဝ်သောဌာ။ နိရဗန်ကိုဝ် မျက်မှေယင်ကအ်ကာ မူရလိုဝ် သောဌာ။ ကူပုရှာ ပ္လုဧအ်။ ။ သက၇စ် ၆၀၃ ခု။ စယ်နှစ်။ ကုဆုန် လပ္လည် (26 April 1241) ဗုဒ္ဒဟူ နိနှိုက် လွှတ်ဧအ်။ လွှတ်သရှင် ရိယ်စင်တာဝ်ခ္လရုယ် လှူသော။ ရွာလာယ်ကျွန် ၁၇၈ ယောက်။ လာယ် ၂၆၀။ ဥယန် ၂ခု။ ပုကမ်ကျွေန်ကာ။ မျင်ထာရ်ဖုတ်။ စသျာဤမ်ထောင်။ သ္မီတပါ။ မောင်ပြကတ်။ သထွာ ဤမ်ထောင်။ မျာမိတ္ထီ။ သာငါရောက်သစ်။ ဤမ်ထောင် ဘယျာ။ မျာ ကိန္ဒရီ။ သ္မီ ဒုက္ခီ။ ခေတ္တြ ပါလာဖုတ်။ သာပနျာ။ စန္ဒျာဖုတ်။ တင်တဖုတ်။ နရည်စြာ သည်ဤမ်တောင် ဗုဓေါ။ မျာသုကီ။ သိတိတျာ။ ငီ ဟိတျာ။ နှမ ရတာယ်။ သီမ စိတာယ်။ မောင် ငါမွန်။ ငီ နိုဝ်အစိုအ၀်။ နရည်စြာ စည်သည် ပက္ခာ။ သာ ငါထုယ်။ ပလီ။ သာစည်သည် ငါရွတ်။ စည်သည် ငါပုကမ်၊ နှာမ ဂုမီ။ ဗျင်ကီ။ သာစည်သည် ငါမစွမ်၊ ဟီတူ၊ သာပသာသည် ငါရင်ကာ၊ ငီ ခွက်ခွင်သည် ငါဗုဓါ။ မုကီက္မယ်။ သ္မီ ပန်တျာ သုခီ။ ငီမ သိတယ်။ မ္လိယ် ငါဥိ။ သန္တီ။ သ္မီ ပန်တျာ သီဝလီ။ ဘဏီ။ သ္မီ ပန်တျာ ဒေ၀ီ။ အပေါင် ၄၁ ယောက်။ ရွာလာယ်တွင် မြုမ်ပြိည်သည် ငါကောင်။ ငီ ငါလောင်။ ငါပ္လည်ဝ။ အပေါင် ၃ ယောက်။ မြင်မူနွာ ၁၀၀။ နွာထိန် ၁၀။ ပရိက္ခာရာကာ။ သြက်ပုရှာ သန်ကန်တာဝ် တုယင် ၁။ တန်ကျတ် ၁။ အထက် ပုရှာ သင်ကန်တာဝ် တန်ကျတ်ရိယ် ၁။ ရှုယ်သလ၀န် ၁။ ဤမ်ရာတာဝ် နက်ပူစင် တံတိုဝ် ၁။ ခံတင်မွန် ၁။ ခင်နှီဥိံအစုံ။ ကွံချပ် ၁။ ကြိယ်ဆီမီ တိုင် ကြိယ်ပြတိုဝ်။ ကြိယ်ကြာကြီ ၁။ ခေါင်လောင်ဆွယ်သော ဆင်တြာ ၁။ ရှုယ် သပိတ် ငုယ်သပိတ် ကြိယ်ပွယ် ၂ခု။ လင်ပန် ၂ ခ္လပ် ခွက် ၅ ဥပ်။ စာလောင်ကြီ ၁။ နရည်စြာ ဂ ခ္လပ်။ နောင်နင် ၉ ခ္လပ်။ ခွက်ခွင် သုံဆူ ချူ ၃ ဆူ။ ပိဆယ် ငါသီ ပုဟာ လှူပါသော ကျွန်။ ခ၀်တယ်ရွာ အလုံဧအ်၊ ၁၇၄ ယောက်လယ် ၃၀၀။ စာသင် ၁၀ တိုက်။ ၀ါဆိုဝ် ၀ါခေါင် ၀ါက္လတ် ကုဆုန် လပ္လည် ဤယ်လိယ်ခါသော စုရင်ကြီ ပုစ၀် စိယ်သတေ။ ကူဤပ်သော ပုရှာကျွန် စည်သည် ပန်တျာ နရည် စရာ သည် ခပင်စုံ။ သံကောက်သည်၊ စည်သည်။ ပန်တျာ၊ အသက်ကြီ။ စပါ ၁၃၅ တင်။ အပေါင်ကြီ ၄၂၇ ခွယ်။ ။ ။

ကဲ- ဘယ့်နှယ့် ရှိစ။ ရှေးမြန်မာ စာဖတ်ရတာ အရသာ များရှိကြ ရဲ့ လား။ တကယ်တော့ အလွန်ညံ့တဲ့ အရေး အသား တွေနော်။ စာရေး တတ်စ သူငယ်တန်းလေးတွေ ၀တ်စပေါက် မပါပဲ ရေးထားတဲ့ စာတွေ လိုပါပဲ။ စာထဲ ပါတဲ့ အကြောင်း အရာ တွေကို အတိုချူံး ပြောရရင် မိဖုရား နှစ်ပါးလုံး အလှူ လုပ်ကြတဲ့ အကြောင်း ကျောက်စာ ထွင်းကြရာမှာ- အမိ ပုရှာ စ၀် က ဘုရား မှာ ကျွန် အဖြစ် တစ်ရွာလုံး လှူပစ်တယ်။ နွားထိန်း အလုပ်သမား တွေ၊ ဘုရား နဲ့ ဘုန်းကြီး ကျောင်းမှာ တီးမှုတ်ဖျော်ဖြေ ဖို့ သဘင်သည်တွေ၊ ပရိ က္ခရာ အပါ အ၀င် ရဟန်းသုံး ပစ္စည်းတွေ ဘယ်ရွေ့ ဘယ်မျှ လှူတယ် ဆိုတာ ကို စာရင်း လုပ်ထားကျောက်စာ ထွင်းရုံ ပါပဲ။ ဖွားစော ကတော့ သူ့ထက် ကဲတယ်။ ဘယ်နေရာ မှာ ဘာလှူတယ် ဆိုတာ ကို ထပ်ကာ ထပ်ကာ ပြောရုံတင် မက အတုမဲ့လျှင် ငါမူသော ကောင်မှု ခပ်သိမ် ကို တစ်တိုင်း တစ်ပြည်လုံးက ပြည်သူ တွေ အကျိုးခံစား ရပါစေတော့ လို့ စိတ်ထဲ မပါရင် တောင် စာလေးထွင်းထား ဖော်မရပဲ သူကြီး ဘုရား ရွာသား ကောင်းမှု ဤအလှူ့ အကျိုး ကို သူ့လင် မင်းကြီး နရ သိင်္ဃ ဥစ္စနာ ရယ်။ သူ့သား မင်းကြီး ဥစ္စနာ ရယ်။ သူ့မြေးမင်းကြီး တရုတ်ပ္လိယ် ရယ်ပဲ ရပါစေတဲ့။ ကြားက ဖောက်ပြီး ဘုရင် ဖြစ်တဲ့ သူ့မတ် က္လစွာ မင်းကို အမျှ အတန်း ဝေနိုင်ဘူး တဲ့လေ။ ငါစွဲ ကြီးလှ တဲ့ ဖွားစော………….။

References

Epigraphia Barmanica Vol. I, II and III

Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine, pp: 136-38.

သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။

သန်းထွန်း၊ ဒေါက်တာ၊ အသစ်မြင် မြန်မာ့ သမိုင်း။

That’s Our Bamar (25)
သမိုင်း ထဲက မြန်မာ ပြည်သား (၂၅)

ကျောက်စာ ထဲက ပုဂံ (၇)

နာတောင်မျာ (၁၂၁၁- ၁၂၃၁ အေဒီ)

နာတောင်မျာ ဟာ စည်သူ (၂) နဲ့ စ၀်မြကန်သည် မိဖုရား တို့ရဲ့ သားတော် ဖြစ်တယ်။ တောင်ဖ္လင်သည် လို့ရေးကြတဲ့ တောင်နန်းစံ ဒေ၀ီ မိဖုရား ခေါင်ကြီး ကမွေးတဲ့ သားတော့ မဟုတ်ပါ။ သူထီးနန်း ရလာပုံကို တွေးဆ ကြည့်သမျှ ကတော့ သူ့ မိခင် မျိုးရိုး ထက်ပိုမြင့် တဲ့ သီဟိုဠ် မင်းသမီး ၀ဋံ သိကာ ကမွေးတဲ့ သားသုံးပါး (ရာဇ သူရ၊ ဂင်္ဂါသူရ နဲ့ ပျံချီ) တို့ဟာ သူ့ထက် အသက်အားဖြင့် မကြီး တာက တစ် ကြောင်း။ ပုဂံ နန်းမွေ ကို လူမျိုးခြား သွေးနှော မင်းသား များဆက်ခံ ခွင့် မရှိ လို့ ၀ဋံ သိကာ ရဲ့ သားတွေ ကိုနန်းမွေ မပေး ဘူးလို့ မူလ ကတည်းက သဘောတူ ထားတာ က တစ်ကြောင်း။ တောင်ညာစံ မဟေသီ မှာ သားတော် မထွန်းကား တာက တစ်ကြောင်း၊ စည်သူ (၂) ကိုဆက်ခံ ဖို့ အရည် အချင်း ရှိတာ ကတစ်ကြောင်း၊ နဲ့ အခြား အကြောင်းကြောင်း သော အကြောင်းကြောင်း တို့ကြောင့် နန်းရ ခဲ့တာ လို့ပဲ ပြောရ ပါမယ်။

နာတောင်မျာ နန်းရ ပုံကို ဇာတ်လမ်းဆင် ထားတဲ့ ၀တ္တု လေးတွေ ရာဇ၀င်ကြီး မှာတွေ့ရ ပါတယ်။ နာတောင်မျာ ဆိုတဲ့ ကျောက်စာပါ မင်းအမည် ကိုအဖတ်မှား ပြီး နန်းတောင်းများ လို့ အဓိပ္ပါယ်ကောက် ရာက- နာရ ပတိ စည်သူ မင်းကြီး ရဲ့  မိဖုရား (၇) ပါး မှာ မိဖုရားငယ် ကလေး ဖြစ်တဲ့ စ၀်မြကန်သည် က မင်းကြီးလက်မှာ ခူနာပေါက်စဉ်က ယုယစွာ ကုသ ပြီး ပြည်ပေါက်အောင် ပါးစပ်နဲ့ စုပ်ပေးကြောင်း။ နန်းတောင်းများ ဟာသားတော် များအနက် အငယ်ဆုံး၊ မထင် မရှား သားက လေး ဖြစ်ပေမဲ့ စ၀်မြကန် ရဲ့  အကြင်နာ ရေယဉ်ကြော မှာ မျောသွားတဲ့ မင်းကြီးဟာ မိဖုရား လေးကို ခိုက်ခိုက်တုန်၊ သဲသဲ လှုပ် အချစ်တွေ ပွားပြီး လိုရာဆုကို တောင်းလေလော့ လို့ပြောမိ ရာမှာ တခါထဲ သူ့သား ကိုမင်းဖြစ်အောင် တောင်းတော့ တယ်ဆိုပဲ။ တွေ့မရှောင် နန်းကိုတောင်း လွန်းလို့ နန်းတောင်းများ ခေါ်တယ် ဆိုပြီး ခပ်တည်တည် ဇာတ်လမ်း ဆင်လိုက် ပါတယ်။ သားတော်ကြီး လေးပါး က နန်းတောင်းများ ကိုထီးနန်း အပ်တာကို သဘောတူ ကြည်ဖြူ ပါသတဲ့။ နောင်တော်ကြီး လေးပါး ကို ၀န်ကြီး အရာထား တိုင်ပင် ပြီးတိုင်းပြည် အုပ်ချုပ် မင်းလုပ် သွားလို့ လွှတ်တော် ဆိုတဲ့ အဖွဲ့ အစည်းဟာ အဲဒီ အချိန်ကစလို့ ပေါ်ပေါက် လာတယ် လို့လဲ နောက်ဆက်တွဲ ထည့်ပါသေးတယ်။ ဒီ ၀တ္တုသွား မှန်မမှန် ကျောက်စာ အထောက် အထား များ နဲ့သက်သေ ပြပါ့မယ်။

ဒီမင်း ဟာ ဥစ္စနာထ၊ ဥစ္စနာ၊ နာတောင်သ္ခင် ဆိုတဲ့ အခြား အမည် များနဲ့လည်း ကျောက်စာ ထိုးခံထားရတယ်။ နာတောင်မျာ ဟာ စည်သူ (၂) ရဲ့  အငယ်ဆုံး သားမဟုတ် ဆိုတဲ့ အကြောင်းကို အောင်ချမ်းသာ အမတ် လို့ ခေါ်ရမဲ့ ဇေယျသွတ် အမတ် ကျောက်စာ မှာဖော်ပြ ပါရှိတယ်။ နာတောင်မျာ ကိုဆက်ခံတဲ့ က္လစွာ မင်းလက်ထက်မှာ ဇေယျသွတ် အမတ် က နာတောင်မျာ မင်းရဲ့ ခွင့်ပြုချက် နဲ့ လှူထားတဲ့ မဟာဒါန် လယ်တွေကို သိမ်းယူတဲ့ အခါ ရှင်ဘုရင် ကိုယ်တိုင် ရေစက်ချ လှူထားတဲ့ လယ်တွေကို သိမ်းယူတာသင့် မသင့် ခုံရုံး ဖွဲ့ စစ်ဆေးပါတယ်။ ခုံလူကြီး တွေထဲမှာ ပါဝင်တဲ့ ရာဇ သူရ နဲ့ ဂင်္ဂါ သူရ တို့ကို ဘုရင့် ညီတော်များ လို့ အဓိပ္ပါယ် ရတဲ့ မင်ဖထုယ် လို့ဖော်ပြ ထားတဲ့ အတွက် နာတောင်မျာ ဟာ အငယ်ဆုံးသား မဟုတ်၊ ၀ဋံ သိကာ ရဲ့ သားသုံးယောက် ဟာ သူ့ထက် ငယ်ကြ တယ် ဆိုတာ ပေါ်လွင်ထင်ရှားလာပါ တယ်။

သူနန်းတက် တာကို ကျန် မင်းညီ မင်းသား တွေက ကျေနပ် နှစ်သက် လက်ခံ ကြတယ် ဆိုတဲ့ အဆိုသွက်သွက်ခါ အောင် မှားကြောင်း ကို ပထမ အသင်္ခယာ လင်မယား ကျောက်စာ မှာ တွေ့ရတဲ့ အောက်ပါ အချက်များက သက်သေ ပြပါတယ်။

1. နာတောင်မျာ သို့မဟုတ် သ္ခိင် ဥတ်စနာ လက်ထက် မှာကျောက်စာ ရေးထိုးခဲ့တယ်။

2. နာတောင်မျာ ဘုရင် နန်းတက် စမှ အခြားရှိသမျှ မင်းညီ မင်းသား တွေထဲက ပျံချီ၊ သိင်္ဃ ပိစည်၊ ပျံချီ ရဲ့ သားတော် နဲ့ နာတောင်မျာ ရဲ့သား နောင်မင်း ဖြစ်မဲ့ က္လစွာ မင်းသား ကိုယ်တိုင် တောင် ပုန်ကန် ထကြွ ပြီး ထီးနန်းလုဖို့ ကြိုးစား ခဲ့ကြတယ်။

3. ဒီသူပုန် တွေကို နှိမ်နင်း ဖို့ အထူးအားကိုး ရတဲ့ အမတ် ငါးဦး နဲ့ စည်းဝေး တိုင်ပင်တယ်။ (ဒါကိုပဲ လွှတ်တော် လို့ပြောကြတာဖြစ်မယ်)။ အမတ် တွေက- အသင်္ချာ (အသင်္ခယာ)၊ အနန္တသူရ် (အနန္တ သူရ)၊ အသ၀တ် (အဿ ၀တ္တ)၊ ရာဇ သင်္ကြံ(ရာဇ သင်္ကြမ္မ) နဲ့ စတ်တလင်ကသူရ် (စတ္တ လင်္က သူရ) တို့ဖြစ်တယ်။ အလွန် အားကိုးသော အမတ်၊ အင်မတန် ရင်းနှီးသော အမတ် (က္လံဝင် သောမင်မတ်) မှာ အသ၀တ် ဖြစ်တယ်။ ဒီငါးယောက် လုံး နာတောင်မျာ နဲ့ ညီအကို မပြောနဲ့၊ ဆွေမျိုး နီးစပ်တော်တာတောင် တစ်ယောက်မှ မပါပါ။

4. သူပုန်ရန် ကိုနှိမ်နင်း ပြီး (ပျံချီ နဲ့ သိင်္ဃ ပိစည် ကို ကွပ်မျက်၊ ပျံချီ သားတော် ထွက်ပြေး၊ သူ့သား က္လစွာ ကိုတော့ ချမ်းသာပေး) အမတ်ကြီး ငါးဦးကို တစ်ယောက် မြေပါယ် ၇၀၀ စီ ဆုတော် လာဘ်တော် ချတယ်။

5. ထားဝယ်ကို ထွက်ပြေးတဲ့ ပျံချီသား မင်းသား ပုဂံ ကိုပြန်လာချင်လို့ မင်းကြီးနားတော် ပေါက်အောင် ပြောပေး တဲ့ (ပွဲစားလုပ်ပေးတဲ့) အသင်္ချာ ကို ပျံချီသား ပိုင်တဲ့ စလင်းကျွန်း ၁၃၀ ကို သိမ်းပြီး ဆုတော် ပေးပြန်တယ်။

ဆိုတော့ နာတောင်မျာ ဟာ ရန်သူ များခဲ့တယ် ဆိုတာ ပေါ်လွင် ထင်ရှား လွန်းလှပါတယ်။ ရာဇသူရ နဲ့ ဂင်္ဂါသူရ ညီ အကို နှစ်ပါး ကတော့ အရိပ် အကဲ သိတတ်သူ များလို့ပြောရမယ် ထင်တယ်။ သူပုန် တွေကို နှိပ်ကွပ်ပြီး ကတည်းက နာတောင်မျာ ကို သစ္စာ ရှိစွာ လုပ်ကျွေး ပြုစု လိုက်ကြတာ က္လစွာ နန်းတက် တဲ့ အထိ အလုပ်အကျွေး ပြုကောင်းတုန်း……

References

Epigraphia Barmanica Vol. I, II and III

Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine, pp: 135-36.

သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။

သန်းထွန်း၊ ဒေါက်တာ၊ အသစ်မြင် မြန်မာ့ သမိုင်း။

That’s Our Bamar (24)
သမိုင်း ထဲက မြန်မာ ပြည်သား (၂၄)

ကျောက်စာ ထဲက ပုဂံ (၆)

စည်သူ ၂ (၁၁၆၈- ၁၂၁၁ အေဒီ)

ဘုရား အလောင်း မို့ အလောင်း စည်သူ လို့ခေါ်ခဲ့ ကြတဲ့ ပထမ စည်သူ ကစလို့ ပုဂံ မင်းတွေ မှာ မင်းမှန်ရင် စည်သူ ပါရမယ် ဆိုတဲ့ အစွဲ များဖြစ်သွား သလားတော့ မသိပါဘူး။ တစည်သူ တည်း စည်သူ လိုက်တာ ခေါ်ရ၊ မှတ်ရ လွယ်အောင် နံပါတ် ထိုးမှတ် ရတဲ့ ဘ၀ ရောက်သွား ပါတယ်။ ထိလိုင်မင် ရဲ့  ဂြီတြိ ဘုဝနာ ဒိတျ ဓမ္မ ရာဇာ ဆိုတဲ့ ဘွဲ့ ကိုနောက်မင်း တွေ ဆက်ခံ သလို စည်သူ ကိုလည်း ဆွေစဉ် မျိုးဆက် ယူသုံး ကြသလားတော့ မသိပါ။ ဒီမင်း လက်ထက် မှာ ထူးခြား လာတာ ကတော့ -

ထိလိုင်မင် ကိုဆက်ခံ တဲ့ မွန်-ဗမာ မင်းဆက် ပြတ်ခြင်း

မွန် ကြီးစိုးမှု လျော့ကျ လာပြီး မြန်မာ့ ဓလေ့ တိုးတက် ထွန်းကား လာတာ ကိုနေရာ တိုင်း တွေ့ လာရပြီး ပုဂံ ခေတ်ပြောင်းချိန် လို့ ယူဆ ကြလို့ သူ့လက်ထက် ကစပြီး ပုဂံ ခေတ် ဒုတိယ ပိုင်း လို့ ခေါ်ကြခြင်း

အနိ ရုဒ္ဓ၊ ၀ဇြာ ဘရဏ မင်းနှစ်ပါး အပြီး ပြတ်သွားခဲ့ ရတဲ့ အနိ ရုဒ္ဓ မင်းဆက် ပြန်လည်အာဏာ ရလာခြင်း

သီရိ လင်္ကာသူ မင်းသမီး ကို ၀ဋံ သိကာ ဘွဲ့ အမည် နဲ့ မိဖုရား မြှောက်သော်လည်း ထိုမင်းသမီး နှင့်ရသော သားတော် များ ကို ထီးမွေ နန်းမွေ မပေးခဲ့ခြင်း သို့မဟုတ် မပေးပါဟု ကတိ ထားခဲ့ခြင်း

မွန်သြဇာ လျော့ကျ လာ၍ မြန်မာ ဓလေ့ ထွန်းကား လာသော်လည်း နန်းတွင်း မှ သီရိ လင်္ကာ သြဇာ မြင့်မား လာခြင်း

မွန် ဓလေ့ ထုံးစံ များ မြန်မာ နိုင်ငံ အလယ်ပိုင်း တွင် ပျောက်ကွယ် ပြီး အောက်မြန်မာ ပြည်တွင် သာ ကျန်ရှိ တော့ခြင်း- တို့ကို တွေ့ရ ပါတယ်။

စည်သူ (၂) ဟာ အနိ ရုဒ္ဓ ရဲ့  အဆက် အနွယ် ဆိုတာ ကို သူ့သားတော် ရာဇ သူရ ရဲ့ မုခ်ကူး ကျောက်စာ မှာ ဖော်ပြ ပုံက-

“စကြာ ၀တေးမင်းဆက်တွင် အနိ ရုဒ္ဓ ကားလူတို့ အတွက် ထင်ရှား ကြီးကျယ် သူဖြစ်၏။ ထိုမင်း၏ အဆက် အနွယ် ဖြစ်သော ဇေယျ သူရ ကား ဥာဏ်ပညာ ကြီးရင့်သူ၊ သာသနာ ကိုလေးစား ကိုင်းရှိုင်းသူ၊ တက်ကြွ လုံ့လ ကြီးသူ၊ ရဲရင့်သူ ဖြစ်သည်။ စည်သူ အမည်တော် ရှိသော ထိုမင်းကို ဇမ္ဗူ ဒီပါ တွင်ပြိုင်ဝံ့ သူမရှိ၊ လူအပေါင်း တွင် ထင်ရှား ကြီးကျယ်သည်။ ထိုမင်း၏ သားမှာ လွန်စွာ အကျင့်မြတ်သော မိခင် ၀ဋံသိကာ မှ မွေးဖွားသူ ဖြစ်သည်။ ရာဇ သူရ အမည်ရှိပါသည်။ ခမည်းတော် သည် တရား သဖြင့် မင်းမူ၏။ သာသနာ တော်တွင် သက်ဝင် ယုံကြည်၏။ ပြိုင်သူ ရှား၏။ မယ်တော်သည် အလွန် မြင့်မြတ်သော အနွယ်တော် မှ ဆင်းသက် ပေါက်ဖွား လာသူ ဖြစ်၍ အတုမရှိ ထူးခြား ကောင်းမွန် လှသည်” စသည်ဖြင့် ရောက်တတ် ရာရာ လျှောက်ရေး ထားတယ်။ အချုပ် ကတော့ ငါ့ဖေဖေ ကြီး တယ်တံခိုးကြီး။ ငါ့မေမေ ကြီး လွန် ဘုန်းကြီး။ ငါသည်လည်း ခေသူ မဟုတ် လို့ ကြော်ငြာတာ ပဲပေါ့။ ငါဟေ့၊ ငါကွ၊ ငါ၊ ငါ လို့ အော်နေ သံတောင် နားထဲ ကြားယောင် မိသလို ပါပဲ။

တကယ်တော့ သူဘုန်းကြီး လို့ထီးနန်း ရတာ မဟုတ်ပါ။ ဗုဒ္ဓ ဘာသာ အချင်းချင်း မို့ သီဟိုဠ် က တိုင်းပြည်ကို သိမ်းနိုင် ပေမဲ့၊ ရက်ရက် စက်စက် မလုပ် လိုတာရယ်။ မြန်မာ- သီရိ လင်္ကာ ရဟန်းတော်များ ရဲ့ ဖျောင်းဖျ မှုရယ်။ ရာသီ ဥတု အခြေ အနေနဲ့ တိုင်းရင်းသား ပုန်ကန် မှုတွေကြောင့် ရေရှည် သိမ်းပိုက် ထားလို့ မဖြစ်ဖူး လို့တွက်ချက် မိတာတွေရယ် ကြောင့် ရှေးမင်း အနိ ရုဒ္ဓ အဆက် အနွယ် လို့ သက်သေ ပြနိုင်တဲ့ စည်သူ (၂) ကို ကုလားမင်းသမီး နဲ့ ပေးစား၊ မင်းမြှောက် ပြီး သြဇာညောင်း အောင်လုပ်ကာ ပြန်တော် ပြန်သွားကြတာ ဖြစ်ပါလိမ့်မယ်။

စည်သူ (၂) ဟာ မယား အတော်များများ ယူလို့ အနွယ်တော် တွေလည်း အတော်များ ခဲ့တယ်။ သူ့ Family tree ကို ကျောက်စာ မှာတွေ့ သလောက်ဖော်ပြ ရရင်-

မင်း

မိဖုရား

မျိုးဆက်

စည်သူ(၂)

တောဝ်ဖ္လင်သည်

စည်သူ(၂)

မ္လစ်ဖ္လင်သည်

စည်သူ(၂)

စ၀်မြကန်သည်

နာတောင်မျာ

အစပ် မင်လှ

စည်သူ(၂)

ဝဋံ သိကာ

ရာဇ သူရ

ဂင်္ဂ သူရ

ပျံချီ

စည်သူ(၂)

စောအလွှမ်

စည်သူ(၂)

ဝေဠု ၀တီ

သတ္တိ ကာမိ

စည်သူ(၂)

အမည် မသိ

ကြံသိုဝ်ကြီ

သိင်္ဃ ပိစည်

ဖျက္ကသူ မယား

သမန္တသူ မယား

ဆိုပြီး တွေ့ရ ပါတယ်။ အမည် မသိတဲ့ မိဖုရား နဲ့ ကြမှ သားသမီး တွေ အများဆုံး ပွားစီး နေတော့တယ်။ ဒီနေရာ မှာ ၀ဋံ သိကာ ဆိုတာ ထိလိုင်မင် ရဲ့  တြိလောက ၀ဋံ သကာ ဒေ၀ီ ခေါ် ပယ်မယား၊ ရာဇ ကုမာရ် ရဲ့ အမေ ကိုဆိုလိုခြင်း မဟုတ် ပါ။ ၀ဋံ သိကာ ဆိုတဲ့ ပါဠိ ဟာ အနက်ပြန်ရင် ခေါင်းပေါ်မှာ ပန်းတစ်ပွင့် အမြဲ ပန်ဆင် ထားတဲ့ မင်းချစ်မြတ် နိုးသူ ဦးဆောက်ပန်း မိဖုရား ဆိုတဲ့ အတွက် လူနာမည် မဟုတ်ပဲ အစဉ် အဆက် ခေါ်ခဲ့ ကြတဲ့ ဘွဲ့နာမည် မျိုးသာ ဖြစ်ပါတယ်။

ကုလား မင်းသမီး ကိုအရေးပေး တယ်၊ သူ့ဆွေမျိုး သားချင်း သီရိ လင်္ကာ သားတွေ ကိုမှုးမတ် ခန့်တယ်။ သို့သော် အရိုက် အရာ မပေးပဲ မင်းသွေး (Royal blood) ပါတဲ့ အနိ ရုဒ္ဓ အဆက် အနွယ် ကိုသာ နန်းရ အောင် စီမံ နိုင်မှု ကတော့ ချီးကြူး လောက်ပါတယ်။ ၀ဋံ သိကာ နဲ့ ရတဲ့ ရာဇ သူရ နဲ့ ဂင်္ဂါ သူရ ဆိုတဲ့ သားတော်ကြီး နှစ်ပါးက ဖခင် အပေါ် မှာရော နောင်တက် လာတဲ့ မင်းတွေ အပေါ်မှာပါ သစ္စာ စောင့်သိ ရိုသေ ကြပေမဲ့ သားတော်ငယ် ပျံချီ ရော သူ့မျိုးဆက် တွေက ပါ နာတောင်မျာ လက်ထက် မှာ ပုန်ကန် ထကြွ ကြပါတယ်။ ၀ဋံ သိကာ ရဲ့ မောင်တော် တွေဖြစ်တဲ့ သုလာ ဖိရစ် နဲ့ အနန္တ သူလ ဖိရစ် (နာမည် တွေကြည့်တာနဲ့ မြန်မာ မဟုတ်မှန်း သိသာသူ) တို့ဟာ ပုဂံနန်း မှာ အမတ်တွေဖြစ်ပြီး သုလာ ဖိရစ် ဆိုရင် နရ သိင်္ဃ ဥစ္စနာ ရဲ့ တန်ခိုးထွား မိဖုရားကြီး နာမည်ကျော် မိဖုရား စ၀် ရဲ့  ခမည်းတော်ကြီး၊ ဘုရင့် ယောက္ခမကြီး ဖြစ်တဲ့ အထိ ကောင်းစား ခန်းနား ကြီးကျယ် ခဲ့ကြ ပါတယ်။ သီရိ လင်္ကာ ရဲ့ တန်ခိုး သြဇာ ပုဂံ မှာ ကြီးမား လာတာကို ညောင်ဦး ဆပဒ စေတီလို သီဟိုဠ် ပုံစံ ဟရ်မိကာ ကြီးကြီး နဲ့ စေတီတွေ ပြန်လည်ဆန်းသစ်လာပုံ၊ တင်းကျပ်တဲ့ ထေရ ၀ိဟာရ စည်းကမ်း တွေနဲ့ ပုဂံ ရဟန်းတွေ ကိုကျင့်ကြံစေပုံ ကျောက်စာ များ၊ ပါဠိ ဘာသာ နဲ့ ထေရ ၀ါဒ ကို ရှိရင်းစွဲ မွန်ဘာသာ၊ ဗိဿနိုး နဲ့ နတ် ကိုးတာ တွေထက် ပိုဦးစားပေးလာ ပုံများမှ တဆင့် ခန့်မှန်း သိရှိ ရတယ်။ အနိ ရုဒ္ဓ မင်းဆက် ပြန်စ တယ် ဆိုပေမဲ့ ထိလိုင်မင် ရဲ့  အဆက် အနွယ်တွေ ကို နှိပ်ကွပ် ခြင်း မရှိပဲ အလှူကြီး ပေးပြီး တင့်တောင့် တင့်တယ် ထားခဲ့ ပုံများ ကိုလည်း တွေ့ရ ပါသေးတယ်။

စည်သူ (၂) လက်ထက် မှာ အရေး အပါ ဆုံး အပြောင်း အလဲ ကတော့ မြန်မာ စာသက်သက် ကိုအသုံးပြုပြီး ကျောက်ထက် အက္ခရာ တင်ခဲ့ခြင်းပါပဲ။ မင်းနန်သူ တပ်ကလေး ဘုရား က စောမွန်သင် ကျောက်စာ ဟာ ရှေးမြန်မာ စကား ရဲ့  ဦးဆုံး စံပြ ကျောက်စာ လို့ အမည်ကင်ပွန်း တပ်ကြရ ပါတယ်။ မွန်လို အဖွဲ့ အနွဲ့ မပါ။ ရိုးရိုး တိုတို တုတ်တုတ် နဲ့ လိုရင်း ရေးခဲ့ ပုံကတော့ ဟန်မလုပ် ချင် တဲ့ ဗမာ့ စိတ်ဓါတ် အမှန်ပါပဲ။

နောက်ထပ် ထူးခြားချက် တစ်ခု ကတော့ သူ့လက်ထက် ကစလို့ မင်းဟာ မြေအားလုံး ကိုပိုင်ဆိုင် တယ်။ ဘိုးဘ ပိုင် ဓါးမ ဦးချ ဆိုတာတွေက မြေကို လုပ်ကိုင် စားသောက် ခွင့်သာ ရှိတော့တယ်။ သားစဉ် မြေးဆက် လုပ်စားခွင့် ပေးပေမဲ့ သာသနာ့မြေ အဖြစ် လှူရင် တော့ မင်းကို ခွင့်ပန် ပြီးမှ မင်းကိုယ်တိုင် အလှူ ကိုလာပြီး ရေစက် သွန်းချ လှူဒါန်း မယ် ဆိုတာ မျိုးကို ထင်ထင် ရှားရှား လုပ်လာ တယ်။ သူကြီး ဘုရား ရွာသား ကောင်းမှု၊ အလှူ့ လက်ဖက် နဲ့ မျက်နှာ လုပ်ချင် တာထက် ပိုတဲ့ အကြောင်း တွေရှိပါတယ်။ ထိလိုင်မင် လက်ထက် ကစလို့ မဲမဲ မြင်ရာ လက်ညှိုးထိုး လှူခဲ့တဲ့ သာသနာ့မြေ ကိစ္စဟာ နောက်ပိုင်း ပုဂံမင်း တွေအတွက် လည်ချောင်းထဲမှာ နင်နေတဲ့ အရိုး သဖွယ် မထွေးနိုင် မအန်နိုင် ဖြစ်လာတာ ကြောင့် ဒီကိစ္စ ကိုစီမံ ရဟန် တူပါတယ်။

ရိုးရိုး ရှင်းရှင်း လိုချင် တာကို လိုချင် တဲ့ အတိုင်း မကွယ် မ၀ှက် ပြောခဲ့တဲ့ မလှိုင်၊ ရေငွေ့ရွာ၊ အိုက္လောသင် ကျောက်စာ မှာ စည်သူ (၂) လက်ထက် မြန်မာ စကားကို သဘောကျဖွယ်တွေ့ရတယ်။ လှူဖွယ် ပစ္စည်း နည်းနည်းလှူပြီး ဆုကျတော့ အကြီးဆုံး မှလိုချင် တဲ့လူ့လောဘ ကို တိုတို ပြတ်ပြတ် ကျောက်စာ ထွင်းလိုက်ပုံက နည်စွာ ရင် အတိုင် မသိ လိုဝ် သတေ တဲ့လေ။

References

Epigraphia Barmanica Vol. I, II and III

Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine, pp: 133-35.

သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။

That’s Our Bamar (23)
သမိုင်း ထဲက မြန်မာ ပြည်သား (၂၃)

ကျောက်စာ ထဲက ပုဂံ (၅)

ဣမ်တ၀်သျှင် (၁၁၆၃- ၁၁၆၅ အေဒီ)

ဣမ်တ၀်သျှင် ဆိုတာ အီဂျစ်မှာ ဘုရင် ကို အိမ်ကြီးရှင် လို့ အဓိပ္ပါယ် ရတဲ့ ဖာရိုး (Pharaoh) လို့ခေါ်သလို၊ ပထမ အင်းဝ ခေတ်နှောင်းက ဘုရင် ကိုရွှေနန်းကျော့ရှင် လို့ခေါ်ခဲ့သလိုမျိုး အိမ်တော် သခင် ရွှေနန်းရှင် ဆိုတဲ့ အဓိပ္ပါယ် နဲ့ခေါ်ဆို တာပါ။ ရာဇ၀င်ကျမ်း များ အလိုအရ နရသူရ ခေါ် နရသူ ခေါ် ကုလားကျ မင်းဖြစ်ပါတယ်။

အိမ်တော် သခင် ရွှေနန်းရှင် ဆိုတော့ သူ့လက်ထက် မှာ နန်းတော်သစ် များဆောက်လေ သလား လို့ သံသယ ဖြစ်ဖွယ် ရှိတဲ့ ဒီမင်းဟာ ပုဂံခေတ် ပထမပိုင်း ခေါ် မွန်ယဉ်ကျေးမှု ကြီးစိုး လွှမ်းမိုးတဲ့ ခေတ် နဲ့ ဒုတိယ ပိုင်း လို့ဆို နိုင်တဲ့ မြန်မာ မှု သက်သက် အရေးပေးလာတဲ့ ခေတ် နှစ်ခုတဲ့ junction လို့ဆိုရမယ်။

၁၁၆၃ မှာနန်းတက် တယ်ဆိုတဲ့ အပေါ်မှာလည်း ၀ိဝါဒ ကွဲပြားကြတယ်။ ပါမောက္ခ Luce ရဲ့ အဆိုအရ ပထမ စည်သူ ဟာ ၁၁၆၀ မှာ နတ်ရွာစံ တာသေချာ တဲ့အတွက် ဣမ်တ၀်သျှင် နန်းတက် တာ ၁၁၆၀ ထက်ဘယ်နည်းနဲ့ မှ နောက်ကျ စရာ အကြောင်းမရှိဘူး လို့ဆိုပါတယ်။

ပုဂံ ဘုရား တွေထဲမှာ အကြီးတကာ့ အကြီးဆုံး၊ တည်ဆောက်ပုံ အင်မတန် သပ်ရပ် ကောင်းမွန်တဲ့ ဓမ္မရံကြီး ဂူဘုရား ရဲ့ ဒယကာ ဟာ ဣမ်တ၀်သျှင် ပဲလို့ သမိုင်း ဆရာတွေ တညီတညွှတ် တည်းသဘော မတူတောင် ငြင်းဝံ့တဲ့ သူတော့ မရှိ ကြပါ။ ဒီလောက် ကြီးကျယ်၊ မြင့်မား၊ ခန့်ထည် တဲ့ ဂူဘုရားကြီး ကိုနှစ်တိုတို နဲ့ အပြီးသတ် ဖို့ မဖြစ်နိုင် လို့ သူနန်းတက် တာ ၁၁၆၀ ကဖြစ်နိုင်ပါတယ်။

ဣမ်တ၀်သျှင် ဟာ နရသူ အဖြစ်နဲ့ ရာဇ၀င် ကျမ်းများ မှာ အသုံးတော်ခံ ရစဉ်က ခမည်းတော်၊ နောင်တော် တွေကို လုပ်ကြံ ပြီး ထီးနန်း လုယူတဲ့ အင်မတန် ရက်စက်သော၊ ဖိစီး နှိပ်စက်သော လူဆိုး ဇာတ်ရုပ် နဲ့ ပါဝင်ခဲ့ ရရှာတယ်။ နာမည်ကိုက ကုလားကျမင်း လို့ဆိုထားတဲ့ အတွက် ဒီမင်းကို ဘယ်ကုလား သတ်သလဲ ဆိုတာ မေးစရာ ဖြစ်ရ ပြန်တယ်။ မှန်နန်း ရာဇ၀င် (အပိုဒ် ၁၄၂) မှာ ဣမ်တ၀်သျှင် ဟာ ပဋိက္ကရား မှကုလားများ ရဲ့ လုပ်ကြံခြင်း ခံရတယ် လို့ဆိုတယ်။ သီဟိုဠ် ရာဇ၀င် ဖြစ်တဲ့ စူဠာ ၀ံသကျမ်း မှာတော့ သီဟိုဠ် မင်း ပထမ ပရာကြမ ဗာဟု (၁၁၆၄- ၁၁၉၇) ဟာ အာဒိစ္စ အမတ် ကို စစ်ဦးစီးချုပ် ခန့်ပြီး ပုဂံ ကိုစစ်ချီ စေရာ နိုင်ငံကို အလိုတော်ပြည့်၍ မင်းကိုလည်း သတ်ရ၏ လို့ ဆိုထားတော့ မပြေးသော်လည်း ကန်ရာရှိ သူ့လက်ထက်မို့ သူ့ သတ်တာနေမှာပေါ့ လို့ ယူဆ ကြပြန်တယ်။ သီဟိုဠ် ကုလားက သတ်သတ်၊ ပဋိက္ကရား ကုလား ကသတ်သတ် နိုင်ငံခြားသား သတ်လို့ သေရတယ် ဆိုတာတော့ သေချာလောက်တယ်။ တိုင်းပြည်ပျက်နေချိန် မို့ သူ့ အကြောင်း ဘာမှထွေထွေ ထူးထူး ပြောစရာ မရှိပေမဲ့ သူနဲ့ သူ့အောက်က စည်သူ (၂) ကြားမှာ ဖြစ်ခဲ့တဲ့ ကိစ္စ တွေအပေါ် ၀ိဝါဒ ကွဲပြား ကြတာကိုတော့ ပြောစရာ ရှိတယ်။

ရှေး ရာဇ၀င် ကျမ်း အဆက်ဆက် မှာ နရသူ နဲ့ နရ ပတိ စည်သူ (စည်သူ ၂) ကြားမှာ ၁၁၇၁ ကနေ ၁၁၇၄ အထိ မင်းပြု စိုးစံတဲ့ မင်းယဉ် နရ သိင်္ခ ဆိုတာ ကိုထည့်သွင်း ထားတယ်။ တကယ်တမ်းကျတော့ ဣမ်တ၀်သျှင် နဲ့ ဒုတိယ စည်သူ ကြား မှာဘယ်မင်း မှမရှိပါ။ တိုင်းပြည်ပျက် နေတဲ့ ကာလ ဆိုပြီး မင်းမဲ့ ကာလ ကိုးနှစ် လို့သာ ပညာရှင်များက ယူကြ တယ်။ သို့သော် နှောင်းခေတ် တွေ့ရှိ လာတဲ့ အသိသစ် များအရ မင်းမဲ့ ကာလ ရှိခဲ့ ပေမဲ့ ကိုးနှစ် မဟုတ်ပဲ လေးနှစ်ထက် မပိုဘူး လို့ ဆိုကြ ပြန်ပါတယ်။ ဣမ်တ၀်သျှင် ကို သီဟိုဠ် မင်း ပထမ ပရာကြမ ဗာဟု ကသတ်တယ် လို့ ရေးထားတဲ့ သီရိ လင်္ကာ ရဲ့  စူဠာ ၀ံသကျမ်း အရ အနှစ် နှစ်ဆယ်ကျော် ရဲမက် အင်အားစု ထားတဲ့ စစ်အင်အားကြီး သီဟိုဠ် မင်းဟာ အဲဒီ အခါ ကသူရဲ တစ်ထောင် လောက်သာ ရှိတဲ့ ပုဂံ စစ်အင်အား ကို လျှပ်တစ်ပြက် တိုက်ခိုက် ပြီးမင်းနေပြည်တော် ပုဂံ ကို ယာယီ သိမ်းနိုင်ခဲ့ ပေမဲ့ ပြင်းထန် လှတဲ့ အပူရှိန် နဲ့ တွန်းလှန် ထကြွ ကြမဲ့ တိုင်းရင်းသား တို့ အရေးကြောင့် စည်သူ (၂) ကို မင်းအဖြစ် အသိအမှတ်ပြု ပြီး မဟာမိတ်ပြုကာ ပြန်လည် ဆုတ်ခွာ ကြတယ် လို့ ဆိုပါတယ်။ နန်းတက် စမှာ အခြေ အနေ ကရှုပ်ထွေးပြီး မင်းသစ် ကလည်း အာဏာ မဲ့သလို ဖြစ်နေလေတော့ ၁၁၆၅ ကနေ ၁၁၇၄ အထိ ကိုးနှစ် တာကို မင်းမဲ့ ကာလ လို့ ပြောခဲ့ မိတာ ဖြစ်သတဲ့။ တကယ်တော့ စည်သူ (၂) နန်းရ တာ ၁၁၆၈ ကလို့ အသေ အချာ ပြောနိုင်ပါ သတဲ့။

ဆိုတော့ မြန်မာ ရာဇ၀င် ကျမ်းတွေ ထဲက မင်းယဉ် နရသိင်္ခ ဆိုတာ ဘာလဲ၊ ဘယ်လဲ လို့မေး စရာ ရှိလာ ပါတော့ တယ်။ တိုင်းပြည် ပျက်မလောက် ဒုက္ခ ရောက်ချိန်မှာ မင်းမဲ့ ကာလ လို့ မရေးချင်လို့လား။ အမှတ်မှားကြ လို့လား။ ဘာလား၊ ညာလား သေချာ မသိရပဲ မရှိတဲ့ မင်းယဉ် နရ သိင်္ခ ကိုဇွတ်ထည့် လိုက်တယ်။ ပုဂံမင်းဆက်မှာ နရ သိင်္ဃ ဥစ္စနာ နဲ့ မင်ယန် ဆိုတဲ့ မင်းနှစ်ပါး ရှိတယ်။ သူတို့ နှစ်ယောက် ကိုစုပေါင်း ပြီး မင်းယဉ် နရ သိင်္ခ လုပ်လိုက်တော့ တကယ်ရှိတဲ့ နာတောင်မျာ နဲ့ က္လစွာ ကြားက နရ သိင်္ဃ ဥစ္စနာ ဆိုတဲ့ မင်းက ဆိုင်ရာ နေရာ မှာ မပါတော့ပဲ သူတကယ် နန်းရတဲ့ ၁၂၃၁ ထက်ကို အနှစ် ခြောက်ဆယ် စောပြီး တော့လည်းကောင်း၊ စည်သူ (၃) ဥစ္စနာ နဲ့ စည်သူ (၄) တရုတ်ပ္လိယ် ကြား ၁၂၅၆ မှာ မင်း အဖြစ် တစ်နှစ်တောင် မပြည့်ရှာတဲ့ မင်ယန် ကလည်း တကယ် မင်းဖြစ်တာထက် (၈၅) နှစ်စောပြီး မင်းဖြစ်ရ ရှာတော့တာပေါ့။ လုပ်လိုက် ပုံများ။

References

Epigraphia Barmanica Vol. I, II and III

Geiger W (1953). Culavamsa I & II. Colombo Government Publication, Chapter 76 & 78.

Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine, pp: 131-32.

သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။

That’s Our Bamar (22)
သမိုင်း ထဲက မြန်မာ ပြည်သား (၂၂)

ကျောက်စာ ထဲက ပုဂံ (၄)

စည်သူ (၁) (၁၁၁၃- ၁၁၆၃ အေဒီ)

လိမ္မာ လှတဲ့ သားတော် ရာဇကုမာရ် ကိုထီးနန်း မပေးပဲ မြေးတော် ပထမ စည်သူ သို့မဟုတ် လူသိများတဲ့ အလောင်း စည်သူ ကိုဘဇာကြောင့် ထိလိုင်မင် ကထီးမွေ နန်းမွေ အဖြစ်ရွေးခဲ့ သလဲ ဆိုတဲ့ ပုစ္ဆာကြီး တစ်ပုဒ် ပြီးခဲ့ တဲ့ အပိုင်းတုန်း က ပေးခဲ့မိတယ်။ မှန်နန်း ရာဇ၀င် အပိုဒ် ၁၃၈ နဲ့ ၁၃၉ မှာ ဖော်ပြထားတဲ့ အများသိတဲ့ အကြောင်း ကတော့ ထိလိုင်မင် နန်းတက်ပြီး ၂ နှစ်အကြာ မှာ သားအရင်း ရာဇကုမာရ် ပေါ်ပေါက်လာ ပေမဲ့ မြေးတော် စည်သူ ကိုထီးမွေ ပေးပြီးဖြစ် နေပြီ။ ရာဇကုမာရ် ကဒါကို ကျေနပ် စွာလက်ခံ ပါတယ် လို့လွမ်းလောက်အောင် ရေးပါတယ်။ သို့သော်……..

နန်းတက်ပြီး ၂ နှစ် အကြာမှာ သားတော်ပေါ်လာရိုးမှန်ခဲ့ရင် အေဒီ ၁၀၈၆ ခုနှစ်က ဖြစ်ရမယ်။ ၁၁၄၅ အေဒီ မှာ ရေးထိုး တဲ့ ကျောက်စာ အရ မြေးတော် စည်သူ ကို ၁၀၈၉ ခုနှစ်မှ မွေးတယ်ဆိုတော့ မြေးကို ထီးမွေ ပေးပြီး ဖြစ် နေလို့ သားတော် မရခဲ့ရှာ ဆိုတဲ့ လွမ်းစရာ ဇာတ်လမ်းကို ပါယ်သင့်တယ်။ မတော် တဆ ဖြစ်တာ မဟုတ်ပဲ နိုင်ငံရေး အရ လိုအပ်လို့ အသေ အချာ တွက်ချက်ပြီး မှလုပ်ခဲ့တာ လို့ကောက်ချက် ချရမယ် ထင်တယ်။ ဒါနဲ့ ပထမ စည်သူ ဟာ ဘယ်သူ့ မျိုးရိုးလဲ ဆိုတာ ကိုလေ့လာ ကြပြန်တယ်။ ထိလိုင်မင် နဲ့ ရာဇကုမာရ် သားအဖ နှစ်ယောက်လုံး မင်းရိုး မဟုတ်ခဲ့ကြ ပေမဲ့ စည်သူ ကတော့ ရှေးမင်းရိုးက ပေါက်ဖွားတယ် လို့ အစဉ်အဆက် ဆိုခဲ့ကြတော့ ဘယ်သူ့မင်းရိုး ကပေါက်ဖွား သလဲ။ ဘယ်မင်းသား လဲ?

မှန်နန်း ရာဇ၀င် ရဲ့ အလိုအရ တော့ စည်သူ (၁) ရဲ့  အဖေဟာ အနိ ရုဒ္ဓ ရဲ့ မြေး စောယွန်း လို့ဆိုတယ်။ ခေတ်သစ် သမိုင်း ပညာရှင် တို့က တော့ သထုံ နန်းကျ မနူဟာ လို့ အများခေါ်နေကြတဲ့ မကုဋ မင်းရဲ့  မြေး နဂသ္မန်း ပဲ လို့ မွန်ကျောက်စာ အထောက်အထား တွေနဲ့ ပြောကြတယ်။ ငရမာန်ကန်း ပုန်ကန် စဉ်က ထိလိုင်မင် ဟာသမီးတော်နဲ့ မကုဋ ရဲ့ မြေးကို ပေးစားပြီး သူတို့မောင်နှံ ရဲ့ သားကို နန်းညွှန့် နန်းလျှာ ပြုစေခြင်း ဖြင့် မွန်ရော မြန်မာ ပါ မငြင်းနိုင် အောင် တွက်ချက် စီမံတော်မူတယ် ဆိုတဲ့ အဆိုရှိတယ်။

စည်သူ (၁) ကနာမည်တွေ အများသား၊ ဇေယျ သူရ၊ အလောင်းစည်သူ ဆိုတဲ့ ခန့်ညားတဲ့ အများသိ နာမည်တွေ တင် မက ကျောက်စာ ပါအမည်တွေ ကတော့ သက်တ၀်ရှည်၊ ရွှေဂူ ဒါယကာ၊ ဂြီတြိ ဘုဝနာ ဒိတျ ပ၀ရ ဓမ္မ ရာဇ (သူ့ အဖိုး ထိလိုင်မင် ရဲ့ ဘွဲ့တော် အတိုင်း) ဆိုတာတွေ တွေ့ရတယ်။ ရွှေဂူ ဒါယကာ လို့ အမည်တွင်စေတဲ့ ပုဂံ ရွှေဂူကြီး ဘုရား နံရံ မှာ သူ့အကြောင်း ပါဠိ သင်္သကရိုက် နှစ်ဘာသာ နဲ့ရေးထိုး ထားတဲ့ နှစ်မျက်နှာ ကျောက်စာ အရ ရွှေဂူကြီး ဘုရား ကို မေ ၁၇၊ ၁၁၃၁ တနင်္ဂနွေ နေ့မှာ စတင် တည်စေ၍ ဒီဇင်ဘာ ၁၇၊ ၁၁၃၁ ကြာသာပတေး နေ့မှာ အပြီးသတ်တယ်။ တိုင်းခန်းလှည့် လည်တော်မူတယ် လို့လူပြော များပေမဲ့ အထောက်အထား မရှိ၊ အသက် (၇၇) နှစ် အထိ နေရပြီး ၁၁၆၅ မှာ ပျံလွန် တော်မူ တယ်လို့ ယူဆကြတယ်။

အနည်းဆုံး အနှစ်ငါးဆယ် လောက် ရှည်လျားတဲ့ သူ့လက်ထက် မှာ သူ့ဘိုးအေ ထိလိုင်မင် လို ပြောစမှတ် ပြုလောက် အောင် စွမ်းဆောင် နိုင်တာ မျိုး ဘာတစ်ခု မှ မတွေ့ရပါ။ မြန်မာ ဘာသာ နဲ့ကျောက်စာ တစ်ချပ် မှ မထိုးခဲ့ ပါ။ ထိလိုင်မင် ရဲ့  ရွှေစည်းခုံ ကျောက်စာ အောက်ခြေ ကဆက်ပြီး မွန်ဘာသာ နဲ့ စာကြောင်း လေးကြောင်း လောက် ထိုးတယ်။ အထက် ကဖော်ပြခဲ့တဲ့ ရွှေဂူကြီး ကျောက်စာ ရှိတယ်။ ဒါပဲ။

ဒါပေမဲ့ စည်သူ (၁) ဟာ နှောင်းခေတ် ပညာရှင်တွေ အတွက် ပုစ္ဘာ တွေ ချန်ထားခဲ့တယ်။ အထူး သဖြင့် သူ့မျိုးနွယ်နဲ့ ပါတ်သက်လို့ပေါ့။ စည်သူ (၁) ဟာ စောလူး သား စောယွန်း နဲ့ ထိလိုင်မင် သမီး ရွှေအိမ်စည် တို့က ပေါက်ဖွား လာတဲ့ ဗမာ အစစ်လား၊ မကုဋ မြေး နဂသ္မန်း နဲ့ ရွှေအိမ်စည် တို့ရဲ့ သား မွန်-ဗမာ ကပြားလား ဆိုတဲ့ ပြဿနာ ဟာ သမိုင်း သောတုဇန တွေအကြား တုတ်ထမ်း ပြီး အငြင်းပွား စရာ ဖြစ်ခဲ့ရတယ်။ တကယ်တော့လည်း သူဟာ ဘယ် ဖအေနဲ့ ရရ၊ ပဒေသရာဇ် ဟာ ပဒေသရာဇ် ပဲမို့ အချိန်ကုန်ခံပြီး ဆက်စဉ်းစား နေစရာ မလိုလောက်ပါဘူး။

References

Epigraphia Barmanica Vol. I, II and III

Than Tun Dr: “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine, 1955-7, pp: 121-36.

Than Tun Dr: “The Burmese Administration, 1044-1287” Chapter 3, The History of Buddhism in Burma

သန်းထွန်း၊ ဒေါက်တာ၊ “မနုဟာ ကျောက်စာ” ယဉ်ကျေးမှု စာစောင် အတွဲ (၃)၊ အမှတ် (၁၀)၊ စက်တင်ဘာ ၁၉၆၀၊ ၅၅-၈။

That’s Our Bamar (21)
ကျောက်စာ ထဲက ပုဂံ (၃)

ထိလိုင်မင် (၁၀၈၄-၁၁၁၃ အေဒီ)

အနိ ရုဒ္ဓ လွန်ပြီးတဲ့ အခါ ဂြီဝဇြာ ဘရဏ တြိဘုပတိ ခေါ် ကျက်သရေ ရှိသော မိုးကြိုး အရှင် သုံးလူ့ သခင် ဘွဲ့ခံသူ မင်းဖြစ် လာတယ်။ အနော် ရထာ ရဲ့ သား၊ စောလူးမင်း လို့ လူသိများတဲ့၊ ဒီမင်း ဟာ ကျက်သရေ ရှိမရှိ မသေချာ ပေမဲ့ လူ့လောက က စောစော စီးစီးထွက်သွား ရတာတော့ သေချာတယ်။ ငရမာန်ကန်း ဦးဆောင်တဲ့ မွန်သူပုန် ထလို့ ပြည်ရွာ ချောက်ချားပြီး မင်းပါ အသက် ဆုံးရှုံး ရတယ် ဆိုတာ ဟုတ်ဟန် တူတယ်။ ဒါကလွဲ လို့ သူ့အကြောင်း ဘာမှ မသိလို့ ဆက်ပြောဖို့ မဖြစ်နိုင်ပါ။

သူ့နောက် မှာ နန်းတက်တဲ့ ထိလိုင်မင် ကတော့ ကျန်စစ်သား ဆိုတဲ့ နာမည် နဲ့ မြန်မာ ရာဇ၀င် မှာ လျှမ်းလျှမ်းတောက် ခဲ့တယ်။ နာမည်ကြီး တဲ့ နေရာ မှာ ရှေ့ လူ အနိရုဒ္ဓ ထက်တောင် နည်းနည်း ပိုချင်သေးတယ်။ သူ့ရဲ့  ဇာတ်လမ်း လေးတွေ ကလည်း ဂျိမ်းစ်ဘွန်း ကားလို အနု အရွ၊ အလှ အပ၊ အပစ် အခတ်၊ အညှစ် အသတ် ကလေး တွေနဲ့ ကြွရွ နေတော့ အင်မတန် နားထောင်ချင် စရာ ကောင်းတယ်။ အလွန် ဘုန်းကြီး သောမင်းပေ ကပဲ။ သူ့ အကြောင်း ဘာများသိရ မလဲ။ ကြည့်ကြ ရအောင်လား။

ထိလိုင်မင် ကို အနိ ရုဒ္ဓ ရဲ့  သားအရင်း လိုလို၊ ဒူးမနာ သားလိုလို ရှေး ရာဇ၀င် ကျမ်း များက ရေးခဲ့ကြတယ်။ မှန်နန်း ရာဇ၀င် ပထမတွဲ။ အပုဒ် ၁၃၀ မှာ “ကျန်စစ်သား သည် အနော် ရထာ နှင့်ယှဉ်သော ပဋိ သန္ဓေ မှ မွေးသူ” လို့ဆိုခဲ့ ပြီး ဒီကျမ်း၊ ဒီအတွဲ မှာပဲ အပုဒ် ၁၃၉ ရောက်တော့ ကျန်စစ်သား က မိမိ သမီးကို အနော် ရထာ ရဲ့ မြေး နဲ့ လက်ဆက် စေလိုတဲ့ အတွက် “ငါ့ အရှင် မြေးတော် ဖြစ်သော စောယွမ်းနှင့် ထိမ်းမြားပေးအံ့” လို့ဆိုပြန်တယ်။ ငါ့ခမည်းတော် လို့မဆို။ ဆိုခဲ့ ရင်လည်း အဒေါ်နဲ့တူ ကိုပေးစား သလိုဖြစ်နေ မှာကိုး။

အေဒီ ၁၅၁၆ မှာ လှော်ကား သုံးထောင်မှူး စပ်ဆိုတဲ့ မင်း တရား ရွှေထီး ဧချင်း အပုဒ် ၅ မှာ-

“နော် ရထာ ၏ ဆက်ကာ မြေးသား၊ တလပ် ခြားရှင့်၊ တိုင်းကား နိုင်ငံ၊ ပြည် ပုဂံ ကို၊ တတန် ကိုးယောက်၊ လွန်ပြီး မြောက်မှ” လို့ စပ်ဆိုခဲ့ လို့ အနိ ရုဒ္ဓ မင်းဆက် ဟာ ၀ဇြာ ဘရဏ သေပြီးတစ်ဆက် ပြတ်ခဲ့တယ် လို့ဆိုရမယ်။

အေဒီ ၁၇၂၅ မှာ ဦးဖျော် စပ်ဆိုတဲ့ ပလိပ်စား ဧချင်း အပုဒ် ၃၀ မှာ-

“စောလူး စံမြောက်၊ နှစ်ဆယ့် ခြောက်တွင်၊ ချောက်ချောက် ချားချား၊ မင်းကြား မချပ်၊ နှစ်နှစ် လပ်သော်” လို့ တွေ့ ရတဲ့ အတွက် ၀ဇြာ ဘရဏ သေပြီး မင်းမဲ့ ကာလ နှစ်နှစ် ကြာခဲ့တယ်။ မွန်သူပုန် အန္တရာယ် ကြောင့် ကလန်၊ သံပျင် ထဲက အတော် ဆုံး၊ အစွမ်းဆုံး ပုဂ္ဂိုလ် ထိလိုင်မင် ကို အားလုံးက ကျေကျေ နပ်နပ် မင်းမြှောက်လိုက် ကြတယ်။ ၁၀၈၄ မှာ မင်းဖြစ်ပေမဲ့ မွန်သူပုန် ရန်ကို အပြီး နှိမ်ပြီး တိုင်းပြည် အေးချမ်း သာယာတဲ့ ၁၀၈၆ မှ ဘိသိက် ခံပြီး မင်းအဖြစ် ရယူ တယ် လို့ ပညာရှင် များက ကောက်ချက် ဆွဲကြပါတယ်။

ဒါကြောင့် ထိလိုင်မင် ကို အနိ ရုဒ္ဓ ရဲ့ သား ဆိုတဲ့ အဆိုကို ပယ်ပြီး ငတပါးမင်း လို့ယူရ ပါမယ်။ အများ သူငါ ထဲမှာ အစွမ်း အစ အရှိဆုံး ကျန်နေ ရစ်တဲ့ စစ်သား ကြီး မို့ ကျန်စစ်သား လို့ခေါ်တယ် ဆိုတဲ့ စကား ဟာလည်း ရီစရာ တောင်ကောင်း လောက်အောင် လွဲပါတယ်။ ကလန် စစ်သာ လို့ ကျောက်စာ မှာ တွေ့ ရတာ တော့ရှိတယ်။ ကလန် ဆိုတာ အုပ်ချုပ်ရေး အရာ ရှိ ရာထူး၊ စစ်သာ ဆိုတာ အများသုံး ခုခေတ် စစ်သား မဟုတ်။ စစ်သား လို့ အဲဒီ ခေတ်က မခေါ်၊ စစ် သူရဲ လို့သာ ခေါ်ပါတယ်။ စစ်သာ က ရိုးရာ အလိုက် မြို့ နယ် ကျေးရွာ ကိုအုပ်ချုပ် ရသူ လို့ အဓိပ္ပါယ် ရတယ်။ ၀မ်းတွင်း မြို့ နယ်၊ ထီးလှိုင် မြို့ သူကြီး၊ ရွာသူကြီး လို့ပြောတာပါ။ ဒါကို စစ်သား လုပ်ပြီး ကျန်စစ်သား အစွမ်းပြလိုက် တဲ့စစ်ပွဲ တွေကို ရာဇ၀င် မှာ မနည်း ပါဘူး။ အနိ ရုဒ္ဓ ကစစ်တိုက် ရင်းမြေပုံ ဘုရား ဖြန့်ဝေ သလို သူကလည်း စစ်တိုက် ရင်း မျိုးဆက် ဖြန့်ဝေ တယ်ပြော ရလောက်အောင် တွေ့ ရာနေရာ တစ်ရွာ တစ်ကျီဆောက်လိုက်တာ အားကျ စရာကြီးနော်။

ဘိသိက် ခံတော့ ဂြီတြိ ဘုဝနာ ဒိတျ ဓမ္မ ရာဌာ ပရ မိသွ ရ ဗလ စက္က၀ရ် ဆိုပြီး ခေါ်ရင်း နဲ့ လေဖြတ် သွားနိုင်လောက် တဲ့ ဘွဲ့ရှည်ကြီး ကိုခံယူ တော်မူတယ်။ အလွန် အင်မတန် ကျက်သရေ ရှိတော် မူထ သော သုံးလောက ၏ နေမင်း၊ တရားမင်း ဟု အခေါ်ခံ ထိုက်သည့် အဆူဆူ သောမင်း တို့၏ အရှင် ဘ၀ရှင် စကြ၀တေး မင်းကြီး လို့ အနက်ပြန် ရမယ်။ ထိလိုင်မင် အကြောင်း ကိုတော့ ကျောက်စာ တွေက တဆင့် အတော်လေး သိနိုင် ပါတယ်။ သို့သော် ထိုးသမျှ ကျောက်စာ အားလုံး ကမွန် ဘာသာ နဲ့ဖြစ် နေတဲ့ အတွက် မွန်-မြန်မာ ချစ်ကြည်ရေး ကိုရှေးရှု တဲ့ အနေနဲ့ ထိုးခဲ့ တာလား။ မွန်ယဉ်ကျေးမှု ကို သဘောကျ လို့လား။ သူကိုယ်တိုင် ကရော မွန်သွေး နှော သလား၊ စဉ်းစား စရာ တွေ ချန်ထား ရစ်သလို ပါပဲ။

ရွှေစည်းခုံ ကျောက်စာ စစချင်း- ငါသည် ဂြီက္မေတြ (ပျူမြို့ တော်) ကိုတည်သော ဗိဿနိုး နတ်မင်းကြီး ၀င်စား သူဖြစ် တော့သည် လို့ တွယ်လိုက်ပါတယ်။ ဖခင် က အာဒ္ဒိစ နေမျိုး၊ မိခင် က ဥသျှစ်သီးမျိုး လို့ရေး ပါတယ်။ အနိ ရုဒ္ဓ ရဲ့ သားလို့ ဒီကျောက်စာ မှာလည်း မတွေ့၊ ဘယ်ခေတ်ပြိုင် ကျောက်စာ မှာမှ မတွေ့ရပါ။ ဒီလို ကြွားတာ တွေက ရာဇ၀င် တန်ဖိုး မရှိ ပေမဲ့ ဆက်ရေးတဲ့ အချက် အလက် တွေက တော့တန်ဖိုး ရှိပါတယ်။ သူ့ လက်ထက် သူပုန်၊ သူကန် ဆူပူပုံ၊ နှိမ်နင်း ရပုံ၊ ပြန်လည် ထူထောင်ရေး လုပ်ရ ပုံတွေပါလို့ မွန်သူပုန် ထဖူးတယ် ဆိုတဲ့ အချက် ကိုအတည်ယူ နိုင်ပါတယ်။ ဘုရင် ဖြစ်တဲ့ အခါ အများပြည်သူ သာယာဝပြော အောင် အုပ်ချုပ်ပါမည် လို့ ကျောက်စာ မှာ ကတိပြုပါတယ်။

ထိလိုင်မင် ဟာ အပြောနဲ့ အလုပ်ညီ တဲ့ မင်းကောင်း မင်းမြတ် ဆိုတာ ကို အခြားကျောက်စာ တွေ ကသက်သေ ပြပါတယ်။ စိုက်ပျိုးဖို့ ကန်ဆည်၊ မြောင်းတူး၊ ဆည်ဆောက် အလုပ်တွေ ကို ဘုရင့် အမိန့် နဲ့ လုပ်စေတယ်။ မွန်ဒေသ မှာ ပျက်စီးနေတဲ့ ရှေးဘုရား တစ်ဆူကို ၁၀၉၈ ခု ဧပြီ ၁၆ ရက်နေ့ မှာ ပြုပြင် တယ်။ ဘုန်းကြီးကျောင်းများစွာ တည်တယ်။ လယ်ယာ မြေများစွာ ကိုသာသနိက မြေ အဖြစ်လှူတယ် (ဘုန်းကြီးကျောင်း ကိုလယ်လှူ တဲ့ကိစ္စ ဟာ နောက်မင်း တွေ လက်ထက် မှာ ပြဿနာကြီး ဖြစ်လာခဲ့တယ်) ပိဋကတ်သုံးပုံ တစ်စုံ ကူးစေတယ်။ သဘင် အတတ်ကို တိုးတက်စေတယ်။ သစ်ပင် ပန်းမာန် များစိုက်ပျိုး စေတယ်။ ပြည်သူ များစာရိတ္တ ကောင်းဖို့ သွန်သင် ဆုံးမတယ်။ ၁၁၀၁ ဒီဇင်ဘာ မှာ တည်ပြီး ၁၁၀၂ ဧပြီ မှာပြီးတဲ့ နန်းတော်သစ် ကိုဆောက်တယ်။ ဒါပေမဲ့ ဘယ်ကျောက်စာ မှာမှ ရှေးရာဇ၀င် များမှာ ထပ်ကာ တလဲလဲ ပါတဲ့ အနိ ရုဒ္ဓ လက်အောက်မှာ အမှုထမ်းပြီး နာမည်ကြီး ခဲ့ပုံများ နဲ့ မင်းပျို မင်းလွင် ဘ၀ က အချစ် ဇာတ်လမ်း များကို မတွေ့ ရပါ။

ထိလိုင်မင် ရဲ့  ဇာတ်သိမ်း ကို ရာဇကုမာရ် ကျောက်စာ မှာတွေ့ ရတယ်။ ၁၁၁၂ အေဒီ မှာ နန်းသက် ၂၈ နှစ်စိုးစံပြီး မင်းကြီး သိယ်ခမူနာ နေစဉ် တိလောက ၀ဋံ သကာ ဒေ၀ီ နဲ့ ရတဲ့ သားတော် ရာဇကုမာရ် ကချည်းကပ် ၍အဖ ကိုယ်စား ပြုခဲ့တဲ့ ကောင်းမှု ကုသိုလ် များကို လျှောက်ထား တဲ့အတွက် မင်းကြီးက ကောင်လှောင်တေဟ်၊ ကောင်လှောင်တေဟ် လို့ ရေရွတ် သာဓု အနု မောဒနာ ခေါ်ခဲ့တယ်။ ဒါပေမဲ့ ဒီလောက် လိမ်မာ လှတဲ့ သားတော် ကိုထီးနန်း မပေးပဲ မြေးတော် စည်သူ ၁ ခေါ် အလောင်း စည်သူ ကို ထီးနန်း ပေးတယ်။ ဒီအကြောင်း ၀ိဝါဒ တွေကွဲပြား လွန်းလှလို့ စည်သူ ၁ အခန်း ရောက်မှ ဖော်ပြ ပါရစေတော့။

ထိလိုင်မင် လက်ထက် မှာ ထင်ရှားတဲ့ အချက် တွေက တော့ ဗိဿနိုး ပူဇော်ပွဲ များကို အလွန် အရေးပေး ကျင်းပခြင်း နဲ့ အထက်တန်း ရာထူး များကို အချို့  မွန်များ ကို ပေးအပ်ခြင်း တွေကို တွေ့ရတယ်။ ဘာပဲ ပြောပြော ဒီလောက် သိရ တာနဲ့ ကိုထိလိုင်မင် ဟာ အစွမ်း အစ ရှိတဲ့ မင်းကောင်း မင်းမြတ် တစ်ပါး၊ ပုဂံ ကိုထိပ်တန်း ပို့နိုင်ခဲ့ သူဆိုတာ ထင်ရှား လှပါပြီ။ ပုံပြင် တွေ မပါလည်း ရပါတယ်ဗျာ။

References

Epigraphia Barmanica Vol. I, II and III

Than Tun Dr: “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine, 1955-7, pp: 121-36.

Than Tun Dr: “The Burmese Administration, 1044-1287” Chapter 3, The History of Buddhism in Burma